စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင် အုန်းဖျန်ကရင်ဒုက္ခသည်စခန်း၌ သတင်းသုံးနေထိုင်သူ အထင်ကရ ဆရာတော်တစ်ပါးဖြစ်သော ကော့မှူးရာကျောင်းတိုက်ဆရာတော် အရှင်ဉာဏဝရသည် ယခုလ စက်တင်ဘာ ၃ရက်နေ့တွင် ပျံလွန်တော်မူသွားပြီး စက်တင်ဘာ ၈ရက်နေ့တွင် မီးသၤဂြိုလ်ခဲ့သည်။
သက်တော် ၅၇နှစ်၊ ဝါတော် ၃၇ဝါရှိပြီဖြစ်သော ဆရာတော် အရှင်ဉာဏဝရသည် ကရင့်တော်လှန်ရေးအပေါ် သစ္စာရှိသူဟု သတ်မှတ်ခံရသူဖြစ်သလို ကရင့်စာပေတိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း ၎င်းသတင်းသုံးနေထိုင်ရာ ကျောင်း၌ စက်တင်ဘာ ၃ရက်နေ့ ညနေ ၅နာရီခန့်က သွေးတိုးရောဂါဖြင့် ရုတ်တရက် ပျံလွန်တော်မူသွားခြင်း ဖြစ်သည်ဟု သိရသည်။
ဆရာတော် အရှင်ဉာဏဝရ၏ ဒကာတစ်ဦးလည်းဖြစ်၊ အုန်းဖျန်ဒုက္ခသည်စခန်း ဥက္ကဌလည်းဖြစ်သူ စောဝါးထီး က ဆရာတော်သည် ကရင့်အမျိုးသားတိုးတက်မြှင့်မားရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသူဖြစ်သည့် အတွက် ယခုလို ရုတ်ကရက် ပျံလွန်တော်မူသွားသည့်အပေါ် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ရကြောင်း ကေအိုင်စီသို့ ပြောသည်။
“ဆရာတော်ဟာ မျိုးချစ်စိတ် အပြည့်အဝရှိတဲ့သူပါ။ အခုလို ပျံလွန်တော်မူသွားတော့ အများကြီးနစ်နာရပါတယ်။ သူဟာ ကရင့်တော်လှန်ရေးကို အပြည့်အဝ ထောက်ခံသူဖြစ်သူသလို ထိုင်း-မြန်မာနယ်စပ်မှာ ပိုးကရင်စာပေကို နွေရာသီကျောင်းပိတ်ရက်မှာ သင်ကြားပို့ချဖို့ သူကပဲ ဦးဆောင်ပြီး သင်တန်းဖွင့်လှစ်ခဲ့တာဖြစ်တယ်”ဟု စောဝါးထီးက ပြောဆိုသည်။
ပျံလွန်တော်မူသွားသည့် ဆရာတော်ကို ယမန်နေ့ ညနေ ၃နာရီတွင် အုန်းဖျန်ဒုက္ခသည်စခန်း၊ ကော့မူးရာ ကျောင်းတိုက် အဝင်းတွင် မီးသၤဂြိုလ်ဈာပနအခမ်းအနားပြုလုပ်ခဲ့ရာ ကရင်အမျိုးအစည်းအရုံး (ကေအဲန်ယူ) ပြည်ထဲရေးနှင့် သာသနာရေးတာဝန်ခံ ပဒိုစောအားတိုးအပါအဝင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ရပ်ဝေးရပ်နီး ဒကာ၊ ဒကာမပေါင်း (၅,၀၀၀)ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဈာပနအခမ်းအနားတက်ရောက်ခဲ့သည့် ကေအဲန်ယူ ပြည်ထဲရေးနှင့် သာသနာရေးတာဝန်ခံ ပဒိုစောအားတိုးက “ကော့မူးရာဆရာတော်ဟာ ကျနော်တို့ တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့သူဖြစ်သလို ကရင်တွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း စတာတွေ ထိန်းသိမ်းတဲ့နေရာမှာ မှတ်တမ်းတင်လောက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အခု ပျံလွန်တော်မူသွားတဲ့အတွက် ကျနော်ကရင်တမျိုးသားလုံးအတွက် ဆုံးရှုံးမှုတခုပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ဆရာတော် အရှင်ဉာဏဝရသည် မဆလ စစ်အစိုးရခေတ် ၁၉၇၄ ခုနှစ်၌ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူး ဦးသန့်ဈာပနကိစ္စ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည့်အတွက် လိုက်လံဖမ်းဆီးခြင်းခံခဲ့ရကာ လွတ်မြောက် ရာသို့ တိမ်းရှောင်ရင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေသို့ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာသည့်အခါ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်စောဘိုမြ (ကွယ်လွန်)၊ ဘုန်းကြီး ရမ်ဘို (ခေါ်) ဦးဇဝနနှင့် စသည့် အခြားကေအဲန်ယူ ခေါင်းများက ပညာဆက်လက်ဆည်းပူးရန် ၎င်းအား ထိုင်း နိုင်ငံရှိ ဘန်ကောက်ကျေးတာဖားဝါးကျောင်းသို့ ပို့ခဲ့ပြီး ၁၉၈၆ခုနှစ်တွင် ကရင်ပြည်နယ် ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ ကော့မူးရာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် အပ်နှံခြင်းခံခဲ့ရသည်။
ကော့မူးရာ၌ သတင်းသုံးနေစဉ်ကာလတွင် ကေအဲန်ယူနှင့် (နဝတ၊ နအဖ)မြန်မာစစ်တပ်များအကြား တိုက်ပွဲ ဖြစ်ပွားသောကြောင့် ဝှေးကလုပ်စခန်းသို့ ရောက်ရှိလာကာ ၁၉၉၇ ခုနှစ်တွင် ဝှေးကလုပ်စခန်း တိုက်ခိုက်မီးရှို့ခံ ရပြီးနောက် အုန်းဖျန်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာပြီး ယခု ပျံလွန်တော်မူချိန်အထိ ဖြစ်သည်။
လက်ရှိ မီးသၤဂြိုလ်ပြီးသွားသည့် ဆရာတော် အရှင်ဉာဏဝရအတွက် ရက်ပေါင်းတစ်ရာအကြာတွင် အလှူဒါနပြု လုပ်ပေးမည်ဖြစ်ပြီး တပြိုင်နက်တည်းမှာပင် မီးသၤဂြိုလ်ခဲ့စဉ်က ၎င်းရုပ်ကလပ်၏ ပြာအမှုန့်ကို ယူကာ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းနှင့်အညီ သောင်ရင်းမြစ်အတွင်းသို့ မျှောပေးမည်ဟု အုန်းဖျန်ဒုက္ခသည်စခန်း ဥက္ကဌ စောဝါးထီးက ပြောသည်။
ပျံလွန်တော်မူသွားသည့် ဆရာတော် အရှင်ဉာဏဝရသည် ၁၉၅၇ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့တွင် ခမည်းတော် မန်းအောင်ပွင့်နှင့် မယ်တော် ဂါမူးနော်တလုံမှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၄ ဦးအနက် တတိယမြောက် သားဖြစ်သည်ဟု သိရသည်။


















