(လကင်္ာဒီပ)
(၁၄ ဇန်နဝါရီ ၂၀၁၄)
ဖေ့သားကြီးရေ……
မွန်ဂိုကုန်းမြင့်က ဆင်းသက်လာ
မြစ်ဝါသဲချောင်းကို ပေးဆပ်ဖြတ်သန်း
ကန္တာရကြမ်းကို နင်းတိုး
မြစ်ဝှမ်းကိုးသွယ်မှာ ပြန်ဆုံကြမယ်
ရည်ရွယ်ထားခဲ့တဲ့ကတိ
သမိုင်းရှိခဲ့တယ် ကြီးကြီးမားမားပေါ့။
ဖေ့သားကြီးရေ…..
နှစ်စဉ်နှစ်တိုင်း မေ့မထား
ကောက်သစ်စားပွဲလည်း ကျင်းပလာ
ရိုးရာချည်ဖြူဖွဲ့ပွဲလည်းရှိ
အသိပညာ၊ စာပေ၊ စကား
ဓလေ့များနဲ့ သမိုင်းကြောင်းတွေ ရှိတယ်
ဒီနယ် ဒီမြေ ဒီရေ တို့တွေရှိတည်
ဟိုး… ဘီစီ(၇၃၉)မတိုင်မီထဲကပေါ့။
ဖေ့သားကြီးရေ…..
လောဘ ဒေါသ မောဟ
အရင်းတည်ကြလာ
“မဟာ” ငါ ကြီးစိုးလွန်းသည့်
ဗာလာနတ္ထိ လူ့ငုံးတိတွေကြောင့်
ပဋိပက္ခဆိုတာတွေဟာ
မွေးဖွားလာ ကြုံဆုံခဲ့ကြပြန်တယ်။
ဖေ့သားကြီးရေ…..
မှားတယ်ဆို ပြင်ဖို့ရဲရမယ်
မှန်တယ်ဆို ရှေ့ဆက်လေ
ရပ်မနေနဲ့ ဆက်သွားကြ
အနှစ်(၆၀)ကျော်ဟာ ဂိတ်ဆုံးမဟုတ်
လုပ်ရမယ့် တာဝန်နဲ့ ဝတ္တရား
အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်
ရွက်လွှင့်ခြင်းပန်းတိုင်
ချိုမိုင်မိုင်တွေနဲ့ သာယာမနေနဲ့ဦး။
ဖေ့သားကြီးရေ…
အမျိုးသားအရေးမှာ
ငါ တစ်ယောက်မပါလည်း
ကွဲပြားပျက်ပြယ် မသွားနိုင်ဘူးဆိုတဲ့
အတ္တနဲ့ အချောင်သမားစိတ်ထား
တစ်ရွေးသားမှလည်း မပူးကပ်
အုတ်တစ်ချပ် သဲတစ်ပွင့်လို
ရဲရင့်ပါဝင်လို့ ကရင့်တာဝန်ကျေတတ်ရမယ်။
ဖေ့သားကြီးရေ…..
အရာရာဟာ အကြောင်းရှိမှ
အကျိုးဆိုတာတွေ ရှိကြတယ်
ဘယ်ကောင်းချီးမှ ထိုင်စောင့်
အလိုအလျောက် မဖြစ်လာဘူးလေ
နေဝင်ပြီးရင် နေထွက်လာတာ
ညဟာမှောင်ပြီးရင် နေ့ခင်းဆိုတာ
ရှိလာကြ ဖြစ်လာကြစမြဲ
လောကလည်း သူ့အလုပ် သူလုပ်သတဲ့
တို့ရဲ့အလုပ် တို့သာလျင် လုပ်မှဖြစ်မယ် မမေ့နဲ့။