Home ဆောင်းပါး အစိုးရ‌အောက်မှာ စစ်တပ်ရှိရမယ်

အစိုးရ‌အောက်မှာ စစ်တပ်ရှိရမယ်

1828

(‌မောင်‌ကျော်စွာ)

(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်)

၂၀၁၇ ခုနှစ်ကို ‌ရောက်လာခဲ့ပြီ။ ဒီချုပ်ပါတီ အစိုးရသက်တမ်းလည်း များမကြာမီမှာ ၁နှစ်ပြည့်ပါ‌တော့မယ်။
လူငယ်များနဲ့ ငြိမ်းချမ်း‌ရေးစကားဝိုင်း (Peace Talk)ဆိုတာနဲ့ ၂၀၁၇ခုနှစ်ကို စဖွင့်ခဲ့တယ်လို့ ‌ပြောရမှာပါပဲ။ လူငယ်‌တွေ နဲ့ စတယ်။ ငြိမ်းချမ်း‌ရေးနဲ့စတယ်။ ‌ဆွေး‌နွေး‌ပြောဆိုမှုနဲ့ စတယ်ဆို‌တော့ အစချီတဲ့အချက်‌တွေက ‌ကောင်းတဲ့အချက်‌တွေချည်း ပါပဲ။

တိုင်းပြည်ရဲ့အနာဂတ်က “လူငယ်‌တွေ”ပဲ မဟုတ်လား။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အ‌ခြေခံ အာမခံ ချက်က အ‌ပြောသက်သက် ငြိမ်းချမ်း‌ရေးမဟုတ်၊ စာရွက်‌ပေါ်က ငြိမ်းချမ်း‌ရေးမဟုတ်၊ ပါးစပ်ဖျားက ငြိမ်းချမ်း‌ရေး မဟုတ်ဘဲ တကယ့်အရှည်တည်တံ့ခိုင်မြဲမယ့် “ငြိမ်းချမ်း‌ရေး”အ‌ပေါ်မှာ မူတည်‌နေတာ မဟုတ်လား။

ဒါ့အပြင် လွတ်လပ်‌ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ပြီဖြစ်တဲ့ ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးပြဿနာ ‌တွေ (တနည်းအားဖြင့် ပြည်တွင်းစစ်ပြဿနာ)ဟာ တန်းတူရည်တူ “‌ဆွေး‌နွေးညှိနှိုင်းတဲ့နည်း”(စကားဝိုင်း)နဲ့ ‌ဖြေရှင်းအ‌ဖြေရှာကြ ရမှာ မဟုတ်လား။ ဒီလိုအချက်အလက်‌တွေ ဒီလို‌မျှော်လင့်မှု‌တွေနဲ့ လူငယ်များနဲ့ ငြိမ်းချမ်း‌ရေးစကားဝိုင်း (Peace Talk) ကြည့် လိုက်‌တော့ ၂၀၁၇ခုနှစ်ကို အစချီတဲ့အချက်၊ တာထွက်လာတဲ့အချက်‌တွေဟာ ‌ကောင်းတယ်လို့ ဆိုလိုက်ရတာပါ။

အ‌ကောင်းမြင်သူ၊ အ‌ကောင်းမြင်သမား သို့တည်းမဟုတ် အပြုသ‌ဘောအမြင်၊ အပြုသ‌ဘော‌ဆောင်တဲ့သူဆိုတာ ဖြစ်ရပ်‌တွေကို ကြည့်တဲ့အခါမှာ တစ်ဖက်သတ်၊ တစ်‌ကြောင်းတိုက် အ‌ကောင်းမြင်သူမျိုးမဟုတ်ပါ။ အခွင့်အလမ်းရှိမှုဘက်ကို သာသာထိုးထိုး ကြည့်မြင်ပြီး စိန်‌ခေါ်မှုဘက်ကို ‌လျှော့တွက်သူမျိုးမဟုတ်ပါ။

အ‌ကောင်းမြင်၊ အ‌ကောင်းမြင်သမား သို့တည်းမဟုတ် အပြုသ‌ဘောအမြင်၊ အပြုသ‌ဘော‌ဆောင်တဲ့သူဆိုတာ ဖြစ်ရပ်‌တွေကို စိန် ‌ခေါ်မှုနဲ့ အခွင့်အလမ်းအဖြစ် တွဲပြီး မြင်သူဖြစ်ပါတယ်။ အခွင့်အလမ်း‌တွေကို မိမိရရ ဆုပ်ကိုင်ထားတဲ့ အ‌ခြေခံ‌ပေါ်မှာ စိန်‌ခေါ်မှု ‌တွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်‌ဖြေရှင်းပြီး ‌ကျော်ဖြတ်သွားသူမျိုးသာဖြစ်ပါတယ်။

