ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ယခုနှစ်တွင် ရာဘာဈေးနှုန်းများ ပိုမို ကျဆင်းသည့်အတွက် မိုးတွင်းပိုင်း ရာဘာပင်များ ပြန်လည်မွမ်းမံမည့် ရာဘာခြံပိုင်ရှင်များ နှင့် လုပ်သားများမှာ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် နော်မရီဦးက “အခုချိန်မှာ ရာဘာဈေးမရှိတော့လို့ တချို့ခြံတွေက ရပ်လိုက်ထားတာ လည်းရှိသလို တချို့က ရှိထားတဲ့ရာဘာခြံကိုဖြုတ်ပြီး အခြားအပင်တွေကို ပြန်လည်စိုက်ထားရှိတယ်။ အရင်းရှိတဲ့လူတွေကတော့ ဈေးကောင်းလာမဲ့အချိန်ကိုစောင့်ပြီး နည်းနည်းချင်း ပြန်လည် ပြုစုပေးရတာပေါ့နော်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုကဲ့သို့ ရာဘာဈေးကျဆင်းမှုကြောင့် ခြံပိုင်ရှင်များအနေဖြင့် မိုးတွင်းပိုင်း၌ ခြံရှင်းလင်းမည့် နေ့စားအလုပ်သမားများကိုငှားရမ်း ရန်မှာ အဆင်မပြေသလို ရာဘာခြစ်သူများလည်း နေ့စဉ် ဝင်ငွေပုံမှန်ရမည့် အလုပ်များကို ရှာဖွေလုပ်ကိုင်နေကြသည်။
ကော့ကရိတ်မြို့နယ်မှ ရာဘာရောင်းဝယ်သူ နော်သောင်းငွေက “ကျမတို့က ရာဘာဝယ်ရောင်းတယ်။ ဒါပေမဲ့ ဈေးမရှိတဲ့အတွက် များများတော့ သိုလှောင်ထားလို့မရဲဘူး။ ပြီးတော့ ခြံစိုက်သမားတွေအတွက်လည်း ဒီနှစ်တော့ အမြတ်မရှိဘူး။ တစ်ချို့ဒိုင်သမား တွေက ဈေးကောင်းမဲ့အချိန်ကိုစောင့်ပြီး ဈေးမတက်လာတဲ့အတွက် အရှုံးရှိတဲ့လူတွေလည်းရှိတာပေါ့”ဟု ကေအိုင်စီသို့ ပြော သည်။
အလားတူ ကော့ကရိတ်မှ နေ့စား ရာဘာခြစ်သူ စောချစ်လင်းက “ခြံရှင်အများစုက ရာဘာဈေးမကောင်းတော့ ရာဘာခြံ ရောင်း ချင်တာပေါ့။ ဒါပေမဲ့ ဘယ်သူကမှ ရာဘာခြံကို မဝယ်ချင်ကြဘူး။ ရာဘာခြစ်တဲ့အချိန်က နေ့စားလုပ်လို့မကိုက်ဘူး။ ခြံရှင်နဲ့တစ် ဝက်စီခွဲတာတောင်မှ လုပ်ရတာမကိုက်ဘူး။ အခုမိုးတွင်းမှာတော့ တစ်ခြားအလုပ်တွေပြောင်းပြီး လုပ်တာများတယ်။”ဟု ဆို သည်။
ကရင်ပြည်နယ်အတွင်းရှိ ယခင်နှစ်က နောက်ဆုံး ရာဘာဈေးကွက်မှာ အလေးချိန် တစ်ပေါင်လျင် မြန်မာကျပ် ၈၅ဝရှိပြီး ယခုနှစ် တွင် လက်ရှိ ရာဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၅၈ဝကျပ်အထိသာရှိတော့ကြောင်း ၎င်းရာဘာအများစုကို ရာဘာကုန်သည်မှတ ဆင့် ရောင်းချသည့်အပြင် တစ်ချို့မှာ အဝယ်ဒိုင်ကြီးများဆီသို့ သွားရောက်ရောင်းချသူများလည်းရှိကြောင်း ရာဘာစိုက်တောင် သူများက ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ် ရောင်းချနေသည့် ရာဘာအရည်အသွေးများမှာ လိုအပ်ချက် ရှိနေသေးသဖြင့် ကမ္ဘာ့ပေါက် ဈေးထက် ဈေးလျှော့ပြီး ရောင်းချနေရသည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ဇော်၏ ပြောပြချက်အရ သိရသည်။
၎င်းအပြင် ပြည်ပသို့ ရာဘာတင်ပို့ရောင်းချမှုနှုန်းမှာ ရာဘာတစ်တန်လျင် အမေရိကန်ဒေါ်လာ ၁,၆၀ဝမှ ၁,၉၀ဝအထိရှိကြောင်း ပြည်တွင်းသတင်းမီဒီယာများက ရေးသားဖော်ပြထားကြသည်။