နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်ပညာရေးဋ္ဌာန-KED လက်အောက်တွင် ပညာသင်ကြားနေသည့် စာသင်နှစ် (၅)နှစ်အထက် ကျောင်းဆရာ၊ ဆရာမများ အား အသိအမှတ်ပြု ဂုဏ်ပြုဆုကို KED က နိုဝင်ဘာလ ၂၃ရက်နေ့တွင် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကလေ့မို့ခီးကျေးရွာ၌ ပြု လုပ်သည့် ပြည်တွင်းဋ္ဌာနေမဲ့ကျောင်းသားစုံညီပွဲတော်တွင် ပေးအပ်ခဲ့သည်။
KED ပညာရေးဌာနလက်အောက်ရှိ ဒေသနယ်ပယ်အသီးသီးတွင် ပညာသင်ကြားပေးနေသည့် စာသင်နှစ်ကာလ (၅)နှစ်မှ နှစ် (၂၀)ကျော် ပေးဆပ်လုပ်ဆောင်နေသော ကျောင်းဆရာ/ကျောင်းဆရာမများကို လေးစားအသိအမှတ်ပြုမှုရှိစေရန် ရည်ရွယ်၍ ဂုဏ်ပြုပေးအပ်ခြင်းဖြစ်သည်ဟု KED ဋ္ဌာန၏ ပိုင်ကျုံမြို့နယ်အတွင်းရေးမှူး စောရိန်းဘိုးက ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့ဒေသမှာတွေ့ရတဲ့ ဆရာ/ဆရာမတွေ ကိုယ်ကျိုးစွန့်ပေးဆပ် ပညာသင်ကြားနေတာ အခက်အခဲ ဒုက္ခတွေ များစွာ ရှိ တယ်။ ဒါတွေကို ကျနော်တို့ အသိအမှတ်မပြုဘူးဆိုရင် သူတို့လည်းစိတ်ဓာတ်ကျမှုကို ခံစားရတာမျိုး သူတို့ခံစားရမှာပဲ။ အဓိက ကတော့ သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ”ဟု ပြောသည်။
ထို့အပြင် အဆိုပါ ဂုဏ်ပြုဆုပေးအပ်ပွဲကို ကျောင်းသားစုံညီပွဲတော်၌ ပြုလုပ်ခြင်းမှာ ကျောင်းသူ/ကျောင်းသားများအား မြင်တွေ့ စေရန်နှင့် ၎င်းတို့ဆရာ/ဆရာမများအား အတုယူ အလေးထားမှုရှိစေရန် ရည်ရွယ်ကြောင်းလည်း စောရိန်းဘိုးက ဆက်ပြော သည်။
၎င်းအသိအမှတ်ပြု ဂုဏ်ပြုဆုကိုပေးအပ်ရာ၌ (၅)နှစ်ကာလရှိသော ဆရာ/ဆရာများအား KED ဋ္ဌာန အသိအမှတ်ပြုလက်မှတ်၊ (၁၀)နှစ်ကာလကို ဂုဏ်ထူးဆောင်တံဆိပ်နှင့် နှစ် (၂၀)ကာလကို ဂုဏ်ထူးဆောင်ငွေတံဆိပ်ဆု၊ နှစ်(၃၀)ကာလအား ဂုဏ်ထူး ဆောင်ရွှေရည်တံဆိပ်ဆုနှင့် နှစ် (၄၀)ကာလအား ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆု စသည်ဖြင့် အဆင့်ဆင့် သတ်မှတ်ပေးအပ်ခြင်း ဖြစ်သည်ဟု KED က ဆိုသည်။
ဂုဏ်ပြုဆုချီးမြှင့်ခံရသူ ကလေ့ဖိုးခီးကျောင်းမှ ဆရာမနော်လယ့်ဟီးလာက “ဂုဏ်ပြုဆုကိုရမယ်လို့ တခါမှမစဉ်းစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျမတို့ ကျောင်းဆရာမတွေမှာ ကြုံတွေ့ရတာ တစ်ခါတစ်ခါ အခက်အခဲသလို အဆင်ပြေတဲ့အခါလည်း ရှိတာပေါ့။ မိသားစုအတွက်လည်း အားနည်းချက်တွေ ရှိခဲ့တယ်။ ဒီနေ့မှာ ဆုရတယ်လို့ သိလိုက်ရတော့ အရမ်းပျော်ရွှင်မိတာပေါ့”ဟု ပြော သည်။
ယခုနှစ်တွင် ပိုင်ကျုံမြို့နယ်အတွင်း ပေးအပ်ရန်လျာထားသည့် ကျောင်းဆရာ၊ ဆရာမပေါင်း (၂၇)ဦးရှိသည့်အနက် သွားလာရေး အခက်အခဲများကြောင့် ဂုဏ်ပြုပွဲသို့ (၁၁)ဦးသာ တက်ရောက်နိုင်ခဲ့သည်။ အလားတူ ဂုဏ်ပြုဆုပေးအပ်ခြင်းမျိုးကို ယမန်နှစ်က အောက်တိုဘာ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် ပိုင်ကျုံမြို့နယ်၊ စေဖိုးခီးကျေးရွာတွင် ဆရာ/ဆရာမ (၁၀)ဦးကို ပေးအပ်ခဲ့သည်။



















