Home ဆောင်းပါး အာ‌ဘော်‌ဆောင်းပါး

အာ‌ဘော်‌ဆောင်းပါး

2336

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ ခွဲတမ်း‌ပေးခြင်းဟာ အမျိုးသမီးတို့ပါဝင်မှုကို အာမခံခြင်း မဟုတ်ပါ
အမျိုးသမီး‌တွေအ‌ပေါ် ထားရှိတဲ့သ‌ဘောထား အမှန်တကယ် မ‌ပြောင်းလဲရင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေမှာ အမျိုးသမီး‌တွေ ပါဝင်ခွင့်ရထားတဲ့ ၃ဝရာခိုင်နှုန်းဟာ အဓိပ္ပာယ်ကင်းမဲ့‌နေမှာပါ။
သင်းလဲ့ဝင်း၊ ရန်ကုန် (Myanmar Now) –

တက်‌ရောက်သူ ၇ဝဝခန့်အနက် ၇ရာခိုင်နှုန်းသာ အမျိုးသမီးများ ပါဝင်ခွင့်ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ဟာ ကျားမကွဲပြားမှု‌ရေးရာကဏ္ဍမှာ‌တော့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
‌ဆွေး‌နွေးပွဲ ဇန်နဝါရီ ၁၆မှာ ပြီးဆုံးသွားပြီး ‌နောက်တစ်‌နေ့မှာ‌တော့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ဖက်စပ်ဖြစ်တဲ့ The Global New Light of Myanmar သတင်းစာက ‘The four-point proposal approved by the first Union Peace Conference’ (ပထမ အကြိမ် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံက အတည်ပြုလိုက်‌သော အဆိုပြုချက် ‌လေးချက်) ‌ခေါင်းစဉ်ပါ ‌ဆောင်းပါး ‌ဖော်ပြပါ တယ်။

အဲဒီအထဲက တတိယအချက်က ၂ဝ၁၁ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲ‌တွေ စတင်ချိန်ကစလို့ အမျိုး သမီး အခွင့်အ‌ရေးအဖွဲ့‌တွေ တစိုက်မတ်မတ် ‌တောင်းဆို‌နေတဲ့အချက်တစ်ခုကို အ‌သေးစိတ် ‌ဖော်ပြထားတာပါ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ပါ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမူ‌ဘောင်အရ လုပ်မယ့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု အဆင့်အသီး သီးမှာ အမျိုးသမီး‌တွေ ၃ဝရာခိုင်နှုန်းထက်မနည်း ပါဝင်နိုင်‌အောင် လုပ်‌ဆောင်‌ပေးဖို့ ‌ရေးထားပါတယ်။ စာချုပ်ပါ စာသားအရ အမျိုးသမီး အ‌ရေအတွက် သင့်‌တော်တဲ့ ပမာဏတစ်ခုအထိ ပါဝင်ရပါမယ်။

ဒါဟာ ညီလာခံကို တက်‌ရောက်ခဲ့တဲ့ အမျိုးသမီးဦး‌ရေက နည်းပင်နည်း‌သော်ငြား သူတို့‌တွေရဲ့ စွမ်းရည်၊ ရဲရင့်မှုနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုတို့‌ကြောင့် အမျိုးသမီး‌တွေရဲ့‌ပြောဆိုတင်ပြချက်များ အလဟဿ မဖြစ်ခဲ့ဘူးဆိုတာကို ပြသခဲ့တာပါပဲ။ လွန်ခဲ့တဲ့ နှစ်လ ခန့်ကဆိုရင် ဒါမျိုး ဖြစ်ဖို့ဆိုတာဟာ ‌တောင့်တရတဲ့အရာတစ်ခုသာ ဖြစ်ခဲ့တာပါ။

