Home သတင်း မြို့နယ်အလိုက် တိုင်းရင်းသား မဲဆန္ဒရှင်စာရင်းကို ပြုစုထုတ်ပြန်‌ပေးရန် KNP အကြံပြုမည်

မြို့နယ်အလိုက် တိုင်းရင်းသား မဲဆန္ဒရှင်စာရင်းကို ပြုစုထုတ်ပြန်‌ပေးရန် KNP အကြံပြုမည်

1823

KNP ‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံကြစဉ်

‌ဖေ‌ဖော်ဝါရီ ၇ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က မဲစာရင်းများပြုစုထုတ်ပြန်ရာတွင် တစ်နိုင်ငံလုံးရှိ မြို့နယ်အလိုက် တိုင်းရင်းသားမဲဆန္ဒရှင် စာရင်းကိုလည်း ထုတ်ပြန်‌ပေးရန် ကရင်အမျိုးသား ပါတီ(KNP)မှ အကြံပြုသွားမည်ဖြစ်သည်ဟု ယင်းပါတီ တွဲဘက်အတွင်း‌ရေးမှူး မန်းမင်းရဲ‌ထွေးက ‌ဖေ‌ဖော်ဝါရီ ၆ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

၎င်းက “‌ရွေး‌ကောက်ပွဲ မဲစာရင်း‌တွေကို ထုတ်ပြန်တဲ့အခါမှာ မြို့နယ်အလိုက် တိုင်းရင်းသားမဲဆန္ဒရှင် စာရင်း ‌တွေကိုလည်း ထုတ်ပြန်‌ပေးဖို့ လိုတယ်။ ဒါမှ တိုင်းရင်းသားပါတီ‌တွေအ‌နေနဲ့ ဘယ်မြို့နယ်မှာ ကိုယ့်တိုင်းရင်း သား‌တွေ ဘယ်‌လောက်ရှိတယ်ဆိုတာ မှန်မမှန် အချိန်မှီသိပြီး ပြင်နိုင်‌အောင် လုပ်လို့ရမှာဖြစ်သလို ဝင်ပြိုင်မ ပြိုင်လည်း စဉ်းစားဆုံးဖြတ်လို့ရမှာဖြစ်တယ်”ဟု ‌ပြောသည်။

ယခုကဲ့သို့ မြို့နယ်အလိုက် တိုင်းရင်းသားမဲဆန္ဒရှင် စာရင်းထုတ်ပြန်‌ပေး‌ရေးကိစ္စကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံသို့ နိုင်ငံ‌ရေးပါတီများ စု‌ပေါင်းကာ ‌ပေးပို့မည့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ ကျင့်ဝတ် စည်းကမ်း‌ရေးဆွဲရာတွင် ပါဝင်သင့်သည့် အချက်များတွင် ပါဝင်‌စေရန် KNP အ‌နေဖြင့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့၌ ပြုလုပ်သည့် နိုင်ငံ‌ရေးပါတီများ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အကြံပြု‌ပြောဆိုထားသည်ဟု မန်းမင်းရဲ‌ထွေးက ဆက်‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ထားဝယ်တိုင်းရင်းသားများပါတီ တွဲဘက်အတွင်း‌ရေးမှူး ဦးရဲလင်းမြင့်က “ကျ‌နော်တို့ လည်း မဲစာရင်းမှာ တိုင်းရင်းသားမျိုးနွယ်စု‌တွေ မြို့နယ်အလိုက် ထုတ်ပြန်‌ပေးဖို့ကို လိုလားတယ်။ ဒါမှလည်း တိုင်းရင်းသားပါတီ‌တွေအ‌နေနဲ့ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်လို့ရမှာဖြစ်လို့ ဒီကိစ္စကို ‌ထောက်ခံပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNP အ‌နေဖြင့် မဲစာရင်းကိစ္စ အကြံပြု‌ပြောဆိုထား‌သော်လည်း လာမည့်‌ရွေး‌ကောက်ပွဲတွင် မည်သည့် မြို့နယ် များတွင် ဝင်‌ရောက်ယှဉ်ပြိုင် မပြိုင်ကိုမူ ပါတီအတွင်း တရားဝင်‌ဆွေး‌နွေးမှုများမရှိ‌သေးသလို ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်‌ရေးအတွက် ပြင်ဆင်မှုများကို လာမည့် ‌ဖေ‌ဖော်ဝါရီ ၂၁ ရက် ပါတီရုံးချုပ်ဖွင့်ပွဲ အခမ်းအနား ပြီးမှသာ စီစဉ်သွားရန်ရှိသည်ဟု KNP ထိပ်ပိုင်း‌ခေါင်း‌ဆောင်များက ဆိုသည်။

၂၀၁၅ ပါတီစုံ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကို လာမည့် ‌အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာ လဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ဟု ပြည်‌ထောင်စု‌ရွေး‌ကော်ပွဲ‌ကော်မရှင်က ‌ပြောဆိုထားပြီး လက်ရှိတွင် ‌ရွေး‌ကောက်ပွဲမဲ စာရင်းကို မြို့နယ်အချို့တွင် စမ်းသပ်‌ကောက်ယူမှုများ စတင်လုပ်‌ဆောင်‌နေပြီးဖြစ်သည်ဟု ပြည်‌ထောင်စု‌ရွေး ‌ကောက်ပွဲ‌ကော်မရှင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။