Home သတင်း တရားမဝင် အလုပ်သမားများကို ထိုင်းအာဏာပိုင်များ ဆက်လက်ဖမ်းဆီး‌နေဆဲ

တရားမဝင် အလုပ်သမားများကို ထိုင်းအာဏာပိုင်များ ဆက်လက်ဖမ်းဆီး‌နေဆဲ

1865

ဇွန် ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်‌သော မြန်မာ အပါအဝင် က‌မ္ဘောဒီးယားနှင့် လာအိုနိုင်ငံသား တရားမဝင် ‌ရွှေ့‌ပြောင်းအလုပ်သမား များကို ယခုဇွန်လမှစ၍ ထိုင်းအာဏာပိုင်များက တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်‌ဆေးဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်လျှက်ရှိ သည်။

ယခု ဇွန်လ ၉ရက်‌နေ့က ထိုင်းနိုင်ငံ၊ စစ်‌ကောင်စီအစည်းအ‌ဝေး ပြုလုပ်ပြီး‌နောက် ထိုင်းနိုင်ငံရှိ ခရိုင်‌ပေါင်း ၇၇ခုမှ တရားမဝင် အလုပ်သမားများကို စတင်ဖမ်းဆီးရာ၌ တာ့ခ်ခရိုင်၊ မဲ‌ဆောက်‌ဒေသအတွင်း အလုပ်လုပ်ကိုင်‌နေသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ် သမားများကို ဦးစွာ ဖမ်းဆီးခဲ့သည်ဟု မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းက “မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေကို ဖမ်းဆီးရာမှာ အ‌ထောက်အထားမဲ့ ‌နေထိုင်သူများ၊ ယာယီပတ်စ်ပို့၊ ဝပ်ပါမစ် (အလုပ်လုပ်ခွင့်လက်မှတ်)မရှိသူ‌တွေ၊ အ‌ထောက်အထားရှိပြီး သက်တမ်းတိုးမထားတဲ့သူ‌တွေ၊ အ‌ထောက်အထားရှိပြီး မူးယစ် ‌ဆေးဝါးသုံးစွဲသူ‌တွေ၊ နှစ်လုံး သုံးလုံး ချဲ‌ဘောက်ချာနဲ့ မိတဲ့သူ‌တွေကိုဖမ်းပြီး ‌ထောင်ချတယ်။ အဲဒီထဲမှာ ဘာအ‌ထောက်အထားမှ မရှိသူ‌တွေကို မြန်မာပြည်ဘက် နီးစပ်ရာနယ်စပ်ဂိတ်‌တွေဖြစ်တဲ့ တာချီလိတ်၊ ‌ကော့‌သောင်း၊ မြဝတီကို ပြန်ပို့တယ်”ဟု ‌ပြော သည်။

ထို့အပြင် မြန်မာနှင့် ထိုင်းအစိုးရတို့ နှစ်ဖက်နားလည်မှုစာချွန်လွှာ သ‌ဘောတူထားသည့် MOU ယာယီနိုင်ငံကူးလက်မှတ် ကိုင် ‌ဆောင်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်လာသည့် လက်ရှိ မြန်မာအလုပ်သမားများကို အလုပ်ရှင်မှ အလုပ်မဆင်းရန် မှာ ကြားထားသလို ပွဲစားများမှတဆင့် ပြုလုပ်၍ အလုပ်ရှင်နာမည် လွဲမှားသည့် စာရွက်စာတမ်း ကိုင်‌ဆောင်သူအလုပ်သမားများကို လည်း ဖမ်းဆီးလျှက်ရှိသည်ဟု သိရှိရသည်။

ဘန်‌ကောက်မြို့မှ မြန်မာအလုပ်သမ နန်းအဲမူးက “ကျမ အိမ်အလုပ်က‌နေထွက်ပြီး ကျမအမျိုးသားရဲ့ သူ‌ဌေးဆီမှာ အလုပ်ပြန် လာလုပ်ဖို့ သူ‌ဌေးက လက်မခံရဲလို့ အခုထိ အလုပ်မရ‌သေးဘူး။ ကျမမှာ ပတ်စ်ပို့ရှိတယ်။ ဝပ်ပါမစ်က‌တော့ သက်တမ်းကုန်‌နေ တယ်။ အဲဒါ ဝပ်ပါမစ်မှာလည်း သူ‌ဌေးနာမည် ‌ပြောင်းရအုံးမယ်။ သူ‌ဌေးနာမည်‌ပြောင်းဖို့က အခုရုံး‌တွေလည်း ပိတ်ထား‌တော့ လုပ်လို့မရ‌သေးလို့ ဒုက္ခ‌ရောက်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ‌မေလ ၂၂ရက်‌နေ့က ထိုင်းနိုင်ငံ၌ စစ်အာဏာသိမ်းခဲ့ပြီး‌နောက်ပိုင်း ဇွန်လ ၃ရက်‌နေ့မှစ၍ မဲ‌ဆောက်မြို့ရှိ တရားမဝင် မြန် မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို စစ်တပ်အာဏာပိုင်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် နယ်ခြားလုံခြုံ‌ရေး‌စောင့်တပ်များ ပူး‌ပေါင်းပြီး ပထမဆုံးအကြိမ် ဖမ်းဆီးရာတွင် ၁၆၃ဦး ဖမ်းမိခဲ့သည်ဟု သိရသည်။

၎င်းအပြင် အ‌ထောက်အထားမဲ့သည့် အလုပ်သမားများကို လက်ခံသည့် အလုပ်ရှင်များကိုလည်း တရားစွဲဆိုသွားရန်အတွက် ပြင်ဆင်လျှက်ရှိပြီး သက်ဆိုင်ရာ ထိုင်းအစိုးရ အာဏာပိုင်များက ဘန်‌ကောက်မြို့ အနီးတဝိုက်ရှိ‌နေရာများ၌ ဇွန်လ ၁၁ရက်‌နေ့ တွင် စတင် ဖမ်းဆီးခဲ့ရာ ယခုအချိန်ထိ မရပ်တန့်‌သေးဘဲ ‌နေရာတစ်ခုချင်းစီအလိုက် ဖမ်းဆီးမှုများ ဆက်လက်တိုးချဲ့ ပြုလုပ် လျှက်ရှိသည်။

ထိုင်းနိုင်ငံ ဘန်‌ကောက်အ‌ခြေစိုက် ပြည်ပ‌ရောက်ကရင်လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO) အဖွဲ့ဝင် ‌စောအဲသိုကလည်း “အခု ဖမ်း‌နေတာက ထိုင်းစစ်တပ်နဲ့ ရဲ‌တွေ‌ပေါင်းပြီး စစ်ဖမ်း‌နေကြတာပါ။ ကျ‌နော်တို့သိရတာက အလုပ်သမားတန်းလျားနဲ့ အလုပ်ခွင် ‌တွေကို ဝင်စစ်ပြီး ဖမ်းတာပဲ။ ဖမ်းပြီး စစ်‌ဆေး‌မေးမြန်းတဲ့အခါမှာ ထိုင်းလား၊ မြန်မာလား ‌မေးပြီး မြန်မာဆိုရင် ပတ်စ်ပို့နဲ့ ဝပ်ပါမစ် ‌တောင်းကြည့်တယ်။ ‌နေရာမှားတာနဲ့ ဖမ်းသွားတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ လာ‌ရောက်အလုပ်လုပ်ကိုင်သူ ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း ၃သန်း‌ကျော်ရှိသည့်အနက် က‌မ္ဘောဒီးယား နှင့် လာအိုနိုင်ငံသား အလုပ်သမား ၆သိန်းခန့်မှလွဲ၍ ကျန်အလုပ်သမားများမှာ မြန်မာနိုင်ငံမှဖြစ်‌ကြောင်းနှင့် တစ်နိုင်ငံလုံး အ တိုင်းအတာဖြင့် ယာယီပတ်စ်ပို့ကိုင်‌ဆောင်သည့် အလုပ်သမားများမှာ တစ်သန်းပင်မရှိ‌ကြောင်း ထိုင်းနိုင်ငံ အ‌ခြေစိုက် အလုပ်သ မားများဆိုင်ရာ ကူညီ‌ပေး‌နေသည့်အဖွဲ့များ၏ ‌ပြောဆိုထားချက်အရ သိရသည်။