ဇွန် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
မြန်မာနိုင်ငံအတွင်း အစိုးရစစ်တပ်များ ဆက်လက်ချိုးဖောက်နေသည့် အကျဉ်းရုံးသတ်ဖြတ်ခြင်း၊ ညှမ်းပမ်းနှိပ်စက်ခြင်းနှင့် လယ်ယာမြေသိမ်းပိုက်ခြင်းဆိုင်ရာ လူ့အခွင့်အရေးကိစ္စများကို ထင်ဟပ်စေရန် ရည်ရွယ်၍ ND-Burma ခေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)မှ ဇွန် ၁၁ရက်နေ့စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။
အသိအမှတ် ပြုရန်နှင့် ပြုပြင်ရန် “အလွတ်သဘော အမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး”အမည်ရှိ ၎င်းအစီရင်ခံစာတွင် ချိုးဖောက်မှု သုံးခုနှင့်ပတ်သက်၍ နစ်နာခဲ့သူများ အတွက် အစိုးရအနေဖြင့် ဆွေးနွေးမှုများ စတင်ဆောင်ရွက်ရန်၊ ပြန်လည်ကုစားမှုအစီအစဉ်များ တာဝန်ယူသွား ရန်၊ အတိတ်နှင့် လက်ရှိကာလအတွင်း ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝန်ခံရန်နှင့် တောင်းပန်ရန် စသည်တို့ကို အဓိကထား တိုက်တွန်းထားခြင်းဖြစ်သည်။
ND-Burma ညှိနှိုင်းဆောင်ရွက်ရေးမှူးဖြစ်သူ ဦးဟန်ကြီးက “လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့ ကွန်ရက် တည်ထောင်တဲ့ ၂၀၀၄ ခုနှစ်စလို့ အချက်အလက်တချို့နဲ့ ၂၀၁၁ အရပ်သား အစိုးရ သစ်တက်လာပေမယ့် ချိုးဖောက်မှုတွေ ဆက်ရှိနေသေးတာကို ထင်ဟပ်စေဖို့ ဒီအစီရင်ခံစာ ထုတ်တာပါ။ အထူးသဖြင့် ၂၀၁၁ နောက်ပိုင်း အချက်အလက်တွေကို ကောက်ယူတာဖြစ်ပြီး တစ်နှစ်ကို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပျှမ်းမျှအမှုပေါင်း တစ်ရာကျော် ရှိတာကို တွေ့ရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်မှုခံရရာတွင် တိုင်းရင်းသားများအခြေစိုက်ရာဒေသဖြစ်သော ကချင်ပြည်နယ်၊ ရှမ်း(သျှမ်း)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည်တို့အပြင် မြန်မာပြည်အလယ်ပိုင်း အချို့ဒေသများလည်း ပါဝင်ပြီး အထူးသဖြင့် လယ်ယာမြေသိမ်းဆည်းမှုကိစ္စသည် မြန်မာတစ်နိုင်ငံလုံးတွင် အဆိုးဝါးဆုံး ဖြစ်ပေါ်နေသည်ဟု ဦးဟန်ကြီးက ဆက်ပြောသည်။
စာမျက်နှာ (၈၅)မျက်နှာပါဝင်သည့် ယင်းအစီရင်ခံစာတွင် ND-Burma က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအချက်အလက်များကို ကွင်းဆင်းကောက်ခံရာတွင် ၂၀၁၄ခုနှစ်အတွင်း၌ တရားမဝင် အကျဉ်းရုံး သတ်ဖြတ်မှု ၁၇ခု၊ ညှမ်းပမ်း နှိပ်စက်မှု ၄၅ ခုနှင့် မြေယာသိမ်းပိုက်မှု ၅၅ ခုတို့ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
အစီရင်ခံစာအပေါ် မြန်မာ့ရေးရာ(Burma Issue-BI)၏ မှတ်တမ်းတာဝန်ခံ စောအဲ့ခူးသုက “ကျနော်တို့ ကရင် ဒေသမှာတော့ အကျဉ်းရုံးသတ်ဖြတ်ခြင်း၊ ညှမ်းပမ်းနှိပ်စက်ခြင်းအမှုတွေ ပိုများတာပေါ့နော်။ အရင်တုန်းက တစ်လဆိုရင် အမှုပေါင်း ပျမ်းမျှခြင်း ၇ခုကနေ ၁ဝခုအထိ ရှိတယ်။ အပစ်ရပ်ကာလ နောက်ပိုင်းမှာတော့ တစ်နှစ်လုံးအတွင်း အမှုပေါင်း ၃ဝ ဝန်းကျင်ပဲ ရှိတယ်။ အဲလို အမှုဖြစ်တာကတော့ ဖာပွန်နဲ့ တောင်ငူဒေသမှာပဲ များပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ND Burma က ယခု ၎င်းတို့၏ အစီရင်ခံစာသည် ကျွမ်းကျင်၍ အတွေ့အကြုံရှိသူ ပုဂ္ဂိုလ်များ၏ ကွင်းဆင်း မေးမြန်းမှု တွေ့ရှိချက်များနှင့် သုံးသပ်ထားသည့် ဖြစ်ရပ်များကို အခြေခံအကြံပြုထားခြင်းဖြစ်သောကြောင့် တရားမျှတမှုဆိုင်ရာ အခြေခံမူများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွတ်လပ်သည့် ဒီမိုကရေစီ ပေါ်ထွန်းလာစေခြင်းစသည်တို့ကို ထင်ဟပ်စေမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ စုဆောင်းမှတ်တမ်းတင်ထားသော အချက်အလက်များပေါ်ထွက်လာစေရန်နှင့် ငြိမ်းချမ်းပြီး ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းရေးတွင် အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ရည်ရွယ်ကာ ND-Burma ကို ၂၀၀၄ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလူထုအခြေပြု အဖွဲ့အစည်းအများစုဖြင့် ဖွဲ့စည်းထားသည့် ၎င်းကွန်ရက်တွင် လက်ရှိ အဖွဲ့ဝင် ၈ဖွဲ့၊ ဆက်စပ်အဖွဲ့ဝင် ၄ဖွဲ့နှင့် ပါတနာ(မိတ်ဖက်)အဖွဲ့အစည်း ၄ဖွဲ့တို့ဖြင့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာ ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။



