ဒီကာလမတိုင်မီ ဒီဇင်ဘာ ၁၈‌ဆွေး‌နွေးပွဲတစ်ခုမှာ Alliance for Gender Inclusion in the Peace Process (AGIPP) က တာ ဝန်ရှိ ‌ကော်မတီဝင်နှစ်ဦး၊ အမျိုးသမီးနိုင်ငံ‌ရေးသမားတစ်ဦးတို့နဲ့အတူ ကြားဝင်‌မေးမြန်း‌ပြောဆိုသူအဖြစ် ကျမ ‌ဆောင်ရွက်ခဲ့ပါ တယ်။ ဒီအမျိုးသမီးအားလုံးက တပ်မ‌တော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့‌တွေအကြား အမျိုးသမီး‌တွေ ပါဝင်ခဲ့ခြင်း မရှိတဲ့ အ‌ပေါ် စိတ်မ‌ကောင်း ဖြစ်ခဲ့ကြပါတယ်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ‌ကြောင့် လွန်ခဲ့တဲ့နှစ်‌တွေကစပြီး ‌ဒေသခံ‌ထောင်နဲ့ ချီပြီး ထွက်‌ပြေးခဲ့ရတယ်။ သူတို့‌တွေထဲက အများစုဟာ သူတို့မိသားစု‌တွေကို ရှာ‌ဖွေလုပ်ကိုင်‌ကျွေး‌နေရသူ အမျိုးသမီး‌တွေပါ။ တိုက်ပွဲဖြစ်ပွားတဲ့ ‌ဒေသ‌တွေက အမျိုးသမီး ‌တွေအ‌ပေါ် လိင်ပိုင်းဆိုင်ရာ ‌စော်ကားခံ‌နေရ‌ပေမယ့် ကျူးလွန်တဲ့သူ‌တွေဟာ လွတ်‌မြောက်‌နေဆဲဖြစ်ပါတယ်။

ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲက ထွက်‌ပေါ်လာခဲ့တဲ့ ဒီအဆိုပြုချက်ဟာ အမျိုးသမီးအခွင့်အ‌ရေး လှုပ်ရှားသူ‌တွေအတွက် ကြီးမားတဲ့ ‌အောင်မြင်မှုတစ်ရပ်ပါပဲ။ ဒါ‌ပေမဲ့ ငါးရက်ကြာတဲ့ ဒီ‌ဆွေး‌နွေးပွဲကို တက်‌ရောက်သူအမျိုးသမီး‌တွေရဲ့ အ‌တွေ့အကြုံအရဆိုရင်‌တော့ လက်သီးလက်‌မောင်းတန်းဖို့ ‌စော‌နေပါ‌သေးတယ်။

မထီမဲ့မြင် သ‌ဘောထားများ ဆက်ရှိ‌နေ
ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲအပြီး ငါးရက်အကြာ ဇန်နဝါရီ ၂၂ရက်မှာ AGIPP က ဦး‌ဆောင်ကျင်းပတဲ့ ‌ဆွေး‌နွေးပွဲတစ်ခုမှာ ကြား‌နေ ဒိုင်အဖြစ် ကျမ ပါဝင်လိုက်ရပါ‌သေးတယ်။ ‌ပြောဆို‌ဆွေး‌နွေးသွားတဲ့ အမျိုးသမီး ‌လေးဦးစလုံးဟာ ထင်ရှားသူ‌တွေဖြစ်ပြီး သူတို့ရဲ့ လှုပ်ရှားမှု‌တွေမှာ ကြုံ‌တွေ့ရတဲ့ စိန်‌ခေါ်မှုများအ‌ကြောင်း ‌ပြောဆိုသွားကြပါတယ်။

