ဧပြီ ၁ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
အခြေခံမြန်မာစာ ရေးတတ်၊ ဖတ်တတ်ရန် ရည်ရွယ်၍ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁၃ ရွာသို့ ဖားအံတက္ကသိုလ်မှ ဆရာ/မများနှင့် လှိုင်းဘွဲမြို့နယ် ပညာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်းပြီး ဧပြီ ၁ရက်မှ မေ ၁၅ ရက်နေ့အထိ တစ်လခွဲကြာ နွေရာသီ စာတတ်မြောက်ရေးသင်တန်းများ ပြုလုပ်သွားမည် ဖြစ်သည်။
ထိုသို့ စာတတ်မြောက်ရေးသင်တန်းများ လုပ်ဆောင်သွားရန်အတွက် လှိုင်းဘွဲမြို့ရှိ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု ရုံးခန်းမတွင် မတ်လ ၃၁ရက်နေ့က အခြေခံ စာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားတစ်ခုကို ပြုလုပ်ပြီး သင်တန်းလုပ်ဆောင်သွားမည့်ကိစ္စနှင့် ပတ်သက်၍ လိုအပ်သော အထောက်အပံ့များ ပေးထားပြီဖြစ်သည်ဟု ကရင်ပြည်နယ် ပညာရေးမှူး ဦးစိုးမြင့်က ယခုလို ပြောသည်။
၎င်းက “မြန်မာစာတတ်မြောက်ရေးအတွက် ကရင်ပြည်နယ်ထဲက မြို့နယ် ၇ခုမှာ လုပ်လာတယ်။ ဒီနှစ်မှာတော့ လှိုင်းဘွဲမြို့နယ်မှာ အလှည့်ကျတာပေါ့။ သင်ကြားပေးဖို့အတွက် သင်တန်းတွေ လုပ်ပေးထားတယ်။ သင်ကြား ရေးအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ပေးတယ်။ လက်ကမ်းစာစောင်၊ သင်ကြာရေးအထောက်အကူ ပစ္စည်း တွေ၊ တီရှပ်၊ လက်ဆွဲအိတ် စတာတွေ ထောက်ပံ့ပေးထားတယ်”ဟု ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ရှိ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံ စာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် သင်တန်းပေးသွားမည့် ဆရာ/မများ၊ ကျောင်းသူကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း ၁၀၀ဝ ဝန်းကျင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနား တက်ရောက်သည့် လှိုင်းဘွဲမြို့နယ်ရှိ ပိန္နဲတောကျေးရွာ အုပ်ချုပ်ရေးမှူး စောကျော်ညွှန့်က “စာတတ်ဖို့က အဓိကပဲလေ။ စာတတ်လာတော့ အရာရာ ပိုအဆင်ပြေလာတာပေါ့။ အရင်က စာမတတ်တော့ ဘာမှ မသိဘူး။ သူများပြောတာပဲ နားထောင်ရတယ်။ စာတတ်တော့ လုပ်ငန်းကိုင်ငန်းတွေအတွက် အဆင်ပြေလာတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
နံနက် ၈ နာရီမှ ၉ နာရီအထိ ပြုလုပ်သည့် ယင်းအခြေခံ စာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ စောချစ်ခင် အဖွင့်အမှားစကားပြောကြားခြင်း၊ လုပ်ဆောင်သွားမည့် စာတတ်ရေးသင်တန်းအပေါ် ပြည်နယ်ပညာရေးမှူး ဦးစိုးမြင့် လမ်းညွှန်စကားပြောကြားခြင်းနှင့် ဒေသခံလူထုတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်း စသည်တို့ ပါဝင်သည်။
လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာများသို့ တစ်လကျော်ကြာ အခြေခံ စာတတ်မြောက်ရေးသင်တန်း ပြုလုပ်ပြီးစီးသွား သည့်အခါ ပိတ်ပွဲအခမ်းအနားကို လှိုင်းဘွဲမြို့၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု ရုံးခန်းမတွင် ပြန်လည်ကျင်းပမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အလားတူ နွေရာသီ အခြေခံ စာတတ်မြောက်ရေးသင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြုလုပ်ခဲ့သည်။