(သာဝါးဖေါ)
ပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းမှုမရှိခဲ့သည့် နယ်စပ်ဒေသ အသီးသီးနှင့် ဝေးလံသီခေါင်သောဒေသရှိ ကျေးရွာလူထုအများစုမှာ ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းကြရသဖြင့် မိမိတို့၏သားသမီးများ အနာဂတ်ရေးအတွက် စာသင်ကြားပေးရန် မစဉ်း စားနိုင်ကြဘဲ သားသမီးများအား မိသားစု၏ စားဝတ်နေရေးတွင်သာ လုံးပမ်းနေခဲ့ကြသည်။
ယခုကာလအထိ စာသင်ကျောင်းမရှိသေးသော ကျေးရွာလူထုသည် မိမိတို့၏သားသမီးများ ပညာရေးအတွက် ကိုယ်ထူကိုယ်ထ ကျောင်းများကို အလျင်းသင့်သလို ဖွင့်လှစ်လျက်ရှိပြီး စာသင်ကြားနေသည့် ကလေးများအား တရားဝင် ကျောင်းသားများ ဖြစ် စေရေးအတွက် နီးစပ်ရာကျောင်း သို့မဟုတ် လွန်စွာ ဝေးလံလျှက်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးများ၏ ကျောင်းသားစာ ရင်းတွင် ထည့်သွင်းနေကြရသည်။
အဆိုပါ ကိုယ်ထူကိုယ်ထကျောင်းများရှိ ကလေးသူငယ်အများစုသည် ၎င်းတို့၏ကျေးရွာတွင် အမြင့်ဆုံး သုံးတန်း၊ လေးတန်းအ ထိသာ စာသင်ကြားနေရသည်။ အရေအတွက် လွန်စွာနည်းသည့် အရပ်အခေါ် “တောသူဌေး”အချို့၏ သားသမီးများသာလျှင် ဝေးလံသောဒေသရှိ ကျောင်းများသို့ သွားရောက်ပညာသင်နိုင်ကြသည်။ အခြေခံကောင်းများ မရရှိကြသည့် အဆိုပါကလေးများ သည် အလယ်တန်းနှင့် အထက်တန်းတွင် သာမန်အဆင့်ထက်ပိုပြီး မရရှိနိုင်ကြဘဲ ဖြစ်နေသည်။
၎င်းတောသူဌေး မိဘများ၏ ဓနအင်အားမှာလည်း စားနိုင်သောက်နိုင်အဆင့်မျှသာရှိသဖြင့် ၎င်းတို့ကျေးရွာရှိ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်၏ အမိုး၊ အကာ၊ အခင်းများ မပြည့်စုံကြသလို ကျောင်းအသုံးအဆောင်ဖြစ်သော စာသင်ခုံများ၏ အရည်အသွေး မှာလည်း ကောင်းမွန်ခြင်းမရှိပေ။
ထို့အပြင် လမ်းပန်းဆက်သွယ်ရေး လွန်စွာ ခက်ခဲသောဒေသနှင့် အတန်အသင့် ခက်ခဲသောဒေသရှိ ကျေးရွာအချို့တွင် အချိန် ကာလ အတန်ကြာ ဖွင့်လှစ်ခဲ့သည့် မူလတန်းနှင့် မူလွန်ကျောင်းအများစုသည် ကျောင်းဆောင်နှင့်ဆရာများ လိုအပ်ချက် ရှိနေ ဆဲပင် ဖြစ် သည်။ အသစ်ဖွင့်လှစ်သည့် မူလွန်ကျောင်းခွဲအများစုသည်လည်း ကျောင်းအမည်သာရှိပြီး ဆရာ မရှိခြင်း၊ ကျောင်း ဆောင်မကောင်းခြင်းတို့ကြောင့် ယခင်မူလ ကိုယ်ထူကိုယ်ထ ကျောင်းအဆင့်တိုင်းပင် ရှိလျက်နေသည်။
ကျေးလက်နေ မိဘအများစု၏ ပညာရေးတွင် စိတ်ဝင်စားမှုနည်းခြင်း၊ ယုံကြည်မှုကင်းခြင်းတို့ကြောင့် မိမိတို့၏သားသမီးများအား ခြောက်တန်း၊ ခုနှစ်တန်းမှ ဆယ်တန်းအထိ ရောက်ရှိနေသည့် ပညာသင်ကြားခြင်းကို ရပ်တန့်စေကာ တိုင်းတစ်ပါးသို့သွား ရောက် အလုပ်လုပ်စေခြင်း၊ ပညာရေးနိမ့်ပါးမှုကြောင့် ကျေးလက်နေ ကလေးသူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု နည်းပါးခြင်းကို မီးမောင်းထိုးပြနေသည်။
