မေ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင်ပါတီများ မဲဆန္ဒနယ် နေရာမ ထပ်ရေး ဆွေးနွေးညှိနှိုင်းသဘောတူထားသည်ဟု ယင်းအဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပါတီ(FUB) ဒုဥက္ကဋ္ဌ-၂ စောသန်းမြင့်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ NBF အဖွဲ့ဝင်များ ၂၃ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၂၃ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် ၁ရပ်ကွက်၊ ခွယ်ကဘောင်ခန်းမ၌ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ထိုသို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
“အခုက NBF က ရွေးကောက်ပွဲမှာ နေရာမထပ်ရဘူးဆိုတဲ့မူကို ကျနော်တို့ လုပ်ထားတယ်။ ဥပမာ ကယား (ကရင်နီ)ပြည်နယ် မှာ ကယားပါတီလည်းရှိတယ်။ ကျားဖြူပါတီ(SNDP) လည်း ရှိတယ်။ နှစ်ပါတီလုံးက အဖွဲ့ဝင်ပါတီတွေ ဖြစ်တယ်။ နေရာမထပ် အောင် ညှိနှိုင်းဖို့ လိုတယ်။ မွန်ပြည်နယ်မှာဆို ဖလုံ-စဝေါ်ပါတီက ရုံးထိုင်ထားတယ်။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီလည်း ရှိတယ်။ ကျနော်တို့ FUB ကလည်း ရုံးထိုင်ဖို့ ရှိတယ်။ ဒီနေ့ ဆွေးနွေးတာ နေရာမထပ်ဖို့ အချင်းချင်းကူညီဖို့ အားလုံး သဘောတူ တယ်”ဟု စောသန်းမြင့်က ပြောသည်။
ဖားအံမြို့တွင် ပထမနေ့အဖြစ်ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင် ၁၇ပါတီမှ ကိုယ်စားလှယ် ၆၃ဦး တက်ရောက် ဆွေးနွေးပြီး အစည်းအဝေး ဒုတိယနေ့အဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၂၅ရက်နေ့တွင် ဆက်လက် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေး တက်ရောက်ခဲ့သည့် ဖားအံမြို့အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP) ဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က “ကျနော်တို့ပါတီအနေနဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲကျရင် ကရင်ပြည်နယ်မှာ နေရာအားလုုံးဝင်မယ်။ ဘယ်ပါတီနဲ့မှ မညှိနှိုင်း ဘူး။ ဒါပေမဲ့ မွန်ပြည်နယ် ကျိုက်မရောနဲ့ ပေါင်မြို့နယ်တွေမှာ ဝင်ဖို့ကိုတော့ အဖွဲ့ဝင်ပါတီတွေနဲ့ ညှိနှိုုင်းဖို့ရှိတယ်”ဟု ပြောသည်။
တစ်ရက်တာ ပြုလုပ်ခဲ့သည့် အစည်းအဝေးပထမနေ့တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် အဖွဲ့ဝင်ပါတီများ ပြည်နယ် ၇ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရေး၊ ချင်းတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ(ENDP)ကို အဖွဲ့ဝင်အဖြစ် လက်ခံခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မော်လမြိုင်၌ ပြုလုပ်မည့် အစည်းအဝေးဒုတိယနေ့အပြီး တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သွားရန်ရှိသည်ဟု NBF အဖွဲ့ဝင်များက ပြောသည်။
NBF အဖွဲ့ကို ၂၀၁ဝ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီ ၁၁ပါတီဖြင့် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ အဖွဲ့ဝင်ပါတီ ၂ဝရှိပြီး ဖြစ်သလို အဖွဲ့ဝင်များ၏ ပုံမှန်အစည်းအဝေးကို တစ်လတစ်ကြိမ် ပြုလုပ်လေ့ရှိကာ လာမည့် ၂၄ကြိမ်မြောက် အစည်းအဝေးကို ကယားပြည်နယ် လွိုင်ကော်မြို့၌ ဇွန်လအတွင်း ပြုလုပ်သွားရန်ရှိကြောင်း အဖွဲ့ဝင်ပါတီများထံမှ သိရသည်။



















