ဧပြီ ၅ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
ဒေသတွင်း ပညာရေးမြင့်မားလာရေးအတွက် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ သထုံခရိုင် ပညာရေး ဌာနမှ ဦးစီး၍ ပထမဆုံးအကြိမ် ခရိုင်အဆင့် ပညာရေးဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲတစ်ခုကို ဘီးလင်းမြို့နယ် တာအူနီ(ဒေါဇံကြီး) ရွာ၌ ဧပြီလ ၄ရက်နေ့တွင် ကျင်းပခဲ့သည်။
ခရိုင်အတွင်းရှိ ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် ယုံကြည်မှုတည်ဆောက်ခြင်း၊ ကရင်ပညာရေးအပေါ် တန်ဖိုးထားခြင်းနှင့် လူမှု ဆက်ဆံရေး ကောင်းမွန်လာခြင်းအတွက် ရည်ရွယ်ကာ Education exchange and awareness workshop ခေါင်းစဉ်ရှိ ဆွေး နွေးဖလှယ်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးဖလှယ်ပွဲ ဖြစ်မြောက်ရေး၌ ပါဝင်သူ ကေအဲန်ယူ ဘီးလင်းမြို့နယ် ပညာရေးဌာန တာဝန်ခံ စောသန်းဦးက “ကလေးတွေအတွက် အနာဂတ် ပညာရေးမြင့်မားဖို့ ဒီနှီးနှောဖလှယ်ပွဲကို လုပ်တာပါ။ ဒီပွဲမှာ ကျနော်တို့ ပညာရေးဌာနနဲ့ အစိုးရတို့ ပညာ ရေးဆိုင်ရာ ကိစ္စရပ်တွေ နှီးနှောဖလှယ်ကြမယ်။ အရင်က တိုက်ပွဲတွေဖြစ်လို့ မလုပ်နိုင်ခဲ့ဘူး။ အခု လုပ်လာနိုင်တာ အရမ်း ဝမ်း သာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
တစ်ရက်တာ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကေအဲန်ယူ သထုံခရိုင်အတွင်း ဘီးလင်း၊ ဖားအံနှင့် သထုံမြို့နယ်များရှိ ဒေသခံ ကျေးရွာတာဝန်ရှိသူများ၊ ကျောင်းဆရာ/မများ၊ ကေအဲန်ယူ ခရိုင်နှင့် မြို့နယ် ပညာရေးဌာန တာဝန်ရှိသူများ အပါအဝင် ကရင်ပညာရေးဌာ (ဗဟို)မှ ကိုယ်စားလှယ်နှင့် ဘီးလင်းမြို့နယ် အစိုးရ ပညာရေးဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း ၁၀၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။
အစိုးရဘက်မှ ဆွေးနွေးဖလှယ်ပွဲ တက်ရောက်သည့် ဘီးလင်းမြို့နယ် ဒုပညာရေးမှူးက ဦးလှတင်က “ကရင်လူမျိုးတွေဟာ ကရင်ဘာသာနဲ့ ကြီးပြင်းလာတယ်။ အဲတော့ သူ့ရဲ့ အစဦး ပညာရေးဟာ ကိုယ့်မိခင်ဘာသာနဲ့ သင်ကြားခွင့် ရှိရမယ်။ အခုက ဗမာစာကို ကရင်လို ပြန်ပြီး သင်နေရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ စီစဉ်ထားတာ ပညာရေးပေါ်လစီ ပြီးမြောက်သွားရင် ကလေးတွေဟာ ကိုယ့်တိုင်းရင်းသားဘာသာနဲ့ ကေဂျီ(သူငယ်တန်း)၊ တစ်တန်း သင်မယ်။ နှစ်တန်းလောက်မှ ဗမာစာကို စသင်မယ်”ဟု ပြောကြားခဲ့သည်။
ကေအဲန်ယူ သထုံခရိုင် ပညာရေးဌာန တာဝန်ခံ ပဒိုစောလွှမ်းအောင်မြတ်ကလည်း ယခုပြုလုပ်သည့် ဆွေးနွေး ဖလှယ်ပွဲကို ကေအဲန်ယူ တာဝန်ရှိသူများ လာရောက်ပြုလုပ်ပေးသည်ဟု မမှတ်ယူဘဲ ဒေသခံများကိုယ်တိုင် ပါဝင်ပြုလုပ်ကြောင်း သဘော ထားကာ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့သည်။
နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် တာဝန်ရှိသူများ အမှာစကား ပြောကြားခြင်း၊ ကရင်ပညာ ရေးဌာန ဗဟိုမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးဖလှယ် ခြင်း ပါဝင်ပြီး တက်ရောက်လာသူများကို လည်း Building Block for better education ဆောင်ပုဒ်ပါ ရှပ်အကျင်္ီများ အခမဲ့ ပေးဝေခဲ့သည်။
ကရင်ပညာရေးဌာန ဗဟို၏ ညွှန်ကြားချက်အရ ကေအဲန်ယူ ခရိုင်များတွင် အလားတူ ပညာရေးနှီးနှော ဖလှယ်များကို ပြုလုပ် လျှက်ရှိသည်ဟု နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးအတွက် ကရင်ကျောင်းဆရာ၊ ဆရာမများ လုပ်ငန်းအဖွဲ့(KTWG)မှလည်း ပူး ပေါင်းကူညီပေးခဲ့ပြီး လာမည့် ၂၀၁၇ ခုနှစ်၌ ယခုလို ပညာရေးနှီးနှောဖလှယ်ပွဲကို ကျင်းပနိုင်ရန် မျှော်လင့်သည်ဟု သထုံခရိုင် ပညာရေးဌာနက ပြောသည်။



