ထိုသို့ရရှိလာမည့် အကျိုးဆက်မှာ လူကုန်ကူးမှုခံရခြင်း၊ ညှင်းပမ်းနှိပ်စက်မှုခံရခြင်း၊ အဓမ္မပြုကျင့်မှု ခံရခြင်းတို့အပြင် ပြည်ပတိုင်း ပြည်များ၏ ရှုတ်ထွေးလှသည့် လူနေမှုစရိုက်နှင့် ယဉ်ကျေးမှုပုံစံတို့ကြောင့် လူငယ်ထုအတွင်း အမျိုးသားရေးလက္ခဏာ တစ်စ ထက်တစ်စ ယုတ်လျော့လာစေပြီး မျိုးချစ်စိတ်လျော့ပါးလာခြင်း၊ ကိုယ်ကျင့်တရားပျက်ပြားလာခြင်း၊ အမျိုးသားယဉ်ကျေးမှု တန် ဘိုးထားတတ်မှု ဆုတ်ယုတ်လာခြင်း၊ ဗလငါးတန် ယိမ်းယိုင်လာသည်နှင့်အတူ မူးယစ်ဆေး၏ သားကောင်များဖြစ်နေရခြင်းတို့ သည် တိုင်းပြည်အတွက် အနှုတ်လက္ခဏာပင် ဖြစ်သည်။
“ပေးကားပေး၏ မရ” ယင်းစကားသည် လွန်ခဲ့သည့်နှစ်များက ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခမ်းမ လူထုတွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦး ပြောသွားခဲ့ခြင်းဖြစ်သည်။ စီမံခန့်ခွဲမှုအပိုင်းများတွင် အထက်နှင့်အောက် အပြန်အ လှန် ညှိနှိုင်းပေါင်းစပ်မှုများသည် မြေပြင်ရှိ ပကတိအခြေအနေနှင့် ကိုက်ညီမှုနည်းပါးခြင်း၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ မျှတမှုနှင့် ဘက် စုံထောင့်စုံရှုမြင်ခြင်းတို့တွင် အားနည်းချက်များရှိနေခြင်းကြောင့် ပြည်သူအများ တန်းတူအခွင့်အရေး မရရှိခြင်းပင်ဖြစ်သည်။
ဆင်းရဲသော တိုင်းပြည်စာရင်း၏ အောက်အဆင့်မှာသာရှိနေသေးသော ကျနော်တို့တိုင်းပြည်၏ ဘဏ္ဍာငွေဖြင့် တစ်တိုင်းပြည် လုံးရှိ ကျောင်းအသီးသီးအား ကောင်းမွန်ကျယ်ဝန်းသော ကျောင်းဆောင်ပြည့်စုံသော စာရေးခုံနှင့် သင်ထောက်ကူပြုပစ္စည်း လုံ လောက်မှု၊ ဆရာဆရာမများထားရှိရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ရှိတာလေးနှင့် မျှတစွာ ခွဲဝေခံစားသင့်ပေသည်။
ကရင်ပြည်နယ်အတွင်းရှိ အချို့သောကျောင်းများတွင် စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား ၁၀ဝ ဝန်းကျင် သို့မဟုတ် ၁၀ဝ ကျော်အား စာသင်ကြားပေးနေရသော ဆရာဆရာမများရှိနေခြင်းနှင့် ဝေးလံဒေသရှိ ကျောင်းအများစုတွင် ‘ရွာခန့်’ ဟုခေါ်သော ဆရာဆရာမအများစုဖြင့် စခန်းသွားနေကြရသည်မှာ အချိန်ကာလကြာမြင့်နေခဲ့ပြီး ဖြစ်သည်။
