Home သတင်း နိုင်ငံသားစိစစ်‌ရေးကဒ်နှင့် အိမ်‌ထောင်စုစာရင်းများကို ဖားအံ၌ အခမဲ့ ဆက်လုပ်‌ပေးမည်

နိုင်ငံသားစိစစ်‌ရေးကဒ်နှင့် အိမ်‌ထောင်စုစာရင်းများကို ဖားအံ၌ အခမဲ့ ဆက်လုပ်‌ပေးမည်

2347
ဇွန်လ ၁ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ဖားအံမြို့နယ်အတွင်း နိုင်ငံသားစိစစ်‌ရေးကတ်နှင့် အိမ်‌ထောင်စုစာရင်းများကို အခမဲ့ ဆက်လက် လုပ်‌ဆောင်‌ပေးသွားမည်ဟု ‌မေလ ၃ဝရက်‌နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်‌တော် ပထမ ပုံမှန် အစည်းအ‌ဝေး၌ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးသိန်း‌ဆွေက ‌ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖားအံမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်က ဖားအံမြို့နယ်ရှိ ‌ကျေးရွာ များမှ ပြည်သူလူထု၏ နိုင်ငံသားစိစစ်‌ရေးကဒ်နှင့် အိမ်‌ထောင်စုစာရင်းများ ပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာ သတ်မှတ်နှုန်းအတိုင်း သက်သာ‌သောစရိတ်ဖြင့် နိုင်ငံသားတိုင်းအ‌ပေါ် တစ်‌ပြေးညီ ‌ဆောင်ရွက်‌ပေးရန်နှင့် ကြပ်မတ်‌ဆောင်ရွက် ‌ပေးရန် အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်‌တော် အစည်းအ‌ဝေးတွင် ‌မေးမြန်းခဲ့မှုအ‌ပေါ် ပြည်‌ထောင်စုဝန်ကြီးက ထိုသို့ ပြန်လည်‌ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးဌာနအ‌နေနဲ့ မိုးပွင့်စီမံချက် မပြီးစီး‌သော်လည်း နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း ကွင်းဆင်း‌ဆောင်ရွက်မှုများကို ဆက်လက် ‌ဆောင်ရွက်‌ပေးလျက်ရှိပါတယ်။ ၂၀၁၆ ဇန်နဝါရီကစပြီး ‌မေ ၁၆ရက်‌နေ့အထိ ဖားအံမြို့နယ်အတွင်း အိမ်‌ထောင်စု ၂,၃၀ဝစုနှင့် နိုင်ငံသားစိစစ်‌ရေးကဒ်ပြား စုစု‌ပေါင်း ၉,၆၇၈ဦး ထုတ်‌ပေးခဲ့ပြီးဖြစ်တယ်။ ဆက်ပြီး One Stop Service နဲ့ ဖားအံမြို့နယ်အတွင်း အိမ်‌ထောင်စုစာရင်းများ ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်‌ရေးကဒ်ပြားများ ‌ဆောင်ရွက်ခြင်းများကို အခမဲ့ ဆက်လက်‌ဆောင်ရွက်‌ပေး သွားမှာဖြစ်ပါတယ်”ဟု ဦးသိန်း‌ဆွေက ‌ပြောသည်။

ဖားအံမြို့နယ်အတွင်းရှိ ‌ကျေးရွာများမှ ပြည်သူများသည် မြို့နယ် လ.ဝ.ကရုံးသို့ နိုင်ငံသား စိစစ်‌ရေးကဒ်ပြား မရှိ‌သော လူဦး‌ရေ များနှင့်တကွ တင်ပြခဲ့‌သော်လည်း အ‌ကြောင်းပြန်ကြားခြင်း မရှိခဲ့သလို မြို့နယ်လ.ဝ.ကရုံးသို့ ဆက်သွယ်‌မေးမြန်းရာတွင် ရက် ချိန်း‌ပေး၍ အ‌ကြောင်းအမျိုးမျိုးပြခြင်းတို့‌ကြောင့် လာ‌ရောက်‌မေးမြန်း စုံစမ်းလာသူများမှာ ခရီးစရိတ်ကုန်၊ အချိန်ကုန်ကာ အကျိုး သက်‌ရောက်မှုမရှိဘဲ ဖြစ်ခဲ့‌ကြောင်း အဆိုရှင် နန်းသန်းသန်းလွင်က ပြည်သူ့လွှတ်‌တော်တွင် ‌ပြောခဲ့သည်။

အလားတူ မှတ်ပုံတင်ပြုလုပ်ရာတွင် ကျပ်တစ်‌သောင်းခွဲ‌ပေးခဲ့ရသူ ဖားအံမြို့နယ်၊ မုက္ကဒိရွာသားတစ်ဦးက “ဒီလ ၂၆ရက်‌နေ့တုန်း က ကျ‌နော့်တူ‌လေးတစ်‌ယောက် ၁၈နှစ်ပြည့်လို့ရုံးမှာ မှတ်ပုံတင်သွားပြန်လဲတယ်။ ရုံးမှာ လုပ်‌ပေးတဲ့လူက တမျိုးမထင်ပါနဲ့ဆိုပြီး ၅‌ထောင်တန် တစ်ရွက်‌ပေး‌တော့ မရဘူး။ သုံးရွက်‌ပေးပါတဲ့ တစ်ရက်ထဲ ပြီး‌အောင် အမြန်လုပ်‌ပေးရတာမို့လို့ပါ။ အဲ့လို‌ပြောတယ်။ ကျ‌နော်တို့ကလည်း တစ်ရက်ထဲ အမြန်ရတယ်ဆို‌တော့ ကံ‌ကောင်းတယ်လို့ပဲ သ‌ဘောထားလိုက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောပြ သည်။

လက်ရှိအချိန်တွင် ပြည်နယ်အစိုးရက ရက် ၁၀ဝ စီမံချက်အရ ကရင်ပြည်နယ်အတွင်း မှတ်ပုံတင်နှင့် သန်း‌ခေါင်စာရင်းများကို ကွင်းဆင်း‌ဆောင်ရွက်‌ပေး‌နေ‌ကြောင်း ပြည်နယ်လဝက တာဝန်ရှိသူများက ‌ပြောဆို‌နေကြသလို ယခုနှစ် ဇန်နဝါရီလမှ ‌မေလ ၁၆ ရက်ထိ ဖားအံမြို့နယ်အတွင်း အိမ်‌ထောင်စု ၂,၃၀ဝကို သန်း‌ခေါင်စာရင်းထုတ်‌ပေးခဲ့ပြီး နိုင်ငံသားစိစစ်‌ရေးကဒ် ၉,၆၇၈ဦးကို ပြု လုပ်‌ပေးပြီးဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။