Home သတင်း ‌ရွှေမင်းတမာန် ကုမ္ပဏီဖွင့်ပွဲ၌ ကတိကဝတ်စာချုပ်ကိစ္စ ‌ကေအဲန်ယူ ဥက္ကဌ ရှင်းလင်း‌ပြောဆို

‌ရွှေမင်းတမာန် ကုမ္ပဏီဖွင့်ပွဲ၌ ကတိကဝတ်စာချုပ်ကိစ္စ ‌ကေအဲန်ယူ ဥက္ကဌ ရှင်းလင်း‌ပြောဆို

1898

‌ဖေ‌ဖော်ဝါရီ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ထိုးမှုကိစ္စအ‌ပေါ် ‌ဖေ‌ဖော်ဝါရီ ၁၈ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၌ ပြုလုပ်သည့် ‌ရွှေမင်းတမာန်ကုမ္ပဏီဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်း‌ပြောဆိုခဲ့သည်။

“ကျ‌နော်တို့ဟာ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးနဲ့ ပတ်သက်လို့ စိုးရိမ်‌ကြောင့်ကြ‌နေတဲ့ ပြည်သူလူထု‌တွေကို ကတိ ‌ပေးလိုက်တဲ့ ကတိကဝတ်‌ရေးသားခြင်းပဲ ဖြစ်ပါတယ်။ ‌အောင်မြင်သွားတဲ့အထိ တိုင်းပြည်ရဲ့ ပြည်သူ‌တွေကို ကတိ‌ပေးတာ ဖြစ်ပါတယ်။ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ပျက်သွားတယ်ဆိုရင် တချိန်တုန်းကလို ‌သွေးထွက်သံယို စစ်‌မြေပြင်မှာ ပြန်ပြီး ဖြစ်‌ပေါ်လာနိုင်မှာကို စိုးရိမ်တဲ့အပိုင်းမှာ ရှိတယ်”ဟု ‌စောမူတူး‌စေးဖိုးက ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေး လက်မှတ်ထိုးနိုင်ရန် ညှိနှိုင်းရမည့် အပိုင်းများကို ‌ဖေ‌ဖော်ဝါရီ ၁၂‌နေ့က လက်မှတ်‌ရေးထိုးနိုင်မည် မဟုတ်‌ကြောင်းကို အားလုံး သ‌ဘော‌ပေါက်နားလည်ကြပြီဖြစ်‌ကြောင်းနှင့် ငြိမ်းချမ်း‌ရေး ဆက်လက်လုပ်‌ဆောင်သွားရန် ကတိကဝတ် လက်မှတ်ထိုးခြင်းသာဖြစ်‌ကြောင်း ‌စောမူတူး‌စေးဖိုးက ဆက်‌ပြောသည်။

‌ရွှေမင်းတမာန် ကုမ္ပဏီ လီမိတက်သည် ကုန်သွယ်‌ရေးနှင့် ကုန်ထုတ်လုပ်‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်ရန် ၂၀၁၂ခုနှစ်အတွင်းက ပုဂ္ဂလိက ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီး‌နောက် ယခု ၂၀၁၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၈ရက်‌နေ့ တွင် ဖွင့်ပွဲ ပြုလုပ်သည့်အခါ ဖိတ်ကြားခံရသည့် ‌ကေအဲန်ယူ ဥက္ကဌက အခမ်းအနားသို့ တက်‌ရောက်ပြီး အစိုးရနှင့် ကတိပြုချက် လက်မှတ်ထိုးမှုကိစ္စကို ထိုသို့ ရှင်းလင်းခဲ့ခြင်းလည်းဖြစ်သည်။

၎င်းဖွင့်ပွဲအခမ်းအနားသို့ ‌ကေအဲန်ယူဥက္ကဌ ‌စောမူတူး‌စေးဖိုး၊ ‌ကေအဲန်ယူဗဟို ဖားအံဆက်ဆံ‌ရေးရုံး တာဝန်ခံဗိုလ်မှူး ‌စောရှီးရှို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦး‌ဇော်မင်း၊ နယ်စပ်‌ရေးရာလုံခြုံ‌ရေး ဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်လွင်၊ လွှတ်‌တော်ဥက္ကဌ၊ ကရင်ပြည်နယ်ဌာနဆိုင်ရာဝန်ကြီးများ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ စုစု‌ပေါင်း ၁၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတက်‌ရောက်သည့် ကရင်ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ‌စောကြည်လင်းက “‌ကေအဲန်ယူ ဟာ အစိုးရနဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ဆက်လုပ်သွားမယ်ဆိုတဲ့ ကတိကဝတ် လက်မှတ်ထိုးတာပါ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးတာက‌တော့ လက်ရှိ ပဋိပက္ခ‌တွေ ဖြစ်‌နေတဲ့အ‌ပေါ်မှာ နည်းနည်းကြာဦးမယ်ထင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ကေအဲန်ယူ အပါအဝင် ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၊ KNU/KNLA-PC နှင့် ရှမ်း(သျှမ်း)ပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS/SSA)တို့သည် အစိုးရနှင့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ ကတိပြုချက်ကို ‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့က ‌နေပြည်‌တော်တွင် လက်မှတ်‌ရေးထိုးခဲ့ကြခြင်းဖြစ်သည်။