ဒီက‌နေ့ တိုင်းပြည်နဲ့ အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်‌နေတာ ငြိမ်းချမ်း‌ရေးဖြစ်ပါတယ်။ ငြိမ်းချမ်း‌ရေး ဟာ ‌ခေတ်မီဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အ‌ခြေခံလိုအပ်ချက်ပါ။ အ‌ခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ငြိမ်းချမ်း‌ရေး အ‌ခြေခံမရှိဘဲ။ ဘယ် လိုဖွံ့ဖြိုးတိုးတက်မှုမျှ မတည်‌ဆောက်နိုင်ဘူး။ မထူ‌ထောင်နိုင်ခဲ့ဘူးဆိုတာ နှစ်‌ပေါင်း ၇ဝနီးပါး ကြာခဲ့ပြီဖြစ်တဲ့ လွတ်လပ်‌ရေးသက် တမ်းကို ပြန်‌ပြောင်း‌လေ့လာကြည့်ရင် အထင်အရှား ‌တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်ကိုနဲ့ အခြားသူများကို လိမ်ညာလှည့် ဖြားလိုသူ မဟုတ်ဘူးဆိုရင် နှစ်‌ပေါင်း ၇ဝနီးပါး လွတ်လပ်‌ရေးသက်တမ်းအတွင်းမှာ တိုင်းပြည်နဲ့လူထုဘဝ အဖက်ဖက်က ဆင်းရဲ နိမ့်ကျသွားခဲ့ရတဲ့အချက်ကို ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုမှာပဲ ဖြစ်ပါတယ်။

“လူငယ်များနဲ့ ငြိမ်းချမ်း‌ရေးစကားဝိုင်း”က‌နေ ငြိမ်းချမ်း‌ရေးရရှိဖို့နဲ့ ပတ်သက်ပြီး ယ‌နေ့လူငယ်ထုရဲ့ ဦး‌နှောက်နဲ့နှလုံးသားကို ထင် ဟပ်‌နေတဲ့ အသံတစ်ခု၊ သ‌ဘောထားအမြင်တစ်ခုကို အခုလို ကြားရပါတယ်။
“ငြိမ်းချမ်း‌ရေးရဖို့အတွက်ဆိုရင်‌တော့ အန်တီတို့ အစိုးရတစ်ခုရဲ့အမိန့်‌အောက်မှာ‌လေ။ စစ်တပ်ရှိဖို့ လိုတယ်လို့ သမီးက‌တော့ ထင်တယ်”

ဒီစကားကို ‌ဆွေး‌နွေး‌ပြောကြားသူက “ရှမ်းပြည်နယ်ကိုယ်စားပြု – နန်း‌မွေဆိုင်း”ဆိုတဲ့ လူငယ်ပျိုဖြူတစ်ဦးဖြစ်ပါတယ်။ စကားဝိုင်း မှာ ပါဝင်‌ဆွေး‌နွေးသူ‌တွေဟာ အသက် ၂ဝနဲ့ ၃၄အကြား လူငယ်‌တွေဖြစ်ပါတယ်။ ဆိုလိုချင်တာ ဒီအသက်အရွယ်ဟာ ‌ရွေး ‌ကောက်ပွဲမှာ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကိုသုံးပြီး မဲ‌ပေးနိုင်တဲ့အရွယ်‌တွေ ဖြစ်ပါတယ်။
“နန်း‌မွေဆိုင်း” ‌ဆွေး‌နွေးတင်ပြတဲ့ အချက်ထဲက “အစိုးရ‌အောက်မှာ စစ်တပ်ရှိရမယ်”ဆိုတာ တကယ့်ကို ရိုးရိုးရှင်းရှင်း တင်ပြ ‌ဆွေး‌နွေးတဲ့အချက် ဖြစ်ပါတယ်။ “နိုင်ငံ‌ရေး စကား‌ပြောတယ်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးတယ်” ဆိုတာ လူ‌တွေ နားမလည်နိုင်တဲ့ စကားကြီး၊ စကားကျယ်‌တွေ‌ပြောပြီး ‌ဆွေး‌နွေးဖို့မှ မဟုတ်တာ။

“နန်း‌မွေဆိုင်း”‌ပြောတဲ့ “အစိုးရ‌အောက်မှာ စစ်တပ်ရှိရမယ်” ဆိုတာ ဒီက‌နေ့ ‌လျှောက်လှမ်းကြရမယ့် ရည်မှန်းချက်ပဲဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ကို မယိမ်းမယိုင်၊ မ‌ဝေမဝါးဘဲ ဦးတည်‌လျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။
ငြိမ်းချမ်း‌ရေးအတွက်၊ ဒီမိုက‌ရေစီအ‌ရေးအတွက်၊ ဖက်ဒရယ်ပြည်‌ထောင်စုအ‌ရေးအတွက်ဆိုရင် စစ်တပ်ဟာ အစိုးရ‌အောက်မှာ ရှိ ကိုရှိမှဖြစ်မယ်။

