မေ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထောက်ပံ့မှုအလှူငွေများ လျော့နည်းလာမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသည့် ဒုက္ခသည်များအား လစဉ်ထောက်ပံ့ပေးသည့် အခြေခံ စားနပ်ရိက္ခာ အကူအညီအချို့ကို ထပ်မံလျှော့ချခံရနိုင် သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအား လက်ရှိ အရွယ်ရောက်သူ တစ်ဦးလျှင် ဆန် ၈ကီလို၊ ကလေးတစ်ဦးလျှင် ၁၂ကီလို၊ လူနှစ်ဦး မီးသွေးတစ်အိတ်နှုန်း၊ ဆီ ၁ဗူးခွဲ၊ ဆားသုံးလ တစ်ကြိမ်၊ ငါးပိ ကီလိုဝက်၊ ဂျုံမှုန့် ကီလိုဝက်နှုန်းဖြင့် The Border Consortium (TBC)မှ လစဉ် ထောက်ပံ့ပေး နေပြီး လာမည့်လတွင် ယခုထက် ရိက္ခာထပ်မံလျှော့ချနိုင်သည်ဟု ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ နယ်ရှိ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောအောနက်က ပြောသည်။
စောအောနက်က “ဒီနှစ် တစ်နှစ်စာအတွက် စားနပ်ရိက္ခာကို Manage(စီမံခန့်ခွဲ)ဖို့ ငွေလိုအပ်တဲ့အပေါ်မှာ အခြေအနေကိုကြည့်ပြီး စခန်းအားလုံးအတွက် လည်ပတ်နိုင်အောင် နည်းနည်းလျှော့ချမယ်။ သူတို့(TBC) က ပြောလာတယ်။ ဘယ်လိုလျှော့ချမလဲဆိုတာက ဆုံးဖြတ်ချက်မရသေးပါဘူး။ နောက်လဆို ဖြစ်နိုင်ခြေရှိပါ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
TBC သည် ထောက်ပံ့မှု ရိက္ခာလျှော့ချမည့် အစီအစဉ်နှင့်ပတ်သက်၍ မည်သည့်ပုံစံမျိုးလျှော့ချမည်ကို စာဖြင့် တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ဒုက္ခသည်များအတွက် အနည်းနှင့်အများ အခက်အခဲ ကြုံတွေ့ရနိုင်သည်ဟု စောအောနက်က ဆက်ပြောသည်။
ကရင်ဒုက္ခသည်များကော်မတီ(KRC) ဒုဥက္ကဋ္ဌ စောဂျော့ကလည်း “အခု အလှူငွေ လျှော့နည်းလာမှုအပေါ် လက် ရှိ လစဉ် ထောက်ပံ့ပေးနေတဲ့ အကူအညီပစ္စည်းတွေကို Balance (မျှမျှတတ) လည်ပတ်နိုင်အောင် ပြန်ပြီး လုပ် ဆောင်သွားဖို့ပါပဲ။ အလှူငွေ ပုံမှန်ရရင် အပြောင်းအလဲမရှိဘူး”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ကရင်ဒုက္ခသည်စခန်းများဖြစ်သော မယ်လ၊ အုန်းဖျန်၊ နိုးဖို့၊ မယ်ရာမို၊ မယ် လအူး၊ ထမ်းဟင်၊ ဘန့်ဒုံယမ်းနှင့် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)၊ အမှတ်(၂) အပါအဝင် ဒုက္ခသည်စခန်း (၉)ခု၌ ဒုက္ခသည်ဦးရေ ၁သိန်း ၄သောင်းကျော်ရှိပြီး The Border Consortium (TBC)က အခြေခံစားနပ်ရိက္ခာ တို့အပြင် အိမ်အသုံးအဆောင်အချို့ကို ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
၎င်းကိစ္စအပေါ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းဥက္ကဋ္ဌ စောဝါးထီးက “အလှူရှင် တွေလည်း ထိုင်းမှာရှိတဲ့ ဒုက္ခသည်ကိုပဲ ကူညီတာမဟုတ်ပါဘူး။ တကမ္ဘာလုံးမှာရှိတဲ့ ဒုက္ခသည်တွေကိ ကူညီ တာ ဖြစ်တဲ့အတွက် ကျနော်တို့ ဒုက္ခသည်တွေအနေနဲ့က နားလည်ရမယ်။ ရောင့်ရဲတင်းတိမ်နိုင်ရမယ်လို့ မြင် တယ်။ အကူအညီပေးတဲ့အဖွဲ့တွေလည်း ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ သိရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်မှစ၍ မြန်မာအစိုးရသစ်တက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တို့နှင့် အပစ်အခတ်ရပ်စဲသဘောတူညီမှု ရယူပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ ပြောင်းလဲလာမှုအပေါ် နယ်စပ်ဒေသရှိ ဒုက္ခသည်များအား အကူအညီပေးနေသည့် အလှူရှင်များနည်းလာသလို ထောက်ပံ့မှုအကူအညီ လည်း တဖြည်းဖြည်းလျော့နည်းလာခြင်းဖြစ်သည်။



















