ဧပြီ ၆ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်က ၎င်းတို့ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် ကြာအင်း ဆိပ်ကြီးမြို့နယ်အတွင်းရှိ နေရာ ၃ခုကို ဒုက္ခသည်များနေရပ် ပြန်လည်အခြေချနေ ထိုင်နိုင်ရေးအတွက် နေရာချထားပေးရန် စီစဉ်ပေးထားကြောင်း ခရိုင်တာဝန်ရှိသူများက ပြောသည်။
ထိုသို့ ပြန်လည်နေရာချထားရေးအတွက် ၂၀၁၅ခုနှစ်၊ မေလ ၂၇ ရက်နေ့က ခရိုင်အဆင့် ပြန်လည်နေရာ ချထားရေးကော်မတီတစ်ရပ် ဖွဲ့စည်းကာ KNLA တပ်ရင်း (၁၇) နယ်မြေအတွင်း လော်ပါ့ခီး၊ လော်ပါ့ကော့ ကလော်နှင့် ပလောပိတခ အမည်ရှိ ခန့်မှန်းခြေ မြေဧက တစ်သောင်းကျော်ရှိသော မြေနေရာတို့ကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင် အတွင်းရေးမှူး မန်းကနေဒီက ပြောသည်။
“ကျနော်တို့အနေနဲ့ ဒုက္ခသည်တွေ တကယ်လို့ ပြန်လာရင် နေလို့အဆင်ပြေနိုင်မယ့် နေရာလေးတွေကို ကြိုတင်စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။ အကြမ်းဖျင်း ဧက တစ်သောင်းကျော်လောက် ရှိမယ်ထင်တယ်။ အသေအချာတော့ မတိုင်းထွာရသေးဘူး”ဟု မန်းကနေဒီက ကေအိုင်စီသို့ ပြောသည်။
၎င်းစီစဉ်ထားမှုအပေါ် လေ့လာရန် ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းရှိ တာဝန်ရှိသူများ၊ ကရင်ဒုက္ခ သည်ကော်မတီ KRC၊ ထိုင်းအာဏာပိုင်များ၊ NGO အဖွဲ့နှင့် ဒုက္ခသည်များကို စားနပ်ရိက္ခာထောက်ပံ့ပေးနေ သည့် TBC အဖွဲ့တို့ ပါဝင်သော အဖွဲ့ဝင် ၂၂ဦးသည် ယခုနှစ် မတ်လ ၂၃ရက်မှ ၂၄ရက်နေ့အထိ ပြန်လည် နေရာချထားရေးနေရာများသို့ သွားရောက်ပြီး နယ်ခံ KNU တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
နို့ဖိုးဒုက္ခသည် စခန်းအတွင်းရေးမှူး စောကျော်ဝေါ်က “အခုခရိုင်က စီစဉ်ထားတဲ့နေရာကတော့ ပြန်လည် နေရာချဖို့အတွက် အဆင်ပြေမယ့်နေရာလို့ ထင်ပါတယ်။ မြေလွတ်မြေရိုင်းတွေလည်း ဖြစ်တယ်။ ကျနော်တို့ တင်ပြတာက မိသားစုတစ်စု လုပ်ကိုင်စားသောက်ဖို့အတွက် အနည်းဆုံး ၅ ဧကလောက် တင်ပြထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ခရိုင်တာဝန်ရှိသူများ စီစဉ်ပေးထားသည့် အဆိုပါမြေနေရာ အကျယ်အဝန်းအတိအကျကို မေလကုန်တွင် သိရှိရမည်ဖြစ်ပြီး ပြန်လည်နေရာချထားရေးအစီအစဉ် မစခင်အထိ လေ့လာမှုများ ပြုလုပ်ကာ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရမည်ဖြစ်ကြောင်း စောကျော်ဝေါ်က ပြောသည်။
လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ရပ်ကွက် ၁၇ခု၊ အိမ်ခြေ ၂,၃၀ဝ ဝန်းကျင်နှင့် လူဦးရေ ၁၁,၀၀ဝ ခန့် ရှိသည့်အတွက် မိသားစု တစ်စုလျှင် မြေနေရာ ၅ ဧက အကျယ်အဝန်းရရှိရေး တောင်းဆိုတင်ပြမှုသည် လတ်တလောအခြေအနေတွင် မဖြစ်နိုင်သေးကြောင်း ဒူးပလာယာခရိုင် တာဝန်ရှိသူများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုမှ လူဦးရေ ၁၂၀,၀၀ဝ ဦးရှိသည်ဟုု The Border Consortium (TBC) ၏ စာရင်းအရ သိရသည်။



