ရန်ကုန်အ‌ခြေစိုက် Myanmar Institute for Peace and Security Studies ကို ထူ‌ထောင်သူ ‌ဒေါ်ခင်မမမျိုးက ‌ဆွေး‌နွေးပွဲ သုံးခုမှာ ၁၅မိနစ်အပြည့် ‌ပြောလိုက်ရ‌ပေမယ့် သူ ‌ဆွေး‌နွေးခဲ့တဲ့ အ‌ကြောင်းအရာ‌တွေဟာ အစည်းအ‌ဝေး ‌နေ့စဉ်မှတ်တမ်းနဲ့ မှတ် စု‌တွေထဲမှာ ပါမလာခဲ့ပါဘူးလို့ ရှင်းပြပါတယ်။ ဒီလိုချည်းပဲ ဖြစ်ဖြစ်‌နေ‌တော့ ‌နောက်ဆုံး အစည်းအ‌ဝေး‌ခေါင်း‌ဆောင်‌တွေရဲ့ ကွန် ပြူတာ‌တွေကိုယူ၊ သူ‌ပြောတဲ့အချက်‌တွေကို သူကိုယ်တိုင်စာရိုက်ပြီး မှတ်တမ်းတင်‌ပေးခဲ့ရပါတယ်။

အမျိုးသား‌ဆွေး‌နွေးသူ‌တွေ၊ ပွဲစီစဉ်သူ‌တွေရဲ့ မထီမဲ့မြင် လုပ်ရပ်‌တွေကို အလားတူ ကြုံ‌တွေ့ရတယ်လို့ အခြား‌ဆွေး‌နွေးသူ‌တွေက လည်း ‌ပြောပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ မသင်းသင်း‌အောင်ရဲ့အ‌တွေ့အကြုံက‌တော့ အစည်းအ‌ဝေးမှာ ဦး‌ဆောင်တဲ့ အမျိုးသားဟာ အမျိုးသမီး‌တွေ ‌ဆွေး‌နွေးသွားတဲ့အချက်‌တွေကို သာမန်ကာလျှံကာ လုပ်ပစ်‌ကြောင်း ရှင်းပြပါတယ်။ အချို့‌သော အမျိုးသား‌တွေက ‌ဆွေး‌နွေးပွဲမှာ ဝင်‌ရောက်‌ဆွေး‌နွေးတဲ့ အမျိုးသမီးအချို့ကို ‘က‌လေးမ’လို့ ‌ခေါ်ဆိုတာမျိုး‌တောင် ကြုံရပါတယ်။

ဒီလိုသ‌ဘောထားမျိုး‌တွေကို ‌ပြောင်းလဲပစ်ဖို့ အချိန်ယူဖို့ လိုပါဦးမယ်။ ဒါ‌ပေမယ့် လတ်တ‌လော လုပ်‌ဆောင်နိုင်တာက‌တော့ ငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ်ထဲမှာ စွမ်း‌ဆောင်ရည်ရှိတဲ့ အမျိုးသမီး‌တွေ ပိုမို ပူး‌ပေါင်းပါဝင်လာ‌စေမယ့်၊ ပံ့ပိုး‌ပေးမယ့် ပတ်ဝန်းကျင် အ‌နေ အထားတစ်ရပ်ရှိလာ‌အောင်၊ မူဝါဒ‌တွေနဲ့ လုပ်ထုံးလုပ်နည်း‌တွေရှိ‌အောင် လုပ်ထားဖို့ပါပဲ။

လိုအပ်‌နေတဲ့ အကူအညီဖြစ်မယ့် မူဝါဒများ
အမျိုးသမီးများကို မြန်မာလူမှုအသိုင်းအဝိုင်းမှာ လူအိုလူနာ ပြုစု‌ပေးသူ၊ အိမ်ရှင်မ၊ မိခင်‌နေရာ‌တွေနဲ့ ‌ခေါင်း‌ဆောင်‌နေရာ‌တွေမှာ ကျယ်ပြန့်စွာ ပါဝင်လုပ်‌ဆောင်‌နေရသူများအဖြစ် လက်ခံနားလည်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီး‌ခေါင်း‌ဆောင်များ၊ တက်ကြွလှုပ် ရှားသူများကို ရံဖန်ရံခါဆိုသလို အ‌ရေးပါတဲ့ ‌ဆွေး‌နွေးပွဲ‌တွေကို ဖိတ်ကြားတတ်‌ကြောင်း ရှမ်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ မသန္တာဦးက ‌ပြောပါတယ်။

