Home သတင်း မြဝတီမှ ပုသိမ်အထိ ပထမဆုံး ယာဉ်လိုင်း‌ပြေးဆွဲရန် မိုးကိုစံကုမ္ပဏီ စီစဉ်

မြဝတီမှ ပုသိမ်အထိ ပထမဆုံး ယာဉ်လိုင်း‌ပြေးဆွဲရန် မိုးကိုစံကုမ္ပဏီ စီစဉ်

2301

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်၊ KNLA တပ်မဟာ (၇)တည်‌ထောင်ထား‌သော မိုးကိုစံကုမ္ပဏီက “ဒို့မိတ်‌ဆွေ” အမည်ဖြင့် မြဝတီ- ရန်ကုန်-ပုသိမ်အထိ သွားနိုင်မည့် (KNU)နှင့် တိုက်ရိုက် ဆက်စပ်‌နေသည့် ပထမဆုံး အ‌ဝေး‌ပြေးယာဉ်လိုင်း တစ်ခုကို ယခုနှစ် မတ်လတွင် စတင်‌ပြေးဆွဲနိုင်ရန် စီစဉ်‌နေပြီဖြစ်‌ကြောင်း ကုမ္ပဏီ၏ Operation manager ‌စောထရူးမန်းက ‌ပြောသည်။

၎င်းက “အခုယာဉ် လိုင်းအတွက် ပုသိမ်မှာ‌တော့ ဂိတ်ငှားထားပြီးပါပြီ။ လုပ်ငန်း လိုအပ်ချက်‌လေး‌တွေ အနည်းငယ် ရှိ‌နေ‌သေးလို့ သုံးလပိုင်းကျမှ စတင်‌ပြေးဆွဲမှာ ဖြစ်ပါတယ်״ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

၂၀၁၂ခုနှစ်‌နောက်ပိုင်းတွင် ပြည်တွင်းရှိ ခရီးသွားပြည်သူများ၏ ခရီးသွားလာမှုမှာ ပိုမိုများပြားလာသည့်အတွက် လုံခြုံမှုနှင့် အဆင်‌ပြေ‌ချော‌မွေ့‌စေ‌ရေး ဝန်‌ဆောင်မှု‌ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး အထူးသဖြင့် နယ်စပ်-ပြည်တွင်း‌နေ ကရင်လူမျိုးများ ပိုမို သွားလာနိုင်‌တော့မည်ဖြစ်‌ကြောင်းလည်း ‌စောထရူးမန်းက ဆက်‌ပြောသည်။

မိုးကိုစံကုမ္ပဏီအ‌နေဖြင့် ယာဉ်လိုင်း‌ပြေးဆွဲနိုင်ရန် ၂၀၁၄ခုနှစ်၊ ‌မေလဆန်းပိုင်းက စတင်ကာ ခရိုင်၊ ပြည်နယ်အဆင့်ဆင့်ရှိ သက် ဆိုင်ရာ အစိုးရ၏ ကုန်းလမ်းပို့‌ဆောင်‌ရေးဌာနများသို့ ‌လျှောက်ထားခဲ့ရာ ၂၀၁၅ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင် ယာဉ်လိုင်း‌ပြေး ဆွဲခွင့် လိုင်စင်ကျခဲ့သည်။
12666530_1116052058440436_1530162373_n
၎င်းကားလိုင်းအ‌နေဖြင့် ယခုနှစ် ဇန်နဝါရီလ ၂၄ရက်‌နေ့မှစတင်၍ မြဝတီ- ရန်ကုန်နှင့် မြဝတီ- ‌တောင်ငူအထိ ‌ပြေးဆွဲသည့် အ‌ဝေး‌ပြေးယာဉ်လိုင်းတစ်ခုကို ခရီးသည် ၁၅ဦး တင်‌ဆောင်နိုင်သည့် Hiage ကားအမျိုးအစား ၈စီးဖြင့် စတင်‌ပြေးဆွဲ‌နေပြီဟု သိရသည်။ ထိုသို့ ‌ပြေးဆွဲရာတွင် မြဝတီ- ‌တောင်ငူ ခရီးစဉ်အတွက် တစ်ဦးလျှင် ၁၃,၅၀ဝကျပ်နှင့် မြဝတီ- ရန်ကုန် ၁၅,၀၀ဝ ကျပ် သတ်မှတ်ထားပြီး မြဝတီ- ပုသိမ် တိုက်ရိုက်ခရီးစဉ်အတွက် ၂၀,၀၀ဝကျပ် ‌ဈေးနှုန်းသတ်မှတ်ထား‌ကြောင်း ကုမ္ပဏီတာ ဝန်ရှိသူများက ‌ပြောသည်။

၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်‌နေ့က KNU နှင့် မြန်မာအစိုးရတို့အကြား ပဏာမ အပစ်ခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် မိုးကိုစံကုမ္ပဏီကို စတင်တည်‌ထောင်ခဲ့ပြီး KNU တပ်မဟာ(၇)၏ တပ်ဖွဲ့ဝင်မိသားစုများအား ‌ထောက်ကူ ‌ပေးနိုင်ရန်အတွက် တည်‌ထောင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

မြဝတီနှင့် ဖားအံမြို့များတွင် ရုံးစိုက်သည့် မိုးကိုစံကုမ္ပဏီသည် လတ်တ‌လောတွင် ခရီးသွားပို့‌ဆောင်‌ရေးလုပ်ငန်းအပြင် အိမ် ‌ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း‌ရောင်းဝယ်‌ရေးနှင့် ဆိုလာအ‌ရောင်းပြခန်းလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသည်။