စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်အမျိုးသား ၅ဦးကို သစ်ခိုး ခုတ်သည်ဟုဆိုကာ ထိုင်းအာဏာပိုင်များက စက်တင်ဘာလ ၁၇ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း သိရသည်။
နယ်စပ် ထိုင်းအာဏာပိုင်များဖြစ်ကြသည့် နယ်ခြားစောင့်တပ်၊ ပါမိုက်(သစ်တောထိန်းသိမ်းရေး)၊ ထိုင်းရဲနှင့် စခန်းလုံခြုံရေးများ ပါဝင်သည့် အဖွဲ့များက ဇုံ-C (3-B) ရပ်ကွက်အတွင်း နေထိုင်သူ ၅ဦးကို စက်တင်ဘာလ ၁၇ရက်နေ့ည အချိန်ခန့်တွင် ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု သိရသည်။
ဇုံ-C တာဝန်ခံ စောခုထူးက “သစ်တွေကို စခန်းထဲမှာရှိတဲ့ တံတားတစ်ခုကို ပြန်ဆောက်ဖို့အတွက် ဘုရားကျောင်းထဲမှာ စုထား တာပါ။ အဲဒီဟာကို ပြန်ဆောက်ဖို့အတွက် စခန်းကို တင်ထားတာလည်း ကြာပြီ။ သစ်တွေကို နားလည်မှုနဲ့ယူလာတာ အခုလို ဖြစ်ကုန်ရော”ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဘာသာရေး အသင်းအုပ်ဆရာတစ်ဦး၊ ၎င်း၏ယောက်ဖ တော်စပ်သူတစ်ဦးနှင့် ကျောင်းသား ၃ဦးတို့ဖြစ်ကြ ပြီး ကားတစ်စီး အပါအဝင် သစ်ဖြတ်ပိုင်း ၂တုံး၊ သစ်ခွဲသားများနှင့် လွှစက်များကို လူနှင့်တကွ သက်သေခံပစ္စည်းများအဖြစ် မဲ့လမရဲစခန်းရုံးတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မယ်လစခန်းတွင်နေထိုင်သူများအနေဖြင့် စခန်းအပြင်ဘက် အနီးအနားရှိ သစ်၊ ဝါးများကို အိမ်သုံးအဖြစ် ယခင်ကတည်းက ခုတ်ယူသုံးစွဲမှုများရှိနေသလို ထိုင်းအာဏာပိုင်များဘက်မှလည်း အဆိုပါသစ်တောနှင့်သက်ဆိုင်သည့် ကိစ္စများတွင် တင်းကြပ် သည့်ဥပဒေများဖြင့် အရေးယူမှုများပြုလုပ်ထားကြောင်း ဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောသည်။
မယ်လစခန်းနေထိုင်သူတစ်ဦးက “ကျနော်တို့ အရင်ကတည်းက နည်းနည်းပါးပါး အိမ်သုံးဖို့ ဝါး၊ ထင်း ခုတ်တာတွေရှိတယ်။ အခု က သူတို့ထိုင်းအာဏာပိုင်တွေကိုယ်တိုင် လာဖမ်းတာဆိုတော့ စခန်းအနေနဲ့ ဘာမှမလုပ်နိုင်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် လူမှုကိစ္စ အမှုအခင်းများကလွဲ၍ အခြားလက်နက်မှု၊ မူးယစ်ဆေးဝါးအမှု၊ လူကုန် ကူးမှု၊ မုဒိမ်းမှု၊ လူသေ/လူသတ်မှုများကို စခန်းတွင်းရှိ အုပ်ချုပ်သူများက ထိုင်းဥပဒေဖြင့်သာ ထိုင်းအာဏာပိုင်များက အရေးယူ လေ့ရှိသော်လည်း ယခုကိစ္စမှာ ထိုင်းနိုင်ငံ၊ သစ်တောဥပဒေနှင့် ညှိစွန်းသည့်သဘောဖြစ်၍ ထိုင်းဥပဒေအတိုင်းသာ ဆောင်ရွက် ခြင်းဖြစ်သည်ဟု သိရသည်။
ထိုင်းသတင်းဌာန AEC News ၏ လူမှုကွန်ရက်စာမျက်နှာတွင် အဆိုပါငါးဦးမှာ ညဘက်တွင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ကနဲစု သစ်တော၌ သစ်ခိုးခုတ်ပြီး သစ်တောတာဝန်ခံများနှင့် ဆုံစဉ်ထွက်ပြေးရာ မောင်အေးဆိုသူ တစ်ဦးကို ဖမ်းမိရာမှ ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ အမှုဖြစ်စဉ်မျိုးမှာ ဖြစ်လေ့ဖြစ်ထမရှိကြောင်း မယ်လစခန်းတွင်း နေထိုင်သူများက ပြောဆိုနေကြပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် မဲ့လမ မြို့နယ်အတွင်းရှိ ဟွေပါကလောင်းကျေးရွာအနီး အဆိုပါစခန်းနေသူများ ပါဝင်သည့် သစ်ခိုးခုတ်နေသူများ နှင့် ထိုင်းသစ်တောဝန်ထမ်းတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။


















