နိုဝင်ဘာ ၁၁ရက်၊၂၀၁၅ ခုနှစ်။ နန်းဝေဖြိုးဇာ၊ စအိုင်စူး
ကရင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို့အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးပြခန်းတစ်ခုကို ယခုနှစ် နိုဝင်ဘာ ၁ဝရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နှစ် ၆ဝပြည့် ကရင်ပြည် နယ်နေ့ ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေးပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးပြခန်းတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်နှင့် အစိုးရတို့ကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ၂၀၁၁ခုနှစ်မတိုင်ခင် လုပ်ဆောင်ခဲ့သည့်အပိုင်း၊ ၂၀၁၁ နှောင်းပိုင်းမှ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ထိုးခဲ့သည့် အချိန်ထိနှင့် NCA ထိုးပြီးနောက်ပိုင်း ဆက်လက် ဖော်ဆောင်မည့် အခြေအနေများကို အပိုင်းသုံးပိုင်းခွဲ ပြသထားသည်ဟု ငြိမ်း ချမ်းရေးပြခန်းဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကရင်ပြည်နယ် လူမှုသုတေသနအဖွဲ့ (RISE)မှ တာဝန်ခံ နန်းမြ သီတာက အခုလို ပြောသည်။
“NCA မှာ ပြည်သူတွေအတွက် ဘာတွေချုပ်ဆိုထားတာရှိလဲ။ နောက်ပြီး ပြည်သူတွေက ဘယ်အခန်းမှာ ဝင်ပါနိုင်မလဲ။ အဲဒါ တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ပြသထားတယ်”ဟု နန်းမြသီတာက ကေအိုင်စီသို့ ပြောသည်။
ပြခန်းသို့ လာရောက်လေ့လာသူများကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ပြန်ကြားရေးနှင့် စည်းရုံးရေးဋ္ဌာနက ဦးဆောင်ပြုစုထုတ်ဝေသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့်ဆင့် မှတ်တမ်းစာအုပ်ကို ဖြန့်ဝေခဲ့သလို မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဋ္ဌာန (Mynamar Peace Center-MPC)မှ ခေါင်းစဉ်များ၊ NCA စာချုပ်ပါ စာအုပ်တို့ကို ပြန်လည်ပေး အပ်ခဲ့သည်။
အဆိုပါပြခန်းသို ့သွားရောက်ကြည့်ခဲ့သူ စောဖိုးနီက “ဒီပြခန်းထဲမှာ NCA စာချုပ်အကြောင်းကို တွေ့ရတယ်။ ငြိမ်းချမ်းရေးနဲ့ ဆို ဆုံးမ အတွေ့အကြုံစကားတွေ တွေ့ရတယ်။ ဒီမှာ စာရွက်စာတမ်းတွေ ဓာတ်ပုံမှတ်တမ်း၊ အမှတ်အသားတွေ တကယ်လုပ်တာ တွေကို တွေ့ရလို့ တို့တွေ မသိတာ တွေ့သိလိုက်ရတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်နေ့မှာ နိုဝင်ဘာလ ၇ရက်နေ့တွင် ကျရောက်သော်လည်း ရွေးကောက်ပွဲရက်ကြောင့် ထိုနေ့တွင် ပြည်နယ်အစိုးရ ရုံးဝင်းအတွင်း၌ အကျဉ်းချုံး အခမ်းအနား ပြုလုပ်ခဲ့ပြီး ပွဲတော်ဖွင့်ပွဲကျမှသာ ဋ္ဌာနဆိုင်ရာများ ပါဝင်သည့် ပြခန်းအသီးသီးကို ဖွင့် လှစ်ခြင်းဖြစ်ရာ ငြိမ်းချမ်းရေးပြခန်း စတင်ဖွင့်သည့်နေ့တွင် လူ ၃,၀၀ဝဦးခန့် လာရောက်ကြည့်ရှုခဲ့ကြသည်ဟု ပြခန်းတာဝန်ရှိသူ များထံမှ သိရသည်။
နိုဝင်ဘာလ ၁ဝရက်နေ့တွင် ပြည်နယ်နေ့ပွဲတော် မုခ်ဦး ဖွင့်လှစ်ခြင်းအပြင် ဇာတ်ပွဲ၊ ဂီတပွဲ စသည့် ဖျော်ဖြေရေးအစီအစဉ်များနှင့် မြို့နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်သည့် ဒုံးပြိုင်ပွဲကိုလည်း နိုဝင်ဘာလ ၁၄ရက်နေ့အထိ ကျင်းပသွားမည်ဟု ပွဲတော်စီစဉ်သူ များထံမှ သိရသည်။
၎င်းငြိမ်းချမ်းရေးပြခန်းကို ယခုလ ၁၇ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မဲစမိတ်ကျေးရွာ၌ ကျင်းပမည့် ကရင်လူငယ်ညီလာခံတွင် လည်းကောင်း၊ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီတွင် မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာ၌ ကျင်းပမည့် ကရင်နှစ်ကူးပွဲတော်တွင်လည်းကောင်း ထပ်မံ ပြသသွားရန်ရှိသည်ဟု စီစဉ်သူများက ပြောသည်။
၁၉၅၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ကျင်းပသည့် (၁၄)ကြိမ်မြောက် ကရင်ပြည်နယ် ကောင်စီညီလာခံမှ ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရာ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်သမ္မတမှ အတည်ပြု လက် မှတ်ရေးထိုးခဲ့သည့် နိုဝင်ဘာလ(၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်ခဲ့ကာ ထိုနေ့တွင်ပင် ပထမဦးဆုံးအကြိမ်အဖြစ် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။



