အစိုးရ‌အောက်မှာ စစ်တပ်မရှိဘဲ ငြိမ်းချမ်း‌ရေး၊ ဒီမိုက‌ရေစီ‌ရေးနဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး‌တွေဟာ အာမခံ ချက် လုံးဝ မရှိနိုင်ပါဘူး။ စစ်တပ်ဟာ အစိုးရ‌အောက်ရှိမှသာ အရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်း‌ရေးရနိုင်မှာဖြစ်တယ်။
ပြည်တွင်းစစ်စဖြစ်ပါပြီဆိုကတည်းက စစ်တပ်ဟာ အစိုးရ‌ခေါင်း‌ပေါ် ‌ရောက်လာခဲ့တာပါ။
အစပိုင်းမှာ‌တော့ “အိမ်‌စောင့်အစိုးရ”အဖြစ် အာဏာအရသာကို မြည်းစမ်းခဲ့တယ်။ ‌နောက်ဆုံးမှာ‌တော့ အ‌ခြေခံဥပ‌ဒေနဲ့ ‌ရွေး ‌ကောက်ခံအစိုးရကို ဖျက်သိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ အခုထိပဲ မဟုတ်ပါလား။

လက်ရှိ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ရဲ့အနှစ်သာရဆိုတာဟာ စစ်တပ်ကို အစိုးရနဲ့ လွှတ်‌တော်ရဲ့ ‌ခေါင်း‌ပေါ်မှာ ထာဝစဉ် ရွက်ထားရ ခြင်းပဲဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း‌ပြောရရင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ဆိုတာ စစ်တပ်က၊ ကာချုပ်က အစိုးရနဲ့လွှတ်‌တော်ကို စိတ် ကြိုက် ချယ်လှယ်နိုင်‌အောင် အကွက်ချပြီး စိတ်ကြိုက် ‌ရေးဆွဲပြဋ္ဌာန်းထားတဲ့ အ‌ခြေခံဥပ‌ဒေသာဖြစ်ပါတယ်။ ဒီအ‌ခြေခံဥပ‌ဒေ စိုးမိုး‌နေသမျှ ဒီအနှစ်သာရ တည်မြဲ‌နေသမျှ ငြိမ်းချမ်း‌ရေးရဖို့ ဘယ်လိုမှ မလွယ်ကူပါဘူး။

“နန်း‌မွေဆိုင်း”‌ပြောတဲ့ “အစိုးရ‌အောက်မှာ စစ်တပ်ရှိရမယ်” ဆိုတာကို နဲနဲတိုးချဲ့စဉ်းစားကြည့်လိုက်‌တော့ –
အစိုးရနဲ့ လွှတ်‌တော်ကို ပြည်သူလူထုက ‌ရွေး‌ကောက်ပွဲမှာ ဆန္ဒမဲ‌ပေးပြီး ‌ရွေးချယ်လိုက်သူများနဲ့သာ ဖွဲ့စည်းရမယ်။
စစ်တပ်ဟာ ‌ရွေးချယ်ခံအစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ ကာကွယ်‌ရေးဝန်ကြီးဌာန‌အောက်မှာ ရှိရမယ်။
“ကာချုပ်”ဟာ ကာကွယ်‌ရေးဝန်ကြီးလက်‌အောက်မှာ ရှိရမယ်ဆိုတဲ့ အချက်‌တွေ အစီအရီ‌ပေါ်လာပါတယ်။

ဒီအချက်အလက်‌တွေ အ‌ကောင်အထည်‌ပေါ်လာဖို့အတွက် လူမျိုး‌ပေါင်းစုံလူငယ်ထုရဲ့ ညီညွတ်တဲ့အင်အား မရှိမဖြစ် လိုအပ်ပါ တယ်။ ဒီအတွက် အန္တရာယ်နှစ်ခုရှိပါတယ်။ လူမျိုးကြီးအစွဲအလန်းနဲ့ ‌ဒေသန္တရလူမျိုးငယ်အစွဲအလန်းကို တပြိုင်နက်ထဲ ဆန့်ကျင် ဖို့ လိုပါတယ်။ လူမျိုးကြီးအစွဲအလန်းကို ညာ‌ဖြောင့်လက်သီးနဲ့ ထိထိမိမိ ထိုးနှက်ဖို့လိုသလို၊ အမျိုးမျိုး‌သော ‌ဒေသန္တရ လူမျိုးငယ် အစွဲအလန်းကိုလည်း ဘယ်ဝိုက်လက်သီးနဲ့ ပီပီပြင်ပြင် ထိုးနိုင်ဖို့လိုပါတယ်။

ဒါ့အပြင် အမျိုးမျိုး‌သော ဘာသာ‌ရေး၊ လူမျိုး‌ရေး မှိုင်းတိုက်၊ ‌သွေးထိုး၊ လှုံ့‌ဆော် ဖြိုခွဲမှု‌တွေကို သတိမပြတ်ဖို့ အ‌ရေးကြီးပါတယ်။ ခိုင်ခိုင်မြဲမြဲ စွဲကိုင်လွှင့်ထူရမယ့် အလံ‌တော်က‌တော့ “အဖိနှိပ်ခံလူမျိုး‌ပေါင်း ‌သွေးစည်းညီညွတ်‌ရေးအလံ‌တော်”ပဲ ဖြစ်ပါတယ်။