Home ထိပ်တန်းသတင်း အမျိုးသားတာဝန်ကို ဆက်လက်ထမ်း‌ဆောင်ရန် လူငယ်များ တာဝန်ရှိ‌ကြောင်း KNU ဥက္ကဋ္ဌ တိုက်တွန်း

အမျိုးသားတာဝန်ကို ဆက်လက်ထမ်း‌ဆောင်ရန် လူငယ်များ တာဝန်ရှိ‌ကြောင်း KNU ဥက္ကဋ္ဌ တိုက်တွန်း

2064

‌ဖေ‌ဖော်ဝါရီ ၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်မျိုးဆက်သစ်လူငယ်များအ‌နေဖြင့် မပြီးဆုံး‌သေး‌သော အမျိုးသားတာဝန်ကို ဆက်လက်ထမ်း‌ဆောင်ရန် တာဝန်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ‌ကေအဲန်ယူဌာနချုပ်တည်ရှိရာ ‌လေးဝါးစခန်း၌ ‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့က ကျင်းပသည့် ၆၈နှစ်‌မြောက် ‌ကေအဲန်ယူ‌နေ့ အခမ်းအနားတွင် တိုက်တွန်း‌ပြောကြားခဲ့သည်။

“‌ကေအဲန်ယူကို စဖွဲ့တာ ၁၉၄၇ ကတည်းက အခုထိ မပြိုလဲ‌သေးဘူး။ ‌ကေအဲန်ယူဟာ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတာဖြစ်တယ်။ အမျိုးသားတာဝန်‌တွေ မ‌ကျေပွန်‌သေးဘူး။ ဆက်လက် လုပ်‌ဆောင်ရအုံးမယ်။ ကျ‌နော်တို့ရဲ့ မပြီးဆုံး‌သေးတဲ့ တာဝန်ကို ဆက်ထမ်း‌ဆောင်ရမှာက လူငယ်‌တွေဖြစ်တယ်”ဟု ‌စောမူတူး‌စေးဖိုးက ‌ပြောကြားသည်။

ထို့အပြင် လူငယ်များအ‌နေဖြင့် အနစ်နာခံပါက အနာဂတ် ‌ခေါင်း‌ဆောင်‌ကောင်းများဖြစ်လာမည်ဖြစ်သလို အတိတ်ကာလက ကရင်လူမျိုးများ၏ ဖြတ်သန်းလာခဲ့‌သော အခက်အခဲများကို မှတ်သားထားရန် လိုအပ်‌ကြောင်းလည်း ‌စောမူတူး‌စေးဖိုးးက ဆက်လက်‌ပြောဆိုသည်။

ထိုသို့ တိုက်တွန်း‌ပြောဆိုမှုအ‌ပေါ် ၎င်းအခမ်းအနားသို့ တက်‌ရောက်သည့် လူငယ်တစ်ဦးဖြစ်သူ ‌စောထူးထူးက “‌ကေအဲန်ယူ ဥက္ကဋ္ဌ တစ်ဦးအ‌နေနဲ့ အခုလို တိုက်တွန်းခြင်းအားဖြင့် စိတ်ဓာတ်ခွန်အား အများကြီးဖြစ်‌စေပါ တယ်။ အမျိုးသား‌ရေးတာဝန် ထမ်း‌ဆောင်တဲ့‌နေရာမှာ လူကြီး‌တွေ မကဘဲ ကျ‌နော်တို့ လူငယ်‌တွေလည်း တာဝန်ရှိပါတယ်။ လူငယ်‌တွေကို ဒီထက်ပိုပြီး ‌နေရာ‌ပေး‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၈နာရီမှ ၉နာရီခွဲအထိ ကျင်းပသည့် ၎င်းအခမ်းအနားသို့ ‌ကေအဲန်ယူ ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုး၊ ဒု-ဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်၊ အတွင်း‌ရေးမှူး(၁) ပဒို မန်းမန်းမန်း၊ အတွင်း‌ရေးမှူး(၂) ပဒို ‌စော‌သောသီဘွဲ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ‌စော‌ဘော‌ကျော်ဟဲ၊ ပဒို ‌စောသမိန်ထွန်း၊ စစ်ဗဟိုဋ္ဌာနချုပ်(သဝခ)မှ စစ်ဘက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ ရဲ‌ဘော်များနှင့် ‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယခုနှစ် ကျ‌ရောက်‌သော ၆၈နှစ်‌မြောက် ‌ကေအဲန်ယူ‌နေ့ကို ‌ကေအဲန်ယူ ဗဟိုဌာနချုပ်အပြင် သက်ဆိုင်ရာ ‌ကေအဲန်ယူ ခရိုင်၊ တပ်မဟာ အသီးသီးတွင်လည်း ဂုဏ်ပြုကျင်းပခဲ့ကြသည်ဟု သိရသည်။

‌ကေအဲန်ယူကို ကရင်အဖွဲ့အစည်း ၄ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားအဖွဲ့အစည်း(KNA)၊ ကရင်ဗုဒ္ဓဘာသာကလျာ ဏယုဝအသင်း(BKNA)၊ ကရင်ဗဟိုအဖွဲ့ချုပ်(KCO)၊ ကရင်လူငယ်အစည်းအရုံး(KYO)တို့ စု‌ပေါင်း၍ ၁၉၄၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။