Home သတင်း ဖားအံ‌ရေ‌ဘေးသင့်ပြည်သူ ၆‌ထောင်‌ကျော် ကယ်ဆယ်‌ရေး စခန်းများတွင် ခိုလှုံ‌နေရဆဲ

ဖားအံ‌ရေ‌ဘေးသင့်ပြည်သူ ၆‌ထောင်‌ကျော် ကယ်ဆယ်‌ရေး စခန်းများတွင် ခိုလှုံ‌နေရဆဲ

1891
ဩဂုတ်လ ၁ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

Pa-an flooding iimgမိုးရွာသွန်းမှု‌ကြောင့် ‌ရေကြီး‌နေသည့် ကရင်ပြည်နယ်၊ ဖားအံမြို့၌ ယခုချိန်ထိ ‌ရေ‌ဘေးသင့်ပြည်သူ ၆‌ထောင် ‌ကျော်သည် အိမ်မပြန်နိုင်ကြ‌သေးဘဲ သက်ဆိုင်ရာမြို့အာဏာပိုင်များ ဖွင့်ထားသည့် ကယ်ဆယ်‌ရေးစခန်း ၁၃ခု တွင် ဆက်လက်ခိုလှုံ‌နေရဆဲဖြစ်သည်ဟု သိရသည်။

ဇူလိုင် ၁၉ရက်‌နေ့မှစ၍ ဖားအံမြို့ရှိ အမှတ်(၁)၊ (၂)၊ (၅)နှင့် (၉)ရပ်ကွက်တို့တွင် အပြင်းအထန် မိုးရွာသွန်းခဲ့ သလို သံလွင်မြစ်‌ရေလျှံမှုများဖြစ်‌ပေါ်ခဲ့ရာမှ ‌နေအိမ်‌ရေမြုပ်‌နေသည့် မြို့ခံလူထုများသည် လွတ်‌မြောက်ရာ ကုန်းမြင့်‌နေရာများသို့ ထွက်‌ပြေးတိမ်း‌ရှောင် ခိုလှုံ‌နေကြရခြင်းဖြစ်သည်။

လက်ရှိ ကယ်ဆယ်‌ရေးစခန်းများတွင် ခိုလှုံ‌နေရသည့် ‌ရေ‌ဘေးသင့် မြို့ခံပြည်သူ အိမ်‌ထောင်စု ၁,၂၉၇ စုအနက် လူဦး‌ရေ ၆,၈၁၆ဦး ရှိပြီး ၎င်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်‌သောအဖွဲ့(NGOs)များနှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)တို့ ကူညီ‌ထောက်ပံ့‌ပေးခဲ့သည်ဟု ဖားအံမြို့ ‌ရွှေရည်‌မျှော် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း တွင် ‌ရောက်ရှိ‌နေသည့် ဖားအံမြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ဦးထွန်းမြင့်က ‌ပြောဆိုသည်။

“‌ရွှေရည်‌မျှော်မှာ ‌ရေ‌ဘေးသင့်ပြည်သူ‌တွေ ၁၉ရက်‌နေ့ကတည်းက ‌ရောက်လာကြတယ်။ အဲဒီ‌နေ့ကစပြီး‌တော့ အစိုးရအဖွဲ့က လူမှုဝန်ထမ်းနှင့် ကယ်ဆယ်‌ရေးဌာနနဲ့ NGOs အဖွဲ့က Save The Children က‌နေပြီး လူသုံးကုန် ပစ္စည်း‌တွေ၊ အိုးခွက်ပန်းကန်‌တွေ လာလှူတယ်။ တစ်မိသားစုကို တစ်အိတ်‌ပေးတယ်”ဟု ‌ပြောသည်။

‌ရွှေရည်‌မျှော် ကယ်ဆယ်‌ရေးစခန်းရှိ ‌ရေ‌ဘေးသင့် အမျိုးသမီးဖြစ်သူ မဖြူကလည်း “ကျမတို့ကို လာကူတာ KNU ဆိုရင် ‌ခေါက်ဆွဲဖာ၊ ‌ရေသန့်ဗူး၊ ဆန်အိတ် ငါးဆယ် ကူညီခဲ့တယ်။ အာဒရာမြန်မာ NGO အဖွဲ့က ‌ခေါက်ဆွဲ ‌ခြောက်ဖာ‌တွေ လာကူတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းများတွင် ‌ရေ‌ဘေးသင့်ပြည်သူများကို ကူညီ‌စောင့်‌ရှောက်ရန် အရံ မီးသတ်ကားများ ထားရှိမှုရှိသလို ကျန်းမာ‌ရေးအတွက် ‌ဆေးသူနာပြုဆရာမအချို့ ထားရှိပြီး လတ