ဒီဇင်ဘာ ၁၆ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမှ ၁၆လကြာ ဖွင့်လှစ်သော မျိုးဆက်သစ် ကရင်လူငယ်သင်တန်း ကျောင်း၏ အပတ်စဉ် (၆) သင်တန်းကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၁၆ရက်နေ့တွင် ဖားအံခရိုင်၊ KNU တပ်မဟာ (၇)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဋ္ဌာနချုပ် သေဘေ့ထတွင် ကျင်းပပြုလုပ်ခဲ့သည်။
KNU တပ်မဟာနှင့် ခရိုင် ၇ခုအပြင် ဗိုလ်ချုပ် စောထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ကရင်လူငယ်ကွန်ရက် KYN နှင့် ဧရာဝတီတိုင်းရှိ ကရင်လူငယ်များပါဝင်သော သင်တန်းသူ သင်တန်းသား ၃၃ဦးအား ၂၀၁၄ခုနှစ် ဇွန် ၁၇ရက်နေ့မှ ၂၀၁၅ ဒီဇင်ဘာ ၁၆ရက်နေ့အထိ သင်တန်းပို့ချခဲ့ ပြီးနောက် ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။
မျိုးဆက်သစ် ကရင်လူငယ်သင်တန်း ကျောင်းအုပ် ပဒိုစောလစ္စတန်က “ဒီသင်တန်းမှာ အခြေခံ အတွေးအခေါ် မှန်ကန်ဖို့လိုတဲ့ အပိုင်းတွေကို အဓိကထားပြီး ပေးတဲ့အပေါ်မှာ ကလေးတွေက မှန်ကန်တဲ့ အတွေးအခေါ်တွေ ရယူဖို့ လုပ်သွားရမှာပေါ့လေ။ အုပ်ချုပ်မှုရဲ့ အတတ်ပညာ သော်၎င်း၊ နိုင်ငံရေးအသိအတွေးသော်၎င်း၊ နိုင်ငံရေး နဲ့ စစ်ရေး ဒွန်တွဲပြီး အထောက်အကူပြုပြီးတော့ ဆောင်ရွက်ရမယ့် အပိုင်းတွေက အစ သူတို့ သိနေတဲ့အပေါ်မှာ အရှေ့ခရီးမှာ ကျရာတာဝန်ကနေ ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
ယခင် သင်တန်း အပတ်စဉ်များက ပြီးစီးခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား ၇ဝ ရာခိုင်နှုန်းအထက်သည် ၎င်းတို့ သက်ဆိုင်ရာ ဒေသအလိုက် အမျိုးသားအကျိုးပြုလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ဝင်ရောက်လုပ်ကိုင်နေ သကဲ့သို့ လက်ရှိ သင်တန်းပြီးကြသည့် သင်တန်းများလည်း အလားတူ ပြန်ပြီး လုပ်ကိုင်ရန် မျှော်လင့်ကြောင်း လည်း စောလစ္စတန်က ဆက်ပြောသည်။
၎င်းမျိုးဆက်သစ် လူငယ်သင်တန်းကျောင်းတွင် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ ကရင့်သမိုင်း၊ KNU မူဝါဒ၊ ရုံးလုပ်ငန်း၊ ခေါင်းဆောင်မှု၊ KNU လက်အောက်ခံရှိ ဌာနဆိုင်ရာ ၁၄ခု၏ မူဝါဒနှင့်လုပ်ဆောင်ချက်များ၊ အခြေခံ ခန္ဓာကိုယ် ကြံ့ခိုင်ရေး၊ အဂင်္လိပ်၊ ကွန်ပျူတာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူအခွင့်အရေး ဘာသာ ရပ်တို့ကို KNU ဗဟိုမှ သင်တန်းဆရာများနှင့် ပြည်တွင်း၊ပြည်ပမှ သင်တန်းဆရာ ၁ဝခန့် သင်ကြားပို့ချပေးခဲ့ သည်ဟု သိရသည်။

ဖာပွန်ခရိုင်မှ လာသည့် သင်တန်းသူ နော်ဖောဟေ့ဘလုကလည်း “ဒီကျောင်းကို တက်ခြင်းအားဖြင့် ကရင့် သမိုင်းတွေ သိလာတယ်။ တော်လှန်ရေးသတင်းတွေ သိလာတယ်။ အခု လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအကြောင်းကိုလည်းသိလာတယ်။ ဘာကို ပြန်လုပ်ဖို့ စိတ်ကူးရှိလဲဆိုတော့ လူကြီးတွေ သင့်တော်မယ် ထင်ရတဲ့ နေရာမှာချထားရင် တတ်နိုင်တဲ့ဘက်ကနေ တတတ်တအား ပြန်ကူညီဆောင်ရွက်သွား မယ်လို့ စဉ်းစားတယ်။ ״ဟု ပြောသည်။
သင်တန်းဆင်းပွဲသို့ KNU မှ အတွင်းရေးမှူး (၁)ပဒို စောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ KNLAမှ စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထူးဝေါ်၊ G1 ဗိုလ်မှူး စောတာမလာသော၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC )မှ တာဝန်ရှိသူများ၊ KNU လက်အောက်ခံရှိ ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကရင်လူမှုအဖွဲ့အစည်း ကိုယ်းစားလှယ်များ၊ မဟာမိတ်များ၊ KNLA တပ်မှူး၊ တပ်သားများနှင့် ကျောင်းသူကျောင်းသားများအပါအဝင် ပရိဿတ် ၃၀ဝ ဦးကျော် တက်ရောက်ခဲ့သည်။
မျိုးဆက်သစ် ကရင်လူငယ်သင်တန်းကျောင်းကို (၁၄) ကြိမ်မြောက် KNU၏ ကွန်ကရက်ဆုံးဖြတ်ချက်အရ ကွယ်လွန်သူ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ ဦးဆောင်မှုဖြင့် ကရင်အမျိုးသား တော်လှန်ရေးကို ဆက်လက် တာဝန်ယူရန်၊ မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်မှုတွင် ဦးဆောင်နိုင်ရန်၊ အခြေခံ စစ်ပညာတတ်မြောက်ရန် ရည်ရွယ်၍ KNU ထိန်းချုပ်နယ်မြေ ဝေါ်လေခီးနေရာ၌ အပတ်စဉ် (၁)အဖြစ် ၂၀၀၂ ခုနှစ်တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့သည်။
ကရင်အမျိုးသား နိုင်ငံရေးမျှော်လင့်ချက်ပန်းတိုင် ပြည့်ဝရန်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ကာ လာမည့် သင်တန်းအပတ်စဉ် (၇)တွင် KNU တပ်မဟာ၊ ခရိုင်တို့မှ လူငယ်များအပြင်၊ KNU မှ ခွဲထွက်သွားသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ KNU/KNLA-PC၊ ကရင်နယ်ခြားစပ်စောင့်တပ် BGFတို့မှ လူငယ် များကိုလည်း ဖိတ်ခေါ်သွားမည်ဟု မျိုးဆက်သစ်ကရင်လူငယ်သင်တန်းကျောင်း တာဝန်ရှိသူများက ပြောသည်။



















