Home သတင်း ‌ကေအဲန်ယူ ရဲတပ်ဖွဲ့ဝင်ငါးဦး အသတ်ခံရမှု ကျူးလွန်သူကို ခရိုင်အဆင့် စစ်‌ဆေး‌နေဆဲ

‌ကေအဲန်ယူ ရဲတပ်ဖွဲ့ဝင်ငါးဦး အသတ်ခံရမှု ကျူးလွန်သူကို ခရိုင်အဆင့် စစ်‌ဆေး‌နေဆဲ

2124
(KNLA တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်)

‌အောက်တိုဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ဒုရဲမှူး‌စောသိန်းဦးနှင့် အဖွဲ့ဝင် ၄ဦးကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နှစ်အိမ်ရွာ၌ ပစ် သတ်ခဲ့မှုနှင့်ပတ်သက်၍ ကျူးလွန်သူ ဗိုလ်အဆင့်ရှိ ‌စောဖိုး‌စေးအား ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ဒူးပလာယာ ခရိုင်ရုံးတွင် စစ်‌ဆေး‌နေဆဲဖြစ်‌ကြောင်း ‌ကေအဲန်ယူလက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန် အယ်လ်‌အေ)၊ တပ်မဟာ(၆)၊ တပ်ရင်း(၁၆) တပ်ရင်းမှူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုက‌တော့ ပြစ်မှုကျူးလွန်သူကို ခရိုင်၊ တပ်မဟာအဆင့် စစ်‌ဆေး‌နေဆဲဖြစ်ပါတယ်။ သူ့အစစ်ခံ ထွက်ဆိုချက်ထဲမှာ‌တော့ ‌သေဆုံးသွားသူ‌တွေဟာ တရားခံကို မလွတ်‌အောင်ထိန်းမထားနိုင်လို့ ‌နောက် ဒီလိုမဖြစ်‌အောင် တခါတည်း ဆုံးမလိုက်တာဖြစ် တယ်လို့ ‌စောဖိုး‌စေးက အဲလို ‌ပြောတယ်။ ကျ‌နော်တို့ ‌တွေ့ရှိချက်အရ သူ့စိတ်နည်းနည်း‌ဖောက်ချင်တယ်”ဟု ဒုဗိုလ်မှူးကြီးမန်း တင်လှိုင်က နိုဝင်ဘာလ ၁၁ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပစ်သတ်ခံခဲ့ရသူများဖြစ်ကြသည့် ဒုရဲမှူး‌စောသိန်းဦးနှင့် တပ်ဖွဲ့ဝင် ‌စောဝင်းကြိုင်၊ ‌စောတာ့ဆိ၊ ‌စောဆိဆိ၊ ‌စော‌ဘွေဝါးတို့မှာ မူး ယစ်၊ လူကုန်ကူးမှုများဖြင့် ၎င်းတို့ချုပ်‌နှောင်ထား‌သော တရားခံ လွတ်‌မြောက်သွားသည့် တာဝန်‌ပေါ့‌လျော့မှု‌ကြောင့် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်က ‌အောက်တိုဘာလ ၁၈ရက်‌နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားရန်သာ ညွှန်ကြား‌ပြောဆိုခဲ့‌သော်လည်း ‌အောက်တို ဘာ ၂၃ရက်‌နေ့တွင် ဗိုလ်‌စောဖိုး‌စေးက သွား‌ရောက်ပစ်သတ်ခဲ့ခြင်းဖြစ်‌ကြောင်း ၎င်းတပ်ရင်းမှူးက ‌ပြောဆိုသည်။

ထို့အပြင် ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က ၎င်းသည် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေး တက်‌ရောက် ရန်ရှိသည့်အတွက် ဒုရဲမှူးနှင့်အဖွဲ့ကို တစ်ပတ်ခန့် ဖမ်းဆီးထိန်းသိမ်းကာ ဩဝါဒ‌ပေးပြီး ပြန်လွှတ်‌ပေးရန် တပ်ရင်း(၁၆) ‌ထောက် လှမ်း‌ရေးဌာနမှ ဒုတာဝန်ခံ ဗိုလ်မြတ်ထွန်းနှင့် ဝင်း‌ရေးမြို့နယ် အတွင်း‌ရေးမှူး ပဒို‌စော‌မောင်‌ရွှေတို့အား မှာကြားခဲ့သည်ဟု ဖြည့် စွက်‌ပြောဆိုခဲ့သည်။