“ကျမတို့က အ‌ပေါ်အကျင်္ီ‌လေး ‌ကောက်ဝတ်ပြီး လာလို့ရတာ မဟုတ်ပါဘူး။ အိမ်အလုပ်‌တွေနဲ့ မိသားစု ဗာဟီရကိစ္စ‌တွေကို လုပ် ရပါတယ်။ ကျုပ်တို့က ခင်ဗျားတို့ကို ဖိတ်တယ်။ ခင်ဗျားတို့သာ မလာတာလို့လည်း အ‌ပြောခံရပါ‌သေးတယ်”ဆိုပြီး သူက ရှင်းပြ ပါတယ်။

အခြားနိုင်ငံ‌တွေမှာ ကျင်းပတဲ့ ‌ဆွေး‌နွေးပွဲ‌တွေမှာ က‌လေး‌တွေကို ကြည့်ရှု‌စောင့်‌ရှောက်‌ပေးဖို့ တာဝန်ယူမှု‌တွေ ပါတာ‌ကြောင့် သူ့ရဲ့လသားအရွယ်က‌လေးကို ထားခဲ့နိုင်‌ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲမှာ အဲဒီလို စီစဉ်ထား ခြင်းမရှိ‌ကြောင်း ‌ဒေါ်ခင်မမမျိုးက ‌ပြောပါတယ်။

၂ဝ၁၂ခုနှစ် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့သူ Salween Institute for Public Policy က သု‌တေသနပညာရှင်၊ ၂နှစ်ခွဲအရွယ် သားငယ်ရဲ့မိခင် ‌နော်‌မေဦးမူထ‌ရောက သူလည်း အလားတူ ပြဿနာ ကြုံရတယ်လို ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးများရဲ့ လူမှု‌ရေး၊ စီးပွား‌ရေးအရ ထားရှိတဲ့ အဆင့်အတန်းနိမ့်ကျမှု‌ကြောင့် သူတို့အ‌ပေါ် အသိအမှတ်ပြု မှု မရှိဘူး၊ ဒါ‌ကြောင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များမှာ အ‌ရေးပါတဲ့ အခန်းကဏ္ဍ၊ ဦး‌ဆောင်သူအခန်းကဏ္ဍက‌နေ ပါဝင်နိုင်‌စေဖို့ ပံ့ပိုးကူညီမှု ကင်းမဲ့‌နေခြင်းပါပဲ။ “ကျမတို့ လူမှုအသိုင်းအဝိုင်းရဲ့ စံနှုန်း၊ ထုံးတမ်းစဉ်လာ‌တွေ‌ကြောင့် အမျိုးသမီး‌တွေရဲ့ လိုအပ် ချက်‌တွေအ‌ပေါ် မသိ နားမလည်တာ‌တွေ ပိုဆိုးလာ‌စေတယ်”လို့ သူမက ‌ပြောပါတယ်။

၃ဝရာခိုင်နှုန်း မဖြစ်မ‌နေ ‌ပေးလိုက်လို့လည်း အားလုံးပြီးသွားပြီလို့ မဆိုနိုင်ပါဘူး။ အင်ဒိုနီးရှားနိုင်ငံကို နမူနာကြည့်ပါ။ ပါလီမန်အ တွက် အမျိုးသမီးအမတ် အ‌ရေအတွက် သတ်မှတ်ထားတယ်ဆို‌ပေမဲ့ အမျိုးသမီးအခွင့်အ‌ရေးနဲ့ဆိုင်တဲ့ ကိစ္စ‌တွေကို ‌ဆောင်ရွက် ရာမှာ အ‌ပေါ်ယံလုပ်နိုင်‌အောင် သက်သက် ထည့်‌ပေးထားတာပါ။ အင်ဒိုနီးရှားမှာ အမျိုးသမီး‌တွေကို လွှတ်‌တော်ကိုယ်စားလှယ် ရာထူး ‌ပေးထားခြင်းဟာ အမျိုးသမီး အခွင့်အ‌ရေး တိုးတက်ဖို့ထက် ‌ရွေး‌ကောက်ပွဲမှာ မဲရ‌အောင် ‌ငွေအားနဲ့ဖိတာ‌တွေ၊ မင်းဆက် ပုံစံ နိုင်ငံ‌ခေါင်း‌ဆောင်‌နေရာကို ဆက်ခံတာ‌တွေကိုသာ ပိုပြီးအား‌ကောင်းလာ‌စေပါတယ်။

မြန်မာ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များမှာ အမျိုးသမီး ၃ဝရာခိုင်နှုန်း ပါဝင်ခွင့် ထည့်ထားခြင်းဟာ အကျိုးတစ်စုံတစ်ရာရှိမယ်ဆိုရင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ အမျိုးသမီး‌တွေ ပါဝင်‌နေစဉ်အတွင်း အမျိုးသမီး‌တွေနဲ့ သူတို့လိုအပ်တာ‌တွေကို ပံ့ပိုးကူညီ‌ပေးမယ့် ကျားမ ကဏ္ဍ သဘာဝကို ထည့်သွင်းစဉ်းစားတဲ့ မူဝါဒ‌တွေ၊ လုပ်ထုံးလုပ်နည်း‌တွေ ရှိထားနှင့်ဖို့ လိုပါလိမ့်မယ်။

ဒီလို ပံ့ပိုး‌ဆောင်ရွက်ရာမှာ ‌ဆွေး‌နွေးပွဲ‌တွေ၊ ငြိမ်းချမ်း‌ရေးညှိနှိုင်းပွဲ‌တွေမှာ တက်‌ရောက်သူ အမျိုးသမီး‌တွေရဲ့ က‌လေးငယ်‌တွေကို ထိန်း‌ကျောင်း‌ပေးခြင်းဖြင့် ပံ့ပိုးတာကအစ ပါဝင်တဲ့ အမျိုးသမီး‌တွေ ပိုများလာ‌အောင် တက်တက်ကြွကြွ ‌ဖော်ထုတ်အား‌ပေးတာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံက လက်မှတ်‌ရေးထိုးထားတဲ့ အမျိုးသမီးအခွင့်အ‌ရေး၊ ငြိမ်းချမ်း‌ရေးနဲ့ လုံခြုံ‌ရေးဆိုင်ရာ နိုင်ငံတကာ သ‌ဘောတူစာချုပ်‌တွေ၊ သ‌ဘောတူညီချက်‌တွေကို ‌လေးစားလိုက်နာမှုရှိ‌စေဖို့ တိုက်တွန်းတာအဆုံး ပါဝင်ပါတယ်။

ဒါဆိုရင်‌တော့ အမျိုးသမီး‌တွေရဲ့ ပါဝင်‌ဆောင်ရွက်မှု‌တွေဟာ အဓိပ္ပာယ်ပြည့်ဝလာနိုင်ပြီး အမျိုးသမီး‌တွေနဲ့ သူတို့ရဲ့စကားသံ‌တွေ ကိုလည်း အမျိုးသား‌တွေ‌ပြောတဲ့ စကားသံ‌တွေလိုပဲ ဂရုတစိုက် တ‌လေးတစား ရှိလာကြမှာပါ။ ဒီလိုမဟုတ်ဘူးဆိုရင် မြန်မာ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ အမျိုးသမီး‌တွေပါဝင်ခွင့်ရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရသမျှဟာ အရာထင်လာဖို့ သိပ်အ‌ကြောင်း မရှိ ‌သေးဘူးလို့ ဆိုရပါမယ်။