Home ဆောင်းပါး အနာဂတ်အတွက် မျိုးဆက်သစ် ကရင်လူငယ်သင်တန်း‌ကျောင်း

အနာဂတ်အတွက် မျိုးဆက်သစ် ကရင်လူငယ်သင်တန်း‌ကျောင်း

2063
‌ဆောင်းပါး-စဖန်း‌ရှောင်း
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

“‌ခေါင်း‌ဆောင်ဆိုတာ အသိအမှတ်ပြု‌လောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်”။
ဒီစာသား‌လေးက‌တော့ ကျဆုံးသွားပြီဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းရဲ့ အုတ်ဂူမှာ‌ရေးထိုးထားခဲ့တဲ့ သူ့ရဲ့စကား‌လေး ဖြစ်ပါတယ်။

နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်းများရဲ့ တိုးတက်မှုဖြစ်စဉ်‌တွေမှာ မှန်ကန်‌ကောင်းမွန်တဲ့ ‌ခေါင်း‌ဆောင်မှုဖြစ်ဖို့အတွက် အရည်အချင်း ပြည့်ဝတဲ့ ‌ခေါင်း‌ဆောင်‌ကောင်း‌တွေ ထွက်‌ပေါ်လာဖို့ ပဒိုမန်းရှာလားဖန်းအ‌နေနဲ့ မျိုးဆက်သစ်ကရင်လူငယ်သင်တန်း‌ကျောင်းကို ပထမဆုံး စတင် အ‌ကောင်အထည်‌ဖော်လိုက်တာ ဖြစ်ပါတယ်လို့ ‌ကျောင်းအုပ်အဖြစ် လက်ရှိ တာဝန်ယူ‌နေတဲ့ ပဒို‌စောလစ္စတန် က ‌ပြောပါတယ်။

“အဖွဲ့အစည်း‌တွေအ‌နေနဲ့ လူငယ်‌တွေ ‌တော်‌တော်များများ ‌မွေးထုတ်‌ပေးခဲ့ဖူးတယ်။ သို့‌ပေမယ့်လည်း ဖြစ်ထွန်းမှု‌တွေမှာ ပြန်သုံး သပ်ကြည့်လိုက်‌တော့ သိပ်ပြီးအဆင်မ‌ပြေလှဘူး။ အဲဒီအတွက် အနာဂတ် လူငယ်‌ခေါင်း‌ဆောင်ဆိုတာ ‌သေ‌သေချာချာ စနစ်တ ကျနဲ့ ပြုစုပျိုး‌ထောင်မှ ဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ပဒိုမန်းရှာက အ‌ကောင်အထည်‌ဖော်လိုက်တာ ဖြစ်ပါတယ်”

မျိုးဆက်သစ် ကရင်လူငယ်သင်တန်း‌ကျောင်းကို ‌ကေအဲန်ယူ၊ ခရိုင် (၇)မှာရှိတဲ့ လူငယ်တစ်ရာခန့်နဲ့ ‌ကေအဲန်ယူ ထိန်းချုပ်နယ် ‌မြေတစ်ခုဖြစ်တဲ့ ‌ဝေါ်‌လေခီး‌နေရာမှာ အပတ်စဉ်(၁)အဖြစ် ၂၀၀၂ခုနှစ်မှာ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ‌ကျောင်း ‌ကော်မတီ ဥက္ကဌ ပဒိုမန်းရှာလားဖန်း၊ ‌ကျောင်းအုပ်အဖြစ် လက်ရှိ ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁)ဖြစ်တဲ့ ပဒို‌စော‌သောသီ ဘွဲက တာဝန်ယူခဲ့ပါတယ်။

သင်တန်း‌ကျောင်းကို စတင် ဖွင့်လှစ်တဲ့အချိန် တိုက်ပွဲဖြစ်ပွားမှုများနဲ့ နယ်‌မြေမတည်ငြိမ်မှုများ‌ကြောင့် ‌သေ‌ဘေထ၊ ‌လေးဝါး၊ အီတူးထာ့ စတဲ့‌နေရာ‌တွေမှာ ‌ပြောင်း‌ရွှေ့ဖွင့်လှစ်ခဲ့ရပြီး ‌ကျောင်းအုပ်များအဖြစ် ပဒို‌စော‌သောသီဘွဲ၊ ပဒို‌စော‌ဇော်‌နောင်၊ ပဒို‌စော သမိန်ထွန်းတို့က အသီးသီး တာဝန်ခဲ့ကြတာ ဖြစ်ပါတယ်။

အခက်အခဲအမျိုးမျိုးကြားက ဖွင့်လှစ်လာခဲ့တာ ယခု ကရင်ပြည်နယ်အတွင်းရှိ ‌သောင်ရင်းမြစ်ကမ်းအနီး ‌သေ‌ဘေထနယ်‌မြေမှာ အပတ်စဉ်(၆)သင်တန်းရှိပြီဖြစ်ပြီး KNU တပ်မဟာ(၆) ခရိုင်အတွင်း‌ရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ ပဒို‌စောလစ္စတန်က ‌ကျောင်း အုပ်တာဝန်ကို ၂၀၁၄ခုနှစ်က‌နေ စတင် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း မှီတင်း‌နေထိုင်‌နေကြတဲ့ ကရင်လူမျိုးများရဲ့ရပိုင်ခွင့် အခွင့်အ‌ရေးအတွက် ကရင်‌ခေါင်း‌ဆောင်ကြီး‌တွေဟာ အနှစ် ၆၀‌ကျော်ကြာသည့်တိုင်‌အောင် ဦး‌ဆောင်တိုက်ပွဲဝင်ခဲ့ကြသလို အနာဂတ်မှာ ဆက်လက်ဦး‌ဆောင်မယ့် အရည်အချင်း ပြည့်ဝတဲ့ ကရင်‌ခေါင်း‌ဆောင်‌ကောင်း‌တွေ ထွက်‌ပေါ်လာ‌ရေးဟာလည်း များစွာ အ‌ရေးကြီးလှပါတယ်။

အဲဒီအတွက် မျိုးဆက်သစ်သင်တန်း‌ကျောင်းက‌နေ ဖက်ဒရယ်စနစ်နဲ့ သက်ဆိုင်တဲ့ဘာသာရပ်၊ ကရင့်‌တော်လှန်‌ရေးသမိုင်း၊ မြန် မာ့သမိုင်း၊ နိုင်ငံ‌ရေးသိပံ္ပ၊ ‌ခေါင်း‌ဆောင်မှုနဲ့စီမံခန့်ခွဲမှု၊ ပထဝီနိုင်ငံ‌ရေး၊ ကွန်ပြူတာနဲ့ အ‌ခြေခံစစ်သင်တန်းများကို သင်တန်းကာလ ၁နှစ်နဲ့ ၆လကြာ သင်ကြား‌ပေး‌နေပါတယ်။

ဒီသင်တန်း‌ကျောင်းမှာ အ‌ခြေခံစစ်သင်တန်း ထည့်သွင်းရတာနဲ့ ပတ်သက်လို့ ‌ကျောင်းအုပ်ဖြစ်သူ ပဒို‌စောလစ္စတန်က “စစ်သင် တန်းဆိုတာက လူတိုင်း တတ်ထားသင့်တဲ့ပညာ ဖြစ်ပါတယ်။ ကိုယ်လက်ကျန်းမာကြံ့ခိုင်‌ရေးအပြင် စစ်‌ရေးဆိုတာ ခက်ခဲကြမ်း တမ်းတယ်။ ‌နောက် စစ်သင်တန်းတက်ခြင်းအားဖြင့် စည်းကမ်းပိုင်းဆိုင်ရာ‌တွေအပြင် စစ်သား‌တွေဘဝကို နားလည်လာမယ်။ ‌ခေါင်း‌ဆောင်ဖြစ်လာမယ့် လူငယ်‌တွေကို ‌ပေါ့‌ပေါ့ပါးပါးနဲ့ ‌ခေါင်း‌ဆောင်ဖြစ်လာတာ မလိုလားပါဘူး။ ခက်ခဲတဲ့ ဖြတ်သန်းမှုရှိမှ သူ တို့ရဲ့‌ခေါင်း‌ဆောင်မှုဟာ ‌လေးနက်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

‌ကေအဲန်ယူရဲ့ဖွဲ့စည်းပုံအရ ဌာနဆိုင်ရာ ၁၄ခုရှိတဲ့အနက် ဗဟို စည်းရုံး‌ရေးဌာနရဲ့ ကွပ်ကဲမှုနဲ့ ဖွင့်လှစ်ထားတဲ့ မျိုးဆက်သစ် ကရင်လူငယ်သင်တန်း‌ကျောင်းမှာ ဘာသာရပ်များကို နိုင်ငံအသီးသီးရှိ ‌စေတနာ့ဝန်ထမ်းဆရာများနဲ့ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင် အချို့က အလျင်းသင့်သလို သင်ကြား‌ပေး‌နေပါတယ်။ KNU ခရိုင်(၇)ခု၊ အထူးသဖြင့် စစ်မက်ဖြစ်ပွားခဲ့ဖူးတဲ့ နယ်‌မြေ‌ဒေသအသီး သီးက လာတက်‌ရောက်တဲ့ လူငယ်‌မောင်မယ်‌တွေရဲ့ ‌နောက်ခံဘဝအ‌ခြေအ‌နေ၊ ဦးတည်ချက်နဲ့ ရည်မှန်းချက်‌တွေဟာ တစ် ‌ယောက်နဲ့တစ်‌ယောက် မတူညီနိုင်ကြပါဘူး။

သင်တန်းသားတစ်ဦးဖြစ်သူ ‌စောတူးတူး‌လေးက‌တော့ “ကျ‌နော့်အ‌နေနဲ့ သမိုင်း၊ ‌ကေအဲန်ယူ‌ပေါ်လစီ ဗဟုသုတအ‌ထွေ‌ထွေ နိုင်ငံ ‌ရေး အ‌ခြေခံအများကြီး‌တော့ ရတာ‌ပေါ့။ ဒါ‌ပေမဲ့ အများအားဖြင့် အ‌ခြေခံက များတယ်။ ‌ရှေ့ဆက်လုပ်မယ့် ရည်ရွယ်ချက်က ‌တော့ ဗိုလ်သင်တန်းပြန်တက်မယ်။ ကျ‌နော် လုပ်ကူနိုင်တာ‌တွေကို ပြန်ကူညီမယ်။ လူမျိုးအတွက်က‌တော့ ကိုယ်တတ်နိုင်တဲ့ဖက် က လုပ်‌ပေးချင်တယ်”လို့ ‌ပြောပါတယ်။

နှစ်‌ပေါင်းများစွာ စစ်‌ဘေးစစ်ဒဏ်ကို ပုန်း‌အောင်း‌ပြေးလွှားခဲ့ကြရတဲ့ အ‌ခြေအ‌နေ၊ မတည်ငြိမ်ခဲ့တဲ့ နယ်‌မြေအတွင်း ဖွင့်လှစ်သင် ကြားခဲ့ရတဲ့ သင်တန်း‌ကျောင်းဖြစ်တဲ့အတွက် အစစရာရာ ယိုယွင်းအားနည်းမှု‌တွေ မပြည့်စုံမှု‌တွေဟာ ‌ကျောင်းရဲ့ရင်ဆိုင်‌နေရတဲ့ အခက်အခဲ‌တွေဖြစ်သလို ယခုအထိလည်း အဲဒါ‌တွေကို ရင်ဆိုင်‌နေရဆဲ ဖြစ်ပါတယ်။

အစိုးရနဲ့ ‌ကေအဲန်ယူတို့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေချိန်။ ‌ကေအဲန်ယူ အပါအဝင် တိုင်းရင်းသားအဖွဲ့ (၈)နဲ့ အစိုးရတို့ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် NCA လက်မှတ်‌ရေးထိုးပြီး မတရားအသင်းအဖြစ် ပယ်ဖျက်ခံရပြီး‌နောက် ပိုင်း ပွင့်လင်းလွတ်လပ်မှု အနည်းငယ်ရှိလာချိန်မှာ သင်တန်း‌ကျောင်းကို တိုးချဲ့ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိ‌ကြောင်းလည်း သိရပါ တယ်။

နှစ်‌ပေါင်းများစွာကြာမြင့်ခဲ့တဲ့ ကရင့်‌တော်လှန်‌ရေးသမိုင်းဟာ ‌ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေအရ လက်နက်ကိုင် စစ်‌မြေပြင်တိုက်ပွဲက‌နေ ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာပြီး မိမိတို့ရဲ့ ရပိုင်ခွင့်အခွင့်အ‌ရေး‌တွေအတွက် ‌တောင်းဆိုတိုက်ပွဲဝင်ရမယ့် စားပွဲဝိုင်းတိုက်ပွဲ ဖြစ်လာ‌တော့မယ်လို့ သုံးသပ်‌နေသူ‌တွေလည်း ရှိပါတယ်။

အဲဒီအတွက် ကရင်လူမျိုးတို့ရဲ့သမိုင်း‌ပေးတာဝန်ကို ပုခုံး‌ပြောင်းထမ်း‌ဆောင်မယ့် အနာဂတ်ကရင်လူငယ်များထဲမှ အသိပညာရှင် အတတ်ပညာရှင် များစွာ ‌ပေါ်ထွက်ရန်လိုအပ်ပြီး “‌ခေါင်း‌ဆောင်ဆိုတာ အသိအမှတ်ပြု‌လောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်” ဆိုတဲ့ ပဒိုမန်းရှာရဲ့ စကားနဲ့အညီ အ‌တွေ့အကြုံရှိ‌သော၊ ရင့်ကျက်‌သော၊ ပညာဉာဏ်ကြီးမား‌သော လူထုကို လမ်းပြဦး‌ဆောင် နိုင်‌သော ‌ခေါင်း‌ဆောင်‌ကောင်းများ ယင်းမျိုးဆက်သစ်ကရင်လူငယ်သင်တန်း‌ကျောင်းက ထွက်‌ပေါ်လာဖို့ ‌မျှော်လင့်မိ‌ကြောင်း…။

‌ဆောင်းပါး-စဖန်း‌ရှောင်း