အချို့ကျောင်းများတွင် ကျောင်းသားအရေအတွက် နည်းသော်လည်း ဆရာဦးရေမှာမူ လိုအပ်သည်ထက် ပိုနေခြင်း၊ ၎င်းပိုနေ သည့်ဆရာများအား ပေးချေရသော လစာငွေများ၊ ကျောင်းမှန်မှန်မတက်သည့် ဆရာ၊ လုံးဝ ကျောင်းမတက်သည့်ဆရာတို့အား ပေးချေနေရသည့် လစာငွေများ၊ အချို့သောကျောင်းများ သင့်တင့်လျောက်ပတ်သည့် ပြင်ဆင်ထိန်းသိမ်းခြင်း ရံပုံငွေ မရရှိသည့် အခြေအနေတွင် One Table စရိတ်ဖြစ်သွားသော ပြင်ဆင်ထိန်းသိမ်းခြင်းရံပုံငွေများ၊ တိုင်းရင်းသားဘာသာစာပေ သင်ကြား ခြင်းတွင် အမှန်တကယ် သင်ကြားခြင်းမရှိသော်လည်း ထုတ်ယူနေသည့် ချီးမြှင့်ငွေနှင့် သင်ကြားသည့်ဦးရေထက် ပိုမိုထုတ်ယူ သည့် ချီးမြှင့်ငွေများ စသည်တို့၏ ယိုစိမ့်မှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွှင့်စေသည်။
ဤသည်မှာ အနာဂတ်လူငယ်များအတွက် စံနမူနာဆိုးများဖြစ်နေသည့်အပြင် ပညာရေးမြှင့်တင်ခြင်းလုပ်ငန်းအတွက် နားလည်မှု စာချွန်လွှာ ရေးထိုးထားကြသည့် ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ရံပုံငွေ ပံ့ပိုးပေးကြ သည့် NGO, INGO အဖွဲ့များအပေါ် မျက်နှာပျက်စရာ ဖြစ်သည်။ နယ်မြေဒေသ အနေအထားအလိုက် ဆရာ၊ ဆရာမများအား သာတူညီမျှစွာ အလှည့်ကျ တာဝန်ထမ်းဆောင်မှု နည်းပါးခြင်း၊ MA., Msc. နှင့် Phel တန်း တက်ရောက်လိုသည့်အတွက် မူလ တန်းကျောင်းအုပ်များအား ချန်လှပ်ထားခြင်းသည်လည်း ဗဟိုမှ ချမှတ်ထားသောစနစ် ဟုတ်ဟန်မတူပါ။
သင်ကြားရေးတွင်လည်းကောင်း၊ စီမံခန့်ခွဲမှုအပိုင်းတွင်လည်းကောင်း၊ မိမိတို့ကျောင်းနှင့် အနီးဝန်းကျင်ကျောင်းတို့၏ အခြေအ နေ အရပ်ရပ်ကို ဆွေးနွေးတင်ပြခွင့်နှင့် အများပြည်သူသိရှိရန် ပြောဆိုခွင့် မရရှိခြင်းသည် ပညာရေးမြှင့်တင်ခြင်းလုပ်ငန်းအား အဟန့်အတားဖြစ်စေသည်။
အောက်ခြေအဆင့် ဆရာ၊ဆရာမများသည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေး၊ ကျောင်း၏အခြေအနေနှင့် အမှန်တကယ် ဖြစ်နေ သည့် အနေအထားများကို ထုတ်ဖော်ပြောကြားရန် ဝန်လေးကြသည်။ အကြောင်းမှာ အခြေအနေမှန်ကို လက်မခံသော စီမံခန့်ခွဲ သူတို့၏ ဖိအားပေးမှုအပေါ် ကြောက်ရွံ့နေကြခြင်းပင်ဖြစ်သည်။ ၎င်းအပြင် နေရာပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးမြှင့်ရေးတို့တွင် မျှတမှုမရှိသော အကျိုးသက်ရောက်မှု ဖြစ်ပေါ်နိုင်ကြောင်း ယုံကြည်ကြခြင်းပင်ဖြစ်သည်။
