ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ကရင်တိုင်းရင်းသူ နန်းဖော့အဲမွီ (ခ) နန်းဌေးဌေးဦး ထိုုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ သေဆုံးခဲ့သည့်ကိစ္စကို အမှုမှန်ပေါ်ပေါက်ရေး အတွက် ထိုင်းလူ့အခွင့်အရေးနှင့် ထိုင်းရှေ့နေများကောင်စီက ကူညီစစ်ဆေးပေးသွားမည်ဟု ၎င်းမှုခင်းအရေးကို လိုက်ပါဆောင် ရွက်ပေးနေသည့် ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့-OKRSO က ပြောသည်။
နန်းဖော့အဲမွီ၏ သေဆုံးမှုအပေါ် ထင်မြင်ချက်အမျိုးမျိုး ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ သံသယရှိသည့်အတွက် အမှုမှန်ပေါ် ပေါက်စေရန် ဇန်နဝါရီလ ၁၁ရက်နေ့က OKRSO အဖွဲ့နှင့် နန်းဌေးဌေးဦး၏ အစ်မနှစ်ဦးတို့က ထိုင်းလူ့အခွင့်အရေးနှင့် ထိုင်းရှေ့ နေများကောင်စီထံသို့ သွားရောက်တိုင်ကြားမှုလုပ်ဆောင်သည့်အတွက် အမှုကုိုစစ်ဆေးရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု OKRSO နာယကဖြစ်သူ စောစိပ်ပလောင်က ယနေ့ (ဇန်နဝါရီ ၁၃)တွင် ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့ ၁၁ရက်နေ့က ရဲတွေကနေ သူ မသေတဲ့အချိန်တွေမှာ ရိုက်ထားတဲ့ မှတ်တမ်းမှတ်ရာတွေ၊ CCTV တွေကို ကျနော် တို့ကို ပြန်ပေးတယ်။ အဲ့ဒါတွေကို ကျနော်တို့က ထိုင်းလူ့အခွင့်အရေးနဲ့ ရှေ့နေများကောင်စီရုံးကို ပြန်တင်ပြလို်က်တယ်။ နောက် ထပ်ပိုပြီးတော့ စစ်ဆေးပေးပါ ဆိုပြီးတော့ပေါ့။ ထိုင်းရှေ့နေများကောင်စီကလည်း တန်းတူရည်တူ စစ်ဆေးပေးမယ်လို့ ကတိပေး ထားတယ်”ဟု အမှုတိုင်ကြားရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ စောစိပ်ပလောင်က ပြောသည်။
ထိုင်းရှေ့နေများကောင်စီအနေဖြင့် OKRSO မှ ပေးအပ်ထားသည့် အထောက်အထားများနှင့် အချက်အလက်များကို အသေးစိပ် ပြန်လည်စစ်ဆေးပေးသွားမည်ဖြစ်ပြီး ၎င်းအမှုကို ကိုင်တွယ်နေသည့် ရဲများကလည်း အသေးစိပ် စစ်ဆေးမှုများပြုလုပ်ကာ ၄၅ ရက်အကြာတွင် သတင်းပြန်လည်ထုတ်ပြန်သွားမည်ဖြစ်သလို ယင်းသေဆုံးမှုမှတ်တမ်းများကို ဘန်ကောက်အခြေစိုက် မြန်မာ သံရုံးသို့လည်း ပေးအပ်ထားသည်ဟု စောစိပ်ပလောင်က ဆက်ပြောသည်။
ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဌ မစ္စတာနခေါင်ချွမ်ဖူချတ်က “စစ်ဆေးရဲတွေ တိကျမှန်ကန်စွာ ဆောင် ရွက်ပေးမှာသာလျှင် စစ်ဆေးရေးရဲရော နစ်နာသူဖက်ကပါ အကျိုးရှိမှာဖြစ်ပါတယ်။ မဟုတ်လျှင် ဆိုရှယ်မီဒီယာများအရတော့ တိုက်ပိုင်ရှင် (သို့) တစ်ဦးဦးက ရဲနဲ့ အပေးအယူလုပ်ကြံမှု သူ့အစ်မတွေ လာဘ်ယူမှု ရှိခဲ့တယ်ဆိုတဲ့သတင်းကြောင့် တိုက်ပိုင် ရှင်နဲ့ သူ့အစ်မတို့လည်း နာမည်ပျက်ရပါတယ်။ ဒါကြောင့် တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရန် ရှေ့နေများကောင်စီက တာ ဝန်ရှိစစ်ဆေးရေးရဲတွေနဲ့ ပူးပေါင်းပြီး အမှုစုံစမ်းစစ်ဆေးဖော်ထုတ်သွားမယ်”ဟု ဇန်နဝါရီလ ၁၁ရက်နေ့တွင် ထိုင်းမီဒီယာများသို့ ပြောဆိုသည်။
ဘန်ကောက်တွင် လက်ရှိ အိမ်အကူ အလုပ်လုပ်နေသူ ကရင်အမျိုးသမီးတစ်ဦးက “ထိုင်းနိုင်ငံက အလုပ်သမားတွေကို ကာ ကွယ်မှုအပိုင်းကျတော့ ဥပဒေက ထုတ်ထားပေမယ့် ကျမတို့ အမျိုးသမီးအတွက် ဘယ်လောက်အထိ ကာကွယ်နိုင်မလဲတော့ မသိဘူး။ ဖြစ်နိုင်မယ်ဆိုရင် အမျိုးသမီးတွေအပေါ် အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အသက် ၂၂နှစ်အရွယ်ရှိ နန်းဖော့အဲမွီသည် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်နေ့တွင် ဘန်ကောက်မြို့၊ ဘန်ခင်နယ်မြေရှိ၊ ကွန်ဒို တိုက်ခန်းတစ်ခုထဲတွင် ကြိုးဆွဲချသေဆုံးခဲ့ပြီး သူမ အလုပ်မလာသည့်အတွက် အလုပ်ရှင်ဖြစ်သူက ဇန်နဝါရီ ၃ရက်နေ့တွင် သူမ နေထိုင်ရာတိုက်ခန်းသို့ လိုက်လာစဉ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကနဦး သတင်းထွက်ပေါ်ခဲ့သည်။
သေဆုံးသူသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကျေးနယ်ရှိ ကလယ်ထော်ကျေးရွာဇာတိဖြစ်ပြီး သူမ သေဆုံးမှုအ ပေါ် ဖေ့စ်ဘုတ်-လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ထင်မြင်ချက် အမျိုးမျိုး ထွက်ပေါ်လာမှုအပြင် ထိုင်းနိုင်ငံ၊ ရုပ်သံမီဒီယာ များပေါ်တွင်လည်း အကျယ်တဝင့် ဖော်ပြခံရသည့် သတင်းတစ်ပုဒ်ဖြစ်သည်။