ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
တိုင်းရင်းသားလူမျိုးတိုင်း၌ လက်နက်ကိုင်တပ်မတော် အင်အားရှိပြီး စစ်ရေးအရ စုစည်းညီညွတ်မှုရှိကြရန် ဇန်နဝါရီ ၁၂ရက်နေ့တွင် ကျရောက်သည့် ၅၂နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က သဘောထားထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။
တအာင်း(ပလောင်)လူမျိုးများအခြေချရာဒေသတိုင်းတွင် တအာင်းကာကွယ်ရေး တပ်စွဲနိုင်ရေးအတွက် ၃နှစ် တာ ကာလအတွင်း တပ်ရင်း၂၁ ခုနှင့် တပ်မဟာ ၃ ခု ဖွဲ့စည်းနိုင်ခဲ့သည်မှာ တအာင်းလူမျိုး၏ စည်းလုံးညီညွတ် မှု အကျိုးရလဒ်ရှိသည့်အပြင် PSLF/TNLA တိုးတက်အားကောင်းရန် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့စည်းများ၏ ဝိုင်းဝန်ကူညီမှုကြောင့်နှင့် ညီညွတ်မှုပြယုဂ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်အပေါ် PSLF/TNLA နိုငံခြားဆက်ဆံရေး ဌာနတာဝန်ခံ တာတန်းလက “တိုင်းရင်းသားတိုင်း တော့ ကိုယ်ပိုင်တန်းတူအခွင့်အရေးရဖို့ တိုက်ပွဲဝင်တောင်းဆိုတယ်။ အဲဒီအတွက် တချို့အဖွဲ့က ငြိမ်းချမ်းစွာဖြစ် ဖို့ အပစ်ခတ်ရပ်စဲရေးတွေ လုပ်ထားတယ်။ ဒါပေမဲ့ ဆက်လက်ထိုးစစ်ဆင်ဖို့ မရှိဘူးလို့ ဘယ်သူမှ အာမမခံပေး နိုင်ဘူး။ အဲဒီအတွက် တိုင်းရင်းသားလူမျိုးတိုင်း စစ်အင်အား တောင့်တင်းပြီး စုစည်းညီညွတ်မှုရှိဖို့ တိုက်တွန်းနိုး ဆော်ထားတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
တအာင်းတိုင်းရင်းသားအပါအဝင် အခြားတိုင်းရင်းသားထုတစ်ရပ်လုံး လိုအားတောင်းတသည့် ဖယ်ဒရယ် ပြည်ထောင်စုနှင့် ဒီမိုကရေစီနိုင်ငံကြီးဖြစ်လာရန် အခြားမဟာမိတ်နှင့်အတူ ဆက်လက်တိုက်ပွဲဝင် ကြိုးပမ်းသွားမည်ဖြစ်သည်ဟုလည်း PSLF/TNLA က ပြောဆိုသည်။
PSLF/TNLA ၏ ထုတ်ပြန်ချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ ပဒို စောဒေးဗစ်သာ့ကပေါက “TNLA ရဲ့ ဘာဘောထားက ရှင်းပါတယ်။ ဘာဖြစ်လဲဆိုရင် အခုအစိုးရ က အရင်အစိုးရနဲ့ သိပ်မကွာပါဘူး။ တဖက်ကို တိုက်ရင် ကျန်တဲ့တဖက်ကို မတိုက်ဘူး။ ဒါကတော့ သူတို့ရဲ့ အရင်ကလို မဟာဗျူဟာပါပဲ။ ဒါကို ကျန်တဲ့ အခြားတိုင်းရင်းသားတွေ သတိရှိကြဖို့ နိုးဆော်တဲ့အနေနဲ့ အဲလို သဘောထားထုတ်တာဖြစ်တယ်လို့ ကျနော်မြင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယခုနှစ် ၅၂ မြောက်တအာင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ရှမ်း(သျှမ်း)ပြည်နယ်၊ နမ့်ခမ်းနှင့် မန်းတုံအကြားတွင်ရှိသည့် PSLF/TNLA အခြေစိုက်ရာ တပ်မဟာ ၁ နေရာတွင် ပြုလုပ်ကျင်းပခဲ့ပြီး နယ်မြေ မတည်ငြိမ်မှုကြောင့် အခြားတိုင်းရင်းသားမဟာမိတ်အဖွဲ့များက မတက်ရောက်လာနိုင်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစုဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖယ်ဒရယ်ကောင်စီ(UNFC)မှ ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။
UNFC ဂုဏ်ပြုသဝဏ်လွှာတွင် တော်လှန်ရေးအဆင့်ဆင့်မှ တိုးတက်ဖြစ်ထွန်းလာသည့် စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းရင်း တအာင်းပြည်သူနှင့်အတူ ညီနောင်တိုင်းရင်းသားပေါင်းစုံတို့၏ တူညီသော ရည်မှန်းချက်ရောက်သည့်တိုင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။
တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ၁၉၆၃ခုနှစ်၊ ဇန်နဝါရီ ၁၂ စတင်ခဲ့သည်။ လက်ရှိ တအာင်း လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည့် PSLF/TNLA သည် ၂၀၁၄ခုနှစ်အတွင်း အစိုးရစစ်တပ်တို့နှင့် တိုက်ပွဲပေါင်း ၂၀ဝ ကျော် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ၏ စာရင်းအရ သိရသည်။



















