မတ် ၃၁ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မိကရင်ကျေးရွာရှိ မိကရင်တောင် တန် ၅၀၀ဝ ဘိလပ်မြေစက်ရုံ တည်ဆောက် မည့် စီမံကိန်းကို ဒေသခံများကန့်ကွက်သဖြင့် အစီအစဉ် ရပ်တန့်ထားလိုက်ပြီဖြစ်သည်ဟု မတ် ၃ဝ ရက်နေ့၊ မိကရင် ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဒေသခံများနှင့်တွေ့ဆုံပွဲတွင် ကရင်လက်နက်ကိုင်များ စည်းလုံး ညီညွတ်ရေး ကော်မတီမှ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
တွေ့ဆုံပွဲ၌ အဆိုပါ ကော်မတီက အစိုးရနှင့် အပစ်ရပ်ထားသည့်အခြေအနေ၊ ကရင် လက်နက်ကိုင်များ ပေါင်းစည်းရေး လုပ်ဆောင်မှု အခြေအနေတို့ကို ရှင်းလင်းခဲ့သလို မိကရင်ဘိလပ်မြေစက်ရုံ စီမံကိန်းအပေါ် ဒေသခံများ၏ လက်မခံမှုကို လေးစားသောအားဖြင့် ဆက်မလုပ်ရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်း အရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။
“ဘိလပ်မြေ စက်ရုံစီမံကိန်းနဲ့ပတ်သက်ပြီး KNU ဘက်က မူ၊ ပေါ်လစီတွေ ရှိသေးတယ်။ ကျနော်တို့ ပေါ်လစီနဲ့ ပြောရမယ်ဆိုရင် အခုက လုပ်ဖို့ စောသေးတယ်။ နိုင်ငံရေးဆွေးနွေးပြီး အေးအေးချမ်းချမ်း တည်ငြိမ်တဲ့ အချိန်ကျမှ အခြေအနေပေါ်မူတည်ပြီး လူထုထောက်ခံရင် လုပ်မယ်။ လူထုမထောက်ခံရင် မလုပ်ဘူး။ ကျနော်တို့ ရဲ့ မိဘဖြစ်တဲ့ လူထုနစ်နာတဲ့ အလုပ်ကိုတော့ မလုပ်ပါဘူး”ဟု ဗိုလ်ချုပ်ကြီးစောဂျော်နီက ပြောသည်။
နေ့တစ်ဝက်ကျော် ပြုလုပ်သည့် ၎င်းတွေ့ဆုံပွဲသို့ ကရင်လက်နက်ကိုင် အဖွဲ့များ စည်းလုံးညီညွတ်မှုကော်မတီ တွင် ပါဝင်သည့် KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် BGF တို့ ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ကရင်အနုပညာရှင်အချို့နှင့် မိကရင် ကျေးနယ်ရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံများ စုစုပေါင်း ၃,၀၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်သည့် ကော့ဖြိုင်ရွာမှ အဖွားတစ်ဦးဖြစ်သူ အဖိစိန်က “ဘိလပ်မြေစက်ရုံတည်ရင် ဧည့်သည်တွေဝင်လာပြီး အိမ်ရှင်တွေ ထွက်ပြေးရမယ်။ ဒီတောင်က ကျမတို့ မှိခိုနေရသလို ကျမတို့ကို ထမင်းကျွေးတဲ့အတွက် မပေးနိုင်ဘူး။ ဒါကြောင့် စက်ရုံမဆောက်ဖို့ ကျမတို့ ကန့်ကွက်တာရတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
BGF ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကလည်း ပြည်သူ မကြိုက်ပါက စီမံကိန်းကို ရပ်တန့်ရမည်သာ ဖြစ်ကြောင်း၊ ဘိလပ်မြေစက်ရုံနှင့်ပတ်သက်၍ ဒေသခံများအား ၅ရာခိုင်နှုန်းရမည်ဟု ပြောဆိုခဲ့သည်မှာ စေတနာဖြင့် ပေးချင်ခြင်းသာဖြစ်ကြောင်းနှင့် တစ်မျိုးသားလုံးအတွက် လုပ်ပေးစေချင်သည့် စေတနာဖြစ်သည့်အတွက် စေတနာမှားဖြစ်သွားလျှင် တက်ရောက်လာသူအားလုံး ၎င်းအား နားလည်ပေးကြရန် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၄ ခုနှစ်ကလည်း မိကရင်ဘိလပ်မြေစက်ရုံတည်ဆောက်ရန် (Myanmar Cement and Mineral Production) ကုမ္ပဏီနှင့် Myanmar Ji Dong Cement ကုမ္ပဏီ လီမိတက်တို့မှ အလားတူ ကြိုးပမ်းမှု များရှိခဲ့သော်လည်း ဒေသခံများက ကန့်ကွက်ခဲ့သဖြင့် တည်ဆောက်ရေးအစီအစဉ်ကို ရပ်တန့်ခဲ့ရသည်။



















