မတ် ၃၁ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA က မိကရင်တောင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ဒေသခံများနည်းတူ ကန့်ကွက်ကြောင်း မတ်လ ၃ဝ ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ပြောဆိုလိုက်သည်။
ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ မိကရင်တောင်တွင် ပြုလုပ်ရန်ရှိသည့် ယင်းစီမံကိန်းကို ဒေသခံများက လက်မခံသည့်အတွက် မိမိတို့အနေဖြင့် သဘောထားထုတ်ပြန်ခြင်းဖြစ်ကြောင်း DKBA မှဗိုလ်မှူးကြီးစောဆန်းအောင်က ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ပြည်သူတွေ မကြိုက်ဘူး။ ကန့်ကွက်တယ်ဆိုတဲ့ကိစ္စတွေကို တော်လှန်ရေးသမားစစ်စစ်တွေ ဆိုရင် မလုပ်သင့်ပါဘူး။ ကျနော်တို့တော်လှန်ရေးလုပ်တယ်ဆိုတာ ကရင်လူထုအတွက်တင်မဟုတ်ဘဲ ကရင်ပြည်နယ်ထဲက လူထုတွေအတွက် ဖြစ်ပါတယ်။ အခုကိစ္စမှာလည်း ကျနော်တို့ဟာ ပြည်သူတွေနဲ့တသား တည်းရှိနေတယ်ဆိုတာ ပြချင်တာပါ” ဟု ပြောသည်။
အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး မတ်လ ၁၉ရက်နေ့က ဖားအံမြို့၊ သီရိဟိုတယ်တွင် ပြုလုပ်သည့် BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ညှိနှိုင်းဆွေးနွေးမှုအပေါ် ဖားအံမြို့ခံများနှင့် လူမှုအဖွဲ့အစည်းများက မိကရင် ဘိလပ်မြေစက်ရုံ တည်ဆောက်သင့်၊ မသင့် ပြန်လည်သုံးသပ်ပေးရန် ပြောဆိုခဲ့သည်။
ထို့နောက် မတ်လ ၃ဝ ရက်နေ့ ကရင်လက်နက်ကိုင်များစည်းလုံးညီညွတ်ရေးကော်မတီဦးဆောင်မှုဖြင့် ပြုလုပ်သော စီမံကိန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများအပေါ် ဒေသခံများ ကန့်ကွက်သဖြင့် ယင်းအကောင်အထည်ဖော်ရန်ရှိသည့် မိကရင်ဘိလပ်မြေစီမံကိန်းအစီအစဉ်ကို ပြန်လည်ရုုပ်သိမ်း လိုက်ကြောင်း သိရသည်။
ယခု ကန့်ကွက်စာ ထုတ်ပြန်လိုက်သော DKBA မှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြန်လည်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။