ဩဂုတ်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နိုင်ငံရေးပါတီများသည် ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်း၌ ဩဂုတ်လ ၂၈ရက်နေ့က တွေ့ဆုံ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ဆင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံဆွေနွေးပွဲတွင် ကေအဲန်ယူသည် ကရင်နိုင်ငံရေးပါတီများဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (ပီအက်စ်ဒီပီ)၊ ကရင်ပြည်သူ့ပါတီ(ကေပီပီ)၊ ကရင်ပြည်နယ်တိုးတက်ရေးပါတီ(ကေအက်စ်ဒီပီ)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(ကေဒီပီ) စသည်တို့နှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ပီအက်စ်ဒီပီ ဗဟိုကော်မတီဝင် အမျိုးသမီးဥက္ကဌ နော်ယုဇနဝါက “လက်ရှိ အစိုးရနဲ့လုပ်ဆောင် နေတဲ့ ငြိမ်းချမ်းရေးကို လူထုတွေသိရအောင် ကေအဲန်ယူက ပြန်လည်ချပြစေချင်တယ်။ နောက် ၂၀၀၈ အခြေခံဥပဒေကို ဘယ် လိုမျိုးနည်းလမ်းနဲ့ ပြင်ဆင်ကြမလဲ။ အဲဒါတွေ ကေအဲန်ယူကို မေးမြန်းပြီး ကျမတို့ ဆွေးနွေးခဲ့ပါတယ်”ဟု ပြောသည်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ကေအဲန်ယူ၏ လက် ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများနှင့် ၂၀၀၈ အခြေခံဥပဒေ ပြင် ဆင်နိုင်မည့် နည်းလမ်းကို ကရင် လူထုများသိရှိစေရန် ချပြသွားမည်ဟု ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ကတော့ အစိုးရသွားချင်တဲ့ပုံစံက လွှတ်တော်ထဲဝင်ပြီး ပြင်ဆင် တဲ့နည်း၊ ကျနော်တို့မှာ ရှိထားတဲ့နည်းကတော့ လွှတ်တော်ပြင်ပမှ ပြင်ဆင်တဲ့နည်းပဲ။ ဒီနည်းက နိုင်ငံတကာမှာ ကျင့်သုံးထားတဲ့ နည်းလေးပါပဲ။ ကေအဲန်ယူက ပြင်ပကနေပဲ ပြင်ချင်တယ်”ဟု ပြောသည်။
ထို့အပြင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်မည့် နည်းလမ်းများအတွက် ကေအဲန်ယူအနေဖြင့် ရှိထားပြီးဖြစ်သလို ထိုနည်းလမ်းအ တိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရသို့ တင်ပြဆွေးနွေးသွားပြီးဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
၎င်းဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်မှူးစောထူးထူးလေး အပါအဝင် ၆ဦးနှင့် ပြည် တွင်းကရင်နိုင်ငံရေးပါတီဘက်မှ ပီအက်စ်ဒီပီ ဒုဥက္ကဌ မန်းအောင်ပြည်စိုး၊ ကေပီပီ ဥက္ကဌ စောထွန်းအောင်မြင့်၊ ကေဒီပီ ဥက္ကဌ စောသန်းကျော်ဦးနှင့် ကေအက်စ်ဒီပီ တာဝန်ရှိပုဂ္ဂိုလ် စသည့် ကိုယ်စားလှယ် စုစုပေါင်း ၃ဝခန့် တက်ရောက်ခဲ့ကြသည်။
ကေအဲန်ယူနှင့် ပြည်တွင်း ကရင်နိုင်ငံရေးပါတီများအကြား ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ယခု တွေ့ဆုံပွဲသည် ပထမဆုံးအကြိမ် ဖြစ်သည်။