Home သတင်း အရပ်သားတစ်ဦးကို အစိုးရတပ်ရင်းမှူး အ‌ကြောင်းမဲ့ ထိုးကြိတ်

အရပ်သားတစ်ဦးကို အစိုးရတပ်ရင်းမှူး အ‌ကြောင်းမဲ့ ထိုးကြိတ်

1653
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အ‌ခြေစိုက်‌နေ သည့် မြန်မာအစိုးရစစ်တပ် ‌ခြေလျင်တပ်ရင်း (ခလရ-၂၈၃)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမျိုးမြင့်‌ကျော်သည် ယမန်‌နေ့မွန်းလွဲ ၂နာရီ‌ကျော်က မြို့ခံအရပ်သားတစ်ဦးကို အ‌ကြောင်း မဲ့ ထိုးကြိတ်ခဲ့သည်။

အဆိုပါတပ်ရင်းမှူးသည် ဘုရားသုံးဆူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အဲဗားစမိုင်းလ် အ‌အေးဆိုင်‌ရှေ့တွင် ကားရပ်ထားပြီး ကွမ်းယာ ဝယ်စား‌နေသည့် ကိုထားဝယ် ဆိုသူကို လက်သီးဖြင့် သုံး‌လေးချက် ထိုးကြိတ်ခဲ့‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ ဘုရားသုံးဆူ မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တပ်ရင်းမှူးက သူ့ကားကို လမ်း‌ပြောင်းပြန်‌မောင်းလာပြီး အဲဗားစမိုင်းလ်ဆိုင်‌ရှေ့ မှာ ရပ်ထားတဲ့ ထားဝယ် (ဟိုင်းလက်)ကားကို ‌ခေါင်းချင်းဝင်တိုးပြီး အတင်း‌မောင်းတယ်။ အဲလို ဝင်တိုးပြီးတဲ့‌နောက် ကား‌ပေါ်ကဆင်းလာပြီး ကွမ်းယာဝယ်စား‌နေတဲ့ ကိုထားဝယ်ကို အ‌ကြောင်းမဲ့ ထိုးလိုက်တာပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖြစ်စဉ်မှာ ဒုဗိုလ်မှူးကြီးမျိုးမြင့်‌ကျော်သည် အဲဗားစမိုင်းလ်ဆိုင်ထဲတွင် အုန်းသီးဝိုင်း (‌လောင်းကစားတစ်မျိုး)ကစားရန် ‌ရောက်ရှိ ‌နေသည့် ၎င်း၏မိတ်‌ဆွေ စီးပွား‌ရေးလုပ်ငန်းရှင် ကို‌ကျော်ဦးအား‌ခေါ်ရန် ဝင်‌ရောက်လာစဉ် ကိုစိုးဝင်းဆိုသူက တားမြစ်‌ပြောဆို သည့်အတွက် စကားများခဲ့ကြပြီး ဆိုင်ထဲ၌ပင် ကို‌ကျော်ဦး၏ လက်ကိုင်ဖုန်းတစ်လုံးကို ပစ်ခွဲခဲ့သည်ဟု အစိုးရနှင့် နီးစပ်သူတစ်ဦး က ယခုလို ရှင်းပြသည်။

၎င်းက “တကယ်ဆိုရင် တပ်ရင်းမှူးက အဲဒီအဲဗားစမိုင်းလ်ဆိုင်မှာ အုန်းသီးဝိုင်း (‌လောင်းကစားတစ်မျိုး)ကစားဖို့ စ‌ရောက်‌နေတဲ့ ကို‌ကျော်ဦးကို သွား‌ခေါ်တယ်။ သွား‌ခေါ်တာ တပ်ရင်းမှူးက ဆိုင်ထဲမှာ စကားများပြီး ကို‌ကျော်ဦးရဲ့ ဖုန်းကို ပစ်ခွဲလိုက်တယ်။ အဲဒီ ‌နောက် ကားကို လမ်း‌ပြောင်းပြန် ပြန်‌မောင်းလာတဲ့အခါ ကိုထားဝယ်ကို အဲလို ထိုးမိသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့ရှိ ရဲစခန်းမှ တာဝန်ရှိသူများက အုန်းသီးဝိုင်းကစားရန် ဖွင့်ထားသည့် အဲဗားစမိုင်းလ်ဆိုင် ပိုင်ရှင်ကိုလည်း ‌ခေါ်ယူစစ်‌ဆေး ‌မေးမြန်းမှုရှိ‌ကြောင်း သိရသည်။

ကိုယ်ထိလက်‌ရောက် ကျူးလွန်ခဲ့သူ တပ်ရင်းမှူးသည် လက်ရှိ ဘုရားသုံးဆူမြို့ရှိ တပ်ကုန်းစခန်းတွင် ‌နေထိုင်သူဖြစ်ပြီး ၎င်း၏ ခလရ-၂၈၃ တပ်ရင်းမှာ ကြာအင်းဆိပ်ကြီးအ‌ခြေစိုက် ကြာအင်းဆိပ်ကြီး-စစ်ဗျူဟာ လက်‌အောက်ခံတပ်ရင်း ဖြစ်သည်။