Home သတင်း တက္ကသိုလ်စာယဉ် တိုးတက်‌အောင် ဆက်လုပ်ကြရန် စီနီယာ‌ကျောင်းသားများတိုက်တွန်း

တက္ကသိုလ်စာယဉ် တိုးတက်‌အောင် ဆက်လုပ်ကြရန် စီနီယာ‌ကျောင်းသားများတိုက်တွန်း

1618

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

ကရင်တိုင်းရင်းသား စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) ‌ကော်မတီလုပ်ငန်းများ တိုးတက် မှုရှိ‌အောင် ဂျူနီယာ ကရင်တက္ကသိုလ်‌ကျောင်းသားများအ‌နေဖြင့် ကျရာဏ္ဍတွင် စည်းစည်းလုံးလုံး ဆက်လုပ် သွား‌စေလိုသည်ဟု စီနီယာ ကရင်တက္ကသိုလ်‌ကျောင်းသားများက တိုက်တွန်း‌ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ နား‌နေခန်းမ‌ဆောင်၌ ‌ဖေ‌ဖော်ဝါရီ ၈ ရက်‌နေ့က ပြုလုပ်သည့် ကရင်တိုင်းရင်းသား စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) ‌မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ‌ကျောင်းသား‌ဟောင်းများ နှုတ်ဆက်ပွဲအခမ်းအနားတွင် သန်လျင်သမဝါယမ တက္ကသိုလ်၊ စတုတ္ထနှစ် ‌ကျောင်းသားဖြစ်သူ ‌စော‌နေမျိုး‌အောင်က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“‌ကျောင်းသားဘဝက တခဏ‌လေးပဲ။ ဒီ‌နေရာမှာ ညီငယ်၊ ညီမငယ်‌တွေကို မှာချင်တာက ကိုယ်ရှိ‌နေတဲ့‌ကျောင်း၊ ပတ်ဝန်းကျင်မှာ ကိုယ့်လူမျိုးနဲ့ ယဉ်‌ကျေးမှု မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်းမြှင့်တင်ဖို့ လုပ်ရမှာပဲ ဖြစ်တယ်။ အစ်ကိုတို့ လက်ထက်မှာ ‌ကျောင်းအလိုက် ချိတ်ဆက်မှု အားနည်းတာကို ပြင်ပြီး ချိတ်ဆက်မှု ‌ကောင်း‌ကောင်းနဲ့ တက္ကသိုလ်စာယဉ်လုပ်ငန်း‌တွေကို စည်းစည်းလုံးလုံး ဆက်လုပ်ကြပါလို့ တိုက်တွန်းလိုတယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(တက္ကသိုလ်များ-ရန်ကုန်)ဥက္ကဋ္ဌဖြစ်သူ ပါ‌မောက္ခ (ဌာနမှူး)၊ ပထဝီဝင်ဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းတက္ကသိုလ် ‌ဒေါက်တာ ‌နော်ဟယ်လင်ကလည်း “‌မောင်မယ်သစ် လွင်‌တွေကို ‌ပြောချင်တာက‌တော့ တက္ကလိုလ်ပညာကို ထူးချွန်ထက်မြက်‌အောင် သင်ကြားရင်းနဲ့ တက္ကသိုလ် စာယဉ်လှုပ်ရှားမှုများမှာ ကရင်ညီအစ်ကို ‌မောင်နှမများအားလုံး ချစ်ခင်ရင်းနှီးစွာနဲ့ ပူး‌ပေါင်းပါဝင်ကြဖို့ ဖိတ်‌ခေါ် ပါတယ်”ဟု ‌ပြောသည်။

တစ်ရက်တာနီးပါး ပြုလုပ်ခဲ့သည့် ယင်းအခမ်းအနားသို့ ရန်ကုန်‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ တက္ကသိုလ် စာယဉ်မှ တာဝန်ရှိ ဆရာ၊ ဆရာမများ၊ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ၊ ရန်ကုန်မြို့အနီးတဝိုက်ရှိ တက္ကသိုလ်အသီးသီးမှ ‌ကျောင်းသား‌ကျောင်းသူများ ၃၀ဝ ‌ကျော်တက်‌ရောက်ကာ တက္ကသိုလ်အလိုက် ထူးချွန်‌ကျောင်းသားများကို ဂုဏ်ပြုဆု‌ပေးခြင်း၊ ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော် ဒုံးယိမ်းပြိုင်ပွဲဆုရ တက္ကသိုလ်ဒုံးအဖွဲ့အား ဂုဏ်ပြုခြင်းနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်ခဲ့သူ ရန်ကုန် အ‌နောက်ပိုင်းတက္ကသိုလ် ပထမနှစ် (ကုန်ထုတ် ဓာတု‌ဗေဒ) ‌ကျောင်းသူ ‌နော်‌လောအယ်က “အခုလို စီနီယာ‌ကျောင်းသား‌တွေက ကျမတို့ ဂျူနီယာ‌ကျောင်းသူ‌ကျောင်း သား‌တွေကို စာယဉ်မှာ တက်တက်ကြွကြွလုပ်ဖို့ တိုက်တွန်းသွားပါတယ်။ ကျမတို့လည်း ‌ကျောင်းစာမှာ‌ရော တက္ကသို်လ် စာယဉ်လုပ်ငန်း‌တွေကိုလည်း အ‌ကောင်းဆုံးလုပ်ကိုင်သွားမယ်လို့ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်တိုင်းရင်းသား စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ(တက္ကလိုလ်များ-ရန်ကုန်)ကို ရန်ကုန်မြို့အနီးတဝိုက်ရှိ ဝိဇ္ဇာ၊ သိပ္ပံ၊ ‌ဆေးဘက်ဆိုင်ရာ၊ နည်းပညာ၊ စီးပွား‌ရေး၊ ပညာ‌ရေး စသည့် တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည်။ ၎င်း‌ကော်မတီသည် နှစ်စဉ် ‌မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ကျင်းပသလို ကရင်‌ကျောင်းသားများ‌ဘောလုံးပြိုင်ပွဲ၊ တက္ကသိုလ် ကရင်မဂ္ဂဇင်း ထုတ်‌ဝေခြင်း စသည်တို့ကို လည်း လုပ်‌ဆောင်လျှက်ရှိသည်။