ဆရာ၊ ဆရာမအားလုံးသည် ရေငုံနှုတ်ပိတ်နေရမည့် အခြေအနေမှ မှန်ကန်ပွင့်လင်းစွာ ပြောဆိုတင်ပြခွင့် ရရှိကြမည်ဆိုပါလျှင် ပညာရေးမြှင့်တင်ခြင်းလုပ်ငန်း၏ အဟန့်အတားများအား အတိုင်းအတာတစ်ခုအထိ ဖယ်ရှားနိုင်မည်ဖြစ်သည်။ “ပြုပြင်ပြောင်းလဲ ရေး” ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း၏ ထောက်ခံအကြံပြုချက်ဖြစ်သော ပညာရေးကော လိပ်၊ တက္ကသိုလ်သင်တန်းသား ရွေးချယ်စိစစ်ရေးစနစ်တွင် ဆယ်တန်းရမှတ် တစ်ခုတည်းကိုသာမက ဝါသနာပါမှု၊ ခံယူချက် သဘောထား စသည်တို့အပေါ် အခြေခံရမည်ဖြစ်သော်လည်း နယ်မြေဒေသ၏ ပကတိအခြေအနေမှန်ကို သိရှိမှုအားနည်းခြင်း၊ အချက်အလက်စုဆောင်းမှု အားနည်းခြင်းတို့ကြောင့် ဆယ်တန်းရမှတ်ကိုသာ မူတည်ပြီး လွယ်ကူသောနည်းဖြင့် ဗဟိုမှ တိုက် ရိုက်ရွေးချယ်ခြင်းသည် ပြည်သူများအပေါ် လွှမ်းခြုံမှုနည်းစေပါသည်။
ခွင့်တူခံစားမှုရရှိရန်နှင့် ကောင်းမွန်ပြည့်စုံသော ပညာရေးဝန်ထမ်း ရွေးချယ်ရေးစနစ်တစ်ရပ် ထူထောင်ရန်အတွက် အစီအမံများ ကို စတင်ဆောင်ရွက်သင့်ပါသည်။ ကျောင်းသားဦးရေ များပြားလွန်းပြီး ဆရာမလုံလောက်သော ကျောင်းများတွင် ဆရာ၊ ဆရာ မများ ဖြည့်ဆည်းပေးရန် တောင်းဆိုသည့်ကျောင်းများရှိပါသည်။ အဆိုပါကျောင်းများသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားသောဆရာများရှိပါက ပို့ပေးပါမည်ဟူသော နှစ်သိမ့်မှုသာရရှိကြသဖြင့် ဒေသခံပြည်သူများမှာ မျှော်လင့်ချက် ကင်း မဲ့နေကြရသည်။
ပြောင်းရွှေ့နေရာချထားရာတွင်လည်း ဆရာများ၏ သဘောဆန္ဒအရ သက်ရောက်သည့်စနစ်ဖြစ်ပါက စီမံခန့်ခွဲရာ၌ အားနည်း ချက် ဖြစ်ပေါ်နေပြီး ဆရာလိုအပ်သောကျောင်းများသို့ ဆရာများ ရောက်ရှိနိုင်မည် မဟုတ်။ ထို့အပြင် ဆရာများ ပြည့်စုံနေသည့် အချို့ကျောင်းများသို့ ဆရာများ အလိုအလျောက် ထပ်မံ ရောက်ရှိနေခြင်းသည်လည်း မဖြစ်သင့်သည့်အရာပင် ဖြစ်သည်။
ကျေးရွာအချို့ရှိကျောင်းများတွင် ရွာခံဆရာများအား ခန့်အပ်မှုနည်းပါးပြီး အခြားသောဒေသများမှ ဆရာများ အားထားရှိနေကြ ခြင်း၊ ရွာခံဆရာများ မိမိတို့ကျေးရွာသို့ ပြန်လည်ပြီး တာဝန်ချထားမှုမရှိခြင်းကြောင့် ကျေးရွာ၏ သာရေးနာရေး၊ လူမှုရေးကိစ္စရပ် များ ဆောင်ရွက်ရာတွင် အားနည်မှုဖြစ်စေသည့်အပြင် ဆရာများအချင်းချင်းကြားတွင်လည်းကောင်း၊ လူထုများကြားတွင်လည်း ကောင်း သံသယပွားစေကာ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်ကြောင်း ရှုမြင်မိသည်။
အခြားသောဒေသများသို့ ရောက်ရှိနေကြသည့် ဆရာများအနေဖြင့် မိမိတို့ကျေးရွာသို့ ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးအ တွက် တောင်းဆိုသော ကျေးရွာလူထု၏ဆန္ဒများကိုလည်း အလေးထားသင့်သည်။ ထို့ကြောင့် ပြည်သူများ ခွင့်တူညီမျှမှု ရရှိနိုင် ကြစေရန် ပြည်သူများကသာ ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။