ဇူလိုင် ၄ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ကော့သင်းရှူးကျေးရွာသား NLD ပါတီဝင်တစ်ဦးကို ဇူလိုင်လ ၁ရက်နေ့ည သန်းခေါင်အချိန်တွင် နေအိမ်၌ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု သူ၏သမီးဖြစ်သူက ကေအိုင်စီပြောသည်။
“ပါပါ့ ပစ်သတ်ခံရတာ ည၁၂နာရီနဲ့ ၁နာရီကြားမှာ အိပ်တဲ့အခါကျတော့ ဘယ်သူလာသတ်သွားတာလည်းတော့ မသိဘူး။ ဒါပေ မဲ့ သေနတ်နဲ့ပစ်သတ်တာ နောက်ဆုံး ၃ချက်မှ သေနတ်သံကြားရတယ် ပြေးဆင်းလာတဲ့အချိန်မှာ လူတစ်ယောက်မှ မတွေ့ တော့ဘူး။ ထွက်ပြေးသွားကုန်တယ်။ သေနတ်နဲ့ အချက် ၁၀လောက်ပစ်တယ်။ တစ်ကိုယ်လုံးပဲ ပစ်တယ်”ဟု မန်းကျော်နီ၏ သမီး နန်းဖြူဖြူခိုင်က ပြောသည်။
မည်သူမည်ဝါ ပစ်သတ်သည်ကို မသိရသေးသော်လည်း သေဆုံးသူမှာ ရင်ဘတ်၊ ကြော၊ ခြေထောက်များ ထိမှန်ကာ အသတ်ခံ ရသည့်နေရာတွင်ပင် ရဲမှ သေနတ်ကျည်ခွံ ၁ဝခု ကောက်ယူရရှိထားသည်ဟုလည်း သူမက ဆက်လက်ပြောဆိုသည်။
အိန်ထဲကျေးရွာ NLD ဥက္ကဌ မန်းကြည်လင်းက “ဘယ်သူလာသတ်တာလဲမသိဘူး။ ဒါပေမယ့် သူက တို့တောင်သူလယ်သမား တွေကို ကူညီပေးတဲ့လူတစ်ယောက်ဖြစ်တယ်။ သူ မသေခင်တောင်မှ မြေစာရင်းဌာနက စွပ်စွဲထားတဲ့ ရွာသားတွေကို ပြည် ထောင်စုလွှတ်တော်က ချမှတ်ထားတဲ့ မူဝါဒနဲ့ မကိုက်ညီလို့ ပြည်ထောင်စုလွှတ်တော်ဥက္ကဌဆီမှာ တင်ပြပေးဖို့ ကရင်ပြည်နယ် လွှတ်တော်အမတ်ဆီကိုတောင် အကူအညီတောင်းထားတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သေဆုံးသွားသည့် စောကျော်နီသည် ဒေသမြေယာပြဿနာများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးသူတစ်ယောက်ဖြစ်သည့်အပြင် ဒေသအတွင်းရှိ မူးယစ်ဆေးဝါးပပျောက်ဖို့ ဝိုင်းဝန်းဆန့်ကျင်သည့်သူတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD တွင်လည်း ပါတီဝင်တစ်ဦးဖြစ်သည်။
အဆိုပါသေဆုံးသွားသူ NLD ပါတီဝင်၏ အလောင်းကို ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များက သယ်ဆောင် သွားခဲ့ပြီး ၎င်း၏ဈာပနကို ယနေ့ ပြုလုပ်ခဲ့သည်။


















