Home သတင်း အစိုးရစစ်တပ်မှ ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု ‌ကေအဲန်ယူ ‌ပြောဆို

အစိုးရစစ်တပ်မှ ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု ‌ကေအဲန်ယူ ‌ပြောဆို

1607

ဇန်နဝါရီလ ၁၃ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌မြောက်ပိုင်း၊ ဖာပွန်မြို့နယ် အ‌ခြေစိုက် အစိုးရစစ်တပ်မှ တပ်ရင်းတစ်ရင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရွာသား များ‌နေထိုင်ရာ ‌ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်မှုများ လုပ်‌ဆောင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)က ‌ပြောသည်။

ဖာပွန်မြို့နယ် ဖလာခိုအ‌ခြေစိုက် စစ်ကွပ်ကဲ‌ရေးဋ္ဌာနချုပ် စကခ(၈)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၄၀၁)တပ်ရင်းသည် တပ်ရိက္ခာများ ပို့‌ဆောင်ရန်အတွက် လမ်းရှင်းလင်းသည့်အ‌နေဖြင့် ယခုလ ၇ရက်‌နေ့ မွန်းလွဲ ၂နာရီ‌ကျော်တွင် ၎င်းတို့ အ‌ခြေချရာ တပ်စခန်းမှ‌နေ၍ တယ်ဘိုးပ‌လော‌ကျေးရွာသို့ (၆ဝ မမ) လက်နက်ကြီးဖြင့် ၃ချက်တိတိ ပစ်ခတ်ခဲ့သည်ဟု ‌ကေအဲန်ယူ ဖာပွန် ခရိုင်တာဝန်ရှိသူများက ‌ပြောသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင်၏ တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောလွဲ‌ဂေက “အခု အစိုးရစစ်တပ်‌တွေက ရိက္ခာပို့‌ဆောင်ဖို့အတွက် လမ်း ပြန်လည်ရှင်းလင်းတာ‌တွေ လုပ်‌ဆောင်‌နေတယ်။ ကားလမ်း‌ဖောက်တဲ့ ကား‌တွေ‌ရောက်လာတဲ့အချိန်မှာ အရင်လွှတ်ထားတဲ့ လုံခြုံ‌ရေးတပ်ဖွဲ့‌တွေက ‌သေနတ်ကြီး‌တွေ လိုက်လံပစ်ခတ်တာ‌တွေ လုပ်‌ဆောင်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရစစ်တပ်ဘက်မှ ယခုလို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရမှုမရှိ‌သော်လည်း ထိတ်လန့်မှုများ ရှိ‌နေကြပြီး ယင်းသို့‌သော စစ်‌ရေးလှုပ်ရှားမှုများမှာ ‌ကေအဲန်ယူဘက်က အမှားကျူးလွန်မိ‌အောင် သွယ်ဝိုက် သည့်နည်းဖြင့် လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ပဒို‌စောလွဲ‌ဂေက ဆက်‌ပြောသည်။

‌ကေအဲန်ယူ၏ တွဲဘက်အတွင်း‌ရေးမှူး (၁) ပဒို‌စော‌သောသီဘွဲက‌တော့ ယခုကိစ္စနှင့်ပတ်သက်၍ ‌ကေအဲန်ယူ တပ်မဟာ(၅) ဘက်မှ တရားဝင်စာဖြင့် တိုင်ကြားလာပြီးဖြစ်‌သော‌ကြောင့် သတင်းထုတ်ပြန်ချက်များကို ထုတ်ပြန်သွားမည်မဟုတ်‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သူတို့ (တပ်မဟာ -၅)ဘက်က တရားဝင်စာနဲ့ တိုင်ကြားလာတဲ့အတွက် ဗိုလ်မှူးဂလယ်ဒို့(‌ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး) တို့နဲ့ မ‌နေ့က ‌ဆွေး‌နွေးခဲ့ပြီးပြီ။ ကျ‌နော်တို့ဘက်က ထုတ်ပြန်ချက်‌တွေဘာ‌တွေ ထုတ်ဖို့က‌တော့ အစီအစဉ် မရှိဘူး”ဟု ပဒို‌စော ‌သောသီဘွဲက ‌ပြောသည်။

ယခုလ ၆ရက်‌နေ့ကလည်း ၎င်းအစိုးရစစ်တပ်သည် နှစ်ဘက် သတ်မှတ်ထား‌သော နယ်‌မြေကို ‌ကျော်လွန်ပြီး ဝင်‌ရောက်လှုပ်ရှား လာသဖြင့် နယ်‌မြေခံ ‌ကေအဲန်ယူ တပ်မဟာ(၅)တပ်ဖွဲ့များနှင့် မိနစ်ပိုင်းခန့် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့‌သော်လည်း နှစ်ဘက် ထိခိုက်မှုမရှိဟု ‌ကေအဲန်ယူဘက်က ‌ပြောသည်။

‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့သည် နှစ်ဘက် အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီချက်ကို ကရင်ပြည်နယ်၊ ဖားအံ မြို့၌ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် လက်မှတ်‌ရေးထိုးခဲ့ကြပြီး ယခု ၂နှစ်တာကြာမြင့်လာ‌သော်လည်း ‌ကေအဲန်ယူ ဖာပွန်ခရိုင်နယ်‌မြေတွင် အစိုးရတပ်နှင့် ‌ကေအဲန်ယူ တပ်မဟာ(၅)လက်‌အောက်ခံ တပ်ဖွဲ့ဝင်တို့အကြား ရံဖန်ရံခါ ပစ်ခတ်မှုများ ရှိ‌နေ‌သေးသည်။