၎င်းဒုရဲမှူးနှင့်အဖွဲ့ကို သုံးဦးတစ်‌နေရာ၊ နှစ်ဦးတစ်‌နေရာခွဲ၍ ထိန်းသိမ်းထားချိန်တွင် ဗိုလ်‌စောဖိုး‌စေးသည် အ‌ဖော်စစ်သည်နှစ်ဦး တားမြစ်ခဲ့သည့်ကြားက သွား‌ရောက်ပစ်သတ်ခဲ့ပြီး‌နောက်တွင် ဗိုလ်‌စောမြတ်ထွန်းထံသို့ သွား‌ရောက် အဖမ်းခံခဲ့သည်ဟု သိရ သည်။

‌သေဆုံးသွားခဲ့သူ ‌စောသိန်းဦး၏မိခင် နန်းမူ့လုံးတင်က “ကျမသားက တိုက်ပွဲမှာ ရန်သူလက်ချက်နဲ့ ကျသွားရင်လည်းပဲ ‌ဖြေသိမ့် လို့ရတယ်။ အခုက သူ့မှာ ဘာအပြစ်ရှိလို့ သတ်လဲလို့ သက်ဆိုင်ရာ‌တွေကို ‌မေးတာ ဘာမှမ‌ပြောကြဘူး။ လူတစ်‌ယောက်က အပြစ်ရှိရင် ရာထူးဖြုတ်ချင်ရင်ဖြုတ်ပြီး၊ ‌မောင်းထုတ်ချင်ရင် ‌မောင်းထုတ်လိုက်ပါ။ ဒါမှမဟုတ်လို့ရှိရင် ‌ထောင်ဒဏ်ရှိမယ်။ ‌ငွေ ဒဏ်၊ ကြိမ်ဒဏ်ရှိမယ်။ အဲဒီအပြစ်‌တွေ ‌ပေးလိုက်လို့ရတယ်။ အဲဒါမှမရရင် ရပ်မိရပ်ဖနဲ့ မိဘကို အ‌ကြောင်းကြားပြီး အာမခံ ‌တောင်း‌ပေါ့။ အပြစ်ကြီးလို့ မိဘက အာမခံ‌တောင်းလို့ မရဘူးဆိုရင် ‌ကျေနပ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပစ်သတ်သူမှာ ၎င်း၏စိတ်‌ဖောက်ပြန်မှု‌ကြောင့် ပြစ်မှုကျူးလွန်သည်ထက် အခြား‌နောက်ခံအ‌ကြောင်းအရာများ ရှိ‌နေသကဲ့သို့ သံသယဖြစ်မိ‌ကြောင်း၊ သူမအ‌နေဖြင့် ယခုဖြစ်စဉ်အမှန်ကို သိလိုပြီး တာဝန်ရှိသူများအ‌နေဖြင့် အမြန်ဆုံး ‌ဖော်ထုတ်‌ပေးရန် ‌တောင်းဆို‌ကြောင်း နန်းမူ့လုံးတင်က ဆက်လက် ‌ပြောဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ ‌ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒို‌စော‌ဒေါ့‌လေးမူက “ဒီကိစ္စက ရာဇဝတ်မှုဖြစ်တဲ့အတွက် ကျ‌နော် တို့ရဲ့ ရာဇဝတ်မှု လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမယ်။ ‌ကော်သူး‌လေမှာ ရာဇဝတ်ပြစ်မှု ကျူးလွန်လို့ရှိရင် အရင်ဆုံး အမှုလိုက် ‌တွေက ဘယ်အချိန် အမှုဖြစ်လဲဆိုတာ စုံစမ်း‌ဖော်ထုတ်ပြီး‌တော့ တရားသူကြီးဆီမှာ တင်ပြပြီး‌တော့ တရားစွဲဆိုတယ်။ တရားသူ ကြီး ခုံရုံးအဖွဲ့ကို ဖွဲ့ပြီး‌တော့ တရားစီရင်ဆုံးဖြတ်တယ်။ ရာဇဝတ်လမ်း‌ကြောင်းနဲ့ သွားရမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆို သည်။

ပြစ်မှုကျူးလွန်သူ ‌စောဖိုး‌စေးသည် ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)မှဖြစ်ပြီး အပတ်စဉ်(၈) ဗိုလ်သင်တန်းဆင်းတစ်ဦးဖြစ်သ လို တပ်ရင်းမှူး၏ ကိုယ်‌ရေးအရာရှိလည်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား ခရိုင်အဆင့် မှုခင်းစုံစမ်း‌ရေးအဖွဲ့က ဆက်လက်စုံစမ်း လျှက်ရှိပြီး ထိုမှတဆင့် သက်ဆိုင်ရာ တရားသူကြီးကို တင်ပြသွားမည်ဖြစ်‌သော်လည်း ‌ကေအဲန်ယူ ဗဟိုတရားစီရင်‌ရေးဌာနအ ‌နေဖြင့် ယခုအချိန်ထိ ညွန်ကြားချက် တစုံတရာ‌ပေးခြင်း မရှိ‌သေး‌ကြောင်း သိရသည်။