ဇွန် ၁၇ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
အနောက်ပိုးကရင်စာ သင်ကြားနေသည့် အစိုးရ စာသင်ကျောင်းများ၌ ကရင်ကျောင်းသုံးဖတ်စာအုပ်များ လိုအပ်ပါက ပံ့ပိုးပေး သွားရန် အနောက်ပိုးကရင်စာ အကျိုးပြုလူငယ်များအဖွဲ့က စီစဉ်နေသည်ဟု အဆိုပါအဖွဲ့ အတွင်းရေးမှူး စကျော်စိုးက ကေအိုင် စီသို့ ယနေ့ ပြောသည်။
“အနောက်ပိုးကရင်စာသင်ကြားနေတဲ့ ကျောင်းတွေမှာ ကရင်ကျောင်းသုံးဖတ်စာအုပ်တွေ မလုံလောက်ရင် ပံ့ပိုးပေးသွားဖို့ ကျနော်တို့အဖွဲ့က စီစဉ်နေပါတယ်။ သက်ဆိုင်ရာ မြို့နယ် စာယဉ်တွေက နေတစ်ဆင့် ပံ့ပိုးပေးသွားမှာပါ။ လောလောဆယ်တော့ မြောင်းမြခရိုင်အတွင်းက သုံးမြို့နယ်မှာ လိုအပ်တဲ့ အရေအတွက်ကို မြို့နယ်စာယဉ်ကတစ်ဆင့် စာရင်းယူပြီးတော့ ကျနော်တို့ နိုင်သလောက် ပံ့ပိုးသွားမယ်”ဟု စကျော်စိုးက ပြောသည်။
အနောက်ပိုးကရင်စာ ထိန်းသိမ်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် အဆိုပါအဖွဲ့အနေဖြင့် ယခု ၂၀၁၅ခုနှစ်အတွင်း အနောက်ပိုးကရင်ကျောင်းသုံး ဖတ်စာအုပ်လိုအပ်သည့် ကျောင်းများသို့ ဖတ်စာအုပ်များ ဖြန့်ဝေပေးရန်အတွက် ကျပ်သိန်း၂ဝခန့် ယခုနှစ်အတွင်း အသုံးပြုသွားရန်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာသင်ကျောင်းများ၌ အနောက်ပိုးကရင်စာနှင့် စကောကရင်စာတို့ကို သင်ကြားပေးနေ ပြီးဖြစ်သော်လည်း ပုံနှိပ်ဖတ်စာအုပ် အလုံအလောက် မရရှိခြင်းများ ကြုံတွေ့နေရသည်ဟု သက်ဆိုင်ရာမြို့နယ် စာပေနှင့် ယဉ် ကျေးမှုကော်မတီများထံမှ သိရသည်။
ထိုသို ့ ဖတ်စာအုပ်များပံ့ပိုးပေးရန် စီစဉ်နေမှုအပေါ် မြောင်းမြမြို့နယ် စာယဉ်အတွင်းရေးမှူး မန်းထွန်းလင်းက “ပညာရေးဌာနက ကျောင်းဖွင့်တဲ့အခါ ဖတ်စာအုပ်တွေ ထုတ်ပေးမယ်ပြောပေမဲ့ သိတဲ့အတိုင်းပဲ။ အခု ကလေးတွေ ဖတ်စာအုပ် အလုံအလောက် မရသေးဘူး။ ဒီလကုန်မှ မရရင် အနာက်ပိုးကရင်စာ အကျိုးပြုလူငယ်အဖွဲ့ဆီကနေ ဖတ်စာအုပ်တွေယူဖို့ စာရင်းပြုစုပြီး သူတို့နဲ့ ညှိနှိုင်းသွားမယ်” ဟု ပြောသည်။
အဆိုပါ အနောက်ပိုးကရင်စာ အကျိုးပြုလူငယ်အဖွဲ့ကို ကရင်စာပေမြှင့်တင်ရေးကို တစ်ဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၁၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအလှူရှင်များ အပါအဝင် အသင်းနှင့် ချိတ် ဆက်ထားသည့် ပြည်တွင်းပြည်ပ ကရင်လူငယ် ၂,၀၀၀ကျော်ခန့်ရှိပြီးဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။



















