ခေါင်ဆူလိုင့်
၂၀၁ဝ နိုဝင်ဘာ ၇ရက် ရွေးကောက်ပွဲနဲ့ ၂၀၁၁ ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဗမာပြည်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်လို့ အနိုင်ရ ကြံ့ဖွံ့ပါတီ အစိုးရအဖွဲ့က ပြောဆိုနေပါတယ်။ ဒီလိုပြုပြင်ရာ မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲသံစဲမဲ့ အပစ်အခတ်ရပ်စဲရေး ခရီးစဉ်ကလည်း လမ်းခုလတ်တင် ရှိနေ သေးဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကေအဲန်ယူနဲ့ အစိုးရတို့ နှစ်ဦးနှစ်ဖက်က ညှိနှိုင်းလို့သာရပြီး လက်တွေ့လုပ်ဆောင်လို့ မရသေး တာကတော့ တပ်နေရာချထားရေးပဲ ဖြစ်ပါတယ်။
၂၀၁၂ခုနှစ်၊ စက်တင်ဘာလမှာ ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တပ်ကိစ္စ ဆွေးနွေးခဲ့ရာမှာလည်း နိုင်ငံရေးတောင်းဆိုမှုဆို ချက်ချင်း လိုက်လျောဆုံးဖြတ်နိုင်ပေမဲ့ တပ်ကိစ္စဆို တိုင်းမှူး(ရတခ)တောင် ဆုံး ဖြတ်လို့မရနိုင်ဘဲ တပ်ချုပ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)ကို ပြန်တင်ပြရမှာလို့ အစိုးရဘက်က ပြောဆိုဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်မှာ အဆိုပါတပ်ရွှေ့ပြောင်းရေးကိစ္စကိုပဲ ဆွေးနွေးသွားဖို့ရှိတာကို ကေအဲန်ယူ စစ်ဦးစီးချုပ် အပါအဝင် နီးစပ်ရာ အသိုင်းအဝိုင်းတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပေမဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် တပ်ကိစ္စ ဆွေး နွေးရေးဟာ သွေဖီသွားခဲ့ပါတယ်။
သို့သော် တောတောင်၊ မြစ်ချောင်းနံဘေးဘက် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဌာနေမဲ့ ပြည်တွင်းဒုက္ခသည်တွေဟာ နေရပ်ရွာ မှာ ပြန်နေနိုင်ဖို့အရေး အစိုးရတပ် မရှိတာကိုပဲ လိုလားနေကြပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နယ်နိမိတ်ထဲက သံလွင်မြစ် ကမ်းနံဘေးမှာရှိတဲ့ အီတိုးထာ့ပြည်တွင်းဒုက္ခသည်စခန်းက အသက် ၆၅နှစ်အရွယ် နော်မူယဲဖဲဟာ တောင်တန်းတွေများတဲ့ သူမရဲ့ ဇာတိမြေ တောင်ငူခရိုင်က ကျေးရွာလေးကိုပဲ ပြန်လိုစိတ်ပြင်းပြနေပါတယ်။
သူမဟာ ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဌအဖြစ် ၂၅နှစ်ကျော် တာဝန်ယူလာခဲ့ပေမဲ့ လက်ရှိမှာ ရပ်ရွာစွန့်ခွာဆဲ ပြည် တွင်းဒုက္ခသည် (Internally Displace People – IDP)အဖြစ် ဒီအီတိုးထာ့စခန်းမှာ ၂၀၀၇ခုနှစ်၊ နိုဝင်ဘာလကတည်းက စစ်ပြေး ဒုက္ခသည်အဖြစ် လာရောက်နေထိုင်နေရပါတယ်။ ထောက်ပံ့ကူညီသူ ပုံမှန်မရှိတဲ့ ဒီလိုပြည်တွင်းဒုက္ခသည်ဘဝနဲ့ ၆နှစ်ကြာ နေထိုင်ခဲ့ရပေမဲ့ စစ်တွေရပ်လို့ ငြိမ်းချမ်းသွားတာကိုပဲ လိုလားနေသူဖြစ်ပါတယ်။ အခုဆို ကေအဲန်ယူနဲ့ အစိုးရတို့ အပစ်အခတ် ရပ်ဆိုင်းထားပေမဲ့ အစိုးရစစ်တပ်တွေဟာ တောင်ငူဒေသကနေ တဖဝါးမှ မဆုတ်ခွာသေးဘဲ ရှိနေတာကို နော်မူယဲဖဲ အပါအဝင် သူမလို ထွက်ပြေးလာခဲ့ကြရတဲ့ ရွာသားတွေကလည်း မလိုလားကြပါဘူး။
သူမက “အပစ်အခတ် ရပ်တယ်ဆိုမှ ထိုးစစ်တွေ မရှိသင့်တော့ဘူး။ ကျမတို့ဒေသတွေမှာလည်း ဗမာ(အစိုးရ)တပ်တွေ မနေသင့် တော့ဘူး။ စစ်တပ်ကို လုံးဝ မရှိစေချင်တော့ဘူး။ စစ်တပ်က ပြန်မဆုတ်ခွာသေးသမျှ ကျမတို့ ရွာထဲပြန်မနေရဲသေးဘူး။ စစ်တပ် မရှိမှ ကျမတို့တွေ သွားလာမှု လွတ်လပ်မယ်။ အကြောက်တရား လျော့ပါးမယ်။”လို့ ပြောပါတယ်။
သူမဟာ ပဲခူးတိုင်း၊ တောင်ငူမြို့ဇာတိဖြစ်ပြီး မိဘတွေဖြစ်တဲ့ နော်ဘွေဖော၊ စောဘဟူတို့က မွေးဖွားတဲ့ သားသမီး ၅ဦးထဲမှာ အကြီးဆုံးသမီး ဖြစ်ပါတယ်။ ကရင့်တော်လှန်ရေးစတဲ့အချိန် သူမရဲ့ဖခင်ဟာ တောင်ငူ၊ ညောင်လေးပင်၊ ဒိုက်ဦး စတဲ့နယ်မြေ တွေမှာ စည်းရုံးရေးသမားအဖြစ် အဆင့်ဆင့် တာဝန်ယူခဲ့ပြီး တောင်ငူခရိုင် အတွင်းရေးမှူးနဲ့ ပညာရေးမှူးတာဝန်တွေပါ ယူပေးခဲ့ သူ ဖြစ်ပါတယ်။
“အပါးက တော်လှန်ရေးသမားမို့ ကျမတို့က တရွာမှာ ၂နှစ်၊ ၃နှစ်ဆို ပြောင်းရပြန်ပြီ။ အတိအကျ နေထိုင်ခဲ့ရတာ မရှိခဲ့ဘူး။ အပါး ဟာ တော်လှန်ရေးလုပ်ရင်း ဖာလာစိုက်၊ ကော်ဖီစိုက်၊ တောင်ယာလုပ်ရတယ်။ ဒါဟာ တောင်ငူဘက်က တော်လှန်ရေးသမား တွေရဲ ့ဘဝပါ”လို့ ရှင်းပြပါတယ်။
တော်လှန်ရေးကာလ ကေအဲန်ယူက ဖွင့်တဲ့ကျောင်းမှာ ပညာသင်ခဲ့ပြီးနောက် ကျောင်းဆရာမအဖြစ် ရွာက ကလေးငယ်တွေကို သူမ စာသင်ပေးခဲ့ပါတယ်။ ၁၉၉၈ခုနှစ်ကျမှ အိမ်ထောင်ကျပြီးနောက်ပိုင်း တောင်ငူနယ်နဲ့နီးစပ်နေတဲ့ ကြပ်ပြေးနေပြည်တော်ကို အစိုးရဌာနဆိုင်ရာတွေ အခြေချလာတဲ့ ၂၀၀၆ခုနှစ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ-နအဖ စစ်တပ်တွေ က နယ်မြေစိုးမိုးရေးအဖြစ် ထိုးစစ်တွေ ပြင်းထန်လာပြီး ၂၀၀၇ခုနှစ်မှာ နအဖတပ်တွေရဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေ ကြောင့် သူမတို့တစ်နယ်လုံးက ဒေသခံတွေဟာ နယ်စပ်နဲ့နီးတဲ့ဘက်ကို သက်စွန့်စံဖျား ထွက်ပြေးလာခဲ့ရပါတယ်။
နော်မူယဲဖဲရဲ့ဇာတိရွာဟာ ကရင်နဲ့ ကရင်နီ(ကယား)ပြည်နယ် ကြားဒေသဖြစ်တဲ့ တောင်ငူ-မော်ချီးကားလမ်းဘေးမှာ ရှိတာမို့ အဲဒီကာလက နအဖ စစ်တပ်ကားတွေက ဖြတ်သန်းတဲ့အခါ တွေ့သမျှ ရွာသူရွာသားတွေကို ပေါ်တာခေါ်၊ ငွေတောင်း စတာတွေ လုပ်တာမို့ များသောအားဖြင့် ဒီဒေသတွေက လူထုတွေဟာ စစ်တပ်နဲ့ အတွေ့မခံရဲဘဲ ပုန်းရှောင်နေကြရပါတယ်။
သူမက “တခါ စစ်တပ်က ကရင်နီဘက်ကိုအသွား ကျမတို့ ပုန်းနေတာကိုတွေ့သွားပြီး ဖမ်းခေါ်သွားတယ်။ အဲဒီမှာ ကလေးအမေ နဲ့ ကလေးငယ်တွေ အပါအဝင် ၂၇ဦး။ ယောက်ျားလေးတွေက ၆ဦးပဲပါတယ်။ ကျမတို့ကို စစ်သားတစ်ဦး ရွာသားနှစ်ဦးကြားညှပ် ပြီး နေ့လည်ဘက်မှာ ဖမ်းခေါ်သွားတယ်။ ကျမယောက်ျားက လမ်းပြလုပ်ခဲ့ရသေးတယ်။”လို့ ပြောပါတယ်။
အဲဒီခရီးမှာ စစ်တပ်က အမျိုးသားတွေကို ထမ်းပိုးခိုင်းပြီး အချို့အမျိုးသမီးတွေဆို ကလေး ၂ယောက် ၃ယောက်နဲ့မို့ သူမတို့က လည်း ဝိုင်းကူချီပိုးပေးရပါတယ်။ ညဘက်မှာ ရွာသူတွေက ဇရပ်ပေါ်အိပ်ပြီး နောက်နေ့မှာ စစ်တပ်က ပြန်လွှတ်ပေးပေမဲ့ အမျိုး သားတွေကိုတော့ ပေါ်တာအဖြစ် ၂လလောက် ခေါ်သွားပြီးမှ ပြန်လွှတ်ပေးတယ်လို့ သူမက ဆိုပါတယ်။
ကေအဲန်ယူ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက “ဆရာမ မူယဲဖဲတို့ရွာတွေဟာ အခေါက်ခေါက် အခါခါ ရွှေ့နေရတယ်။ ၁၉၅၇-၅၈ခုနှစ်တွေမှာ ဗမာအစိုးရရဲ ့ အောင်စိုးမိုး၊ အောင်ကျော်ဟိန်း၊ အောင်မော်အေး စတဲ့ နာမည်ကြီး စစ်ဆင်ရေးကာလ တုန်းကဆို အကြီးအကျယ် မီးရှို့ခံရတဲ့ ဒေသတွေပဲလေ။”လို့ ပြောပါတယ်။
အစိုးရစစ်တပ်တွေဟာ တောင်ငူခရိုင်က ဘောဂလိ၊ ရေသိုးကြီး၊ ဘူဆာခီး စတဲ့တောင်ပေါ်ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေ ပြီး ကေအဲန်ယူနဲ့ အပစ်အခတ် ရပ်စဲထားပြီးတဲ့တိုင်အောင် နောက်တန်းကို ပြန်လည်ရွှေ့ပြောင်းတာတွေ စိုးစဉ်းမျှ မရှိသေးပါဘူး။ တောင်ငူခရိုင်ဟာ မနှစ်က တပ်မ(၆၆)တာဝန်ယူထားပေမဲ့ နှစ်စဉ် တပ်အပြောင်းအလဲအရ ၂၀၁၃ခုနှစ်မှာ တောင်ငူခရိုင်ထဲကို စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၉) က လက်အောက်ခံ တပ်ရင်းဆယ်ရင်းနဲ့ ၂၀၁၃နှစ်ကုန်အထိ ဝင်ရောက်လှုပ်ရှားနေတယ်လို့ လည်း ကေအဲန်ယူ တောင်ငူခရိုင်/တပ်မဟာ(၂)ဘက်က ပြောပါတယ်။
ဗမာပြည်မှာ လတ်တလောအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မြင်သာမှုရှိလာပြီလို့ ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း တောင်ငူ ခရိုင်မှာက စစ်တပ်ဟာ ဒေသခံလူထုကို သွားလာမှု နှောက်ယှက်ခြင်း၊ ရှာဖွေစစ်ဆေးခြင်း မရှိတာကလွဲလို့ ယခင်ခေတ်အဆက် ဆက် အတွေ့အကြုံဆိုးတွေ ကြုံဆုံလာခဲ့ရတဲ့ နော်မူယဲဖဲတို့လို ဒေသခံ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ အမျိုးသားတွေနဲ့ ထပ်တူ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေသခံတွေလည်း ခုချိန်ထိ စစ်တပ်ကို အပြည့်အဝ ယုံကြည်မှု မထားရဲသေးသလို ရှေ့ကို မတိုး၊ နောက်ကိုမဆုတ် ဖြစ်နေသေးတဲ့ ကေအဲန်ယူနဲ့ အစိုးရတို့ရဲ့ လက်ရှိ အပစ်ရပ်ထားချိန် ကာလလေးအတွင်းမှာ သံလွင် မြစ်ကမ်းနံဘေး အီတိုးထာ့စခန်းက နော်မူယဲဖဲတို့ ပြည်တွင်းဒုက္ခသည် (IDP)တွေဟာ အခုလို လွန်ကဲလှတဲ့ အအေးဒဏ်ကို အံတုရှင်သန်ရင်း ကိုယ့်ဇာတိရပ်မြေက နဂိုနေအိမ်ကို ပြန်ချင်ပေမဲ့ အပြန်ခက်နေကြဆဲသာ ဖြစ်လို့နေပါတော့တယ်။