ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသားများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ထက်သန်စွာထားရှိ လုပ်ဆောင်ကြရန် ကရင် နှစ်သစ်ကူးပွဲ တော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) နာယကကြီးများက တိုက်တွန်း ပြောဆို လိုက်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မဟာဆေးဝဂင်္ဘာ၊ အာလိန်ငါးဆင့်ကျောင်းတိုက်၌ ယနေ ့ပြုလုပ်သည့် ကော်မတီ နာယကကြီးများ ဩဝါဒခံယူပွဲသို ့တက်ရောက်လာသည့် နာယကကြီးများက ထိုသို ့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နာယက တစ်ဦးဖြစ်သူ စောအော်လီဗာထွန်းဦးက “ အရေးကြီးဆုံးက အမျိုးသားရေးစိတ်ဓာတ် ထက်သန်ကြဖို ့ ပြောချင်ပါတယ်။
ဘာလို ့လည်းဆိုတော့ နှစ်သစ်ကူးကျင်းပဖို ့အလှူငွေကောက်ခံတဲ့အခါမှာ ကျနော်လေ့လာ မိပါတယ်။ အပြစ်ပြောစရာတော့ မရှိပါဘူး။ တစ်ချို့အိမ်တွေက ၂၀ဝ ကျပ်ပဲ ထည့်တာတွေ့ရတယ်။ မတတ်နိုင် လို ့ထည့်တာ အကြောင်းမဟုတ်ပေမဲ့ တတ်နိုင်ရဲ့သားနဲ ့အမျိုးသားရေးစိတ် အားနည်းလို ့ဆိုရင် ကျနော်တို ့ အားပေးလုပ်ဆောင်သွားဖို ့လိုပါတယ်” ဟု ဩဝါဒစကားတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
ကရင်အမျိုးသားများ အမျိုးသားရေးအသိစိတ်မြင့်မားလာအောင် ကရင်စာရေးဆရာများ၊ သတင်းနှင့် ပြန်ကြား ရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ပြန်ကြားရေး ဌာန အနေဖြင့်လည်း ကျယ်ကျယ်ပြန် ့ပြန့် သိရှိနိုင်အောင် လုပ်ဆောင်သွားရန် လိုသည်ဟု နာယက စောအော်လီဗာထွန်းဦးက ဆက်ပြောသည်။
ယနေ ့မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၅ နာရီကျော်ထိပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ နာယကကြီးများ ဩဝါဒ ခံယူပွဲသို ့ ကော်မတီနာယက ၁၆ ဦးတက်ရောက်ကာ အမျိုးသားရေး၊ စာပေ ယဉ်ကျေးမှု၊ အသိပညာအတတ်ပညာများလေ့လာဆည်းပူးရန်နှင့် စည်းလုံးညီညွတ်မှုရှိရန် တိုက်တွန်းခဲ့ကာ အခမ်းအနားသို ့ ကော်မတီတာဝန်ရှိသူများ အပါအဝင် ၁၀ဝ ဦးခန် ့တက်ရောက်ခဲ့ပြီး ဩဝါဒခံယူခဲ့သည်။
ဩဝါဒခံယူပွဲ တက်ရောက်လာသည့် အထောက်အကူပြု နာယက အဖွဲ့ဝင် မန်းဖိုးစောက “ ကရင်လူငယ်တွေ အနေနဲ ့အမျိုးသားရေး အသိစိတ်အားနည်းလာတာတွေ့ရတယ်။ ဒီနေ ့အခမ်းအနားမှာတောင် လူငယ်တွေလာ တာအလွန်နည်းတာ တွေ့ရတယ်။ အနီးစပ်ဆုံး အင်းစိန်မြို့နယ်က လူငယ်တွေ လာတာ တအားနည်းတာတွေ့ ရတယ်။ အမျိုးသားရေး အသိစိတ်မြင့်မားလာဖို ့ အားလုံးဝိုင်းလုပ်ဖို ့လိုအပ်ပါတယ်” ဟု ပြောသည်။
ယခုလို ကော်မတီနာယကကြီးများ ဆုံးမဩဝါဒများကို လာနားထောင်ရုံဖြင့်မပြီးဘဲ ကော်မတီအနေဖြင့် လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း ကော်မတီကိုယ်စား ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ဥက္ကဌ ပါမောက္ခ မန်းရွှေပြည်အေးက ပြောသည်။
အဆိုပါ နာယကကြီးများ ဩဝါဒခံယူပွဲသို ့ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးကရင်ရေးရာဝန်ကြီးမှာ ခရီးလွန် နေသည့် အတွက် မတက်ရောက်နိုင်သလို
ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ ့တွင်ပြုလုပ်သည့် အထွေထွေရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကရင်ရေးရာဝန်ကြီးနေရာ အရွေးခံရသူ NLD ပါတီကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း ကော်မတီတာဝန်ရှိသူများထံမှသိရသည်။
ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) အနေဖြင့် ရှေ့ကရင်လူကြီများ ဆုံးမဩဝါဒ များကို ကရင်လူငယ်များ နာခံလိုက်လျောက်တက်သည့် အစဉ်အလာကောင်းကို ထိန်းသိမ်းသည့် အနေဖြင့် နှစ်စဉ် ကရင်နှစ်သစ်ကူးပွဲတော် မကျင်းပမီ ကော်မတီနာယကကြီးများဩဝါဒခံယူပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း ကော်မတီတာဝန်ရှိသူများထံမှ သိရသည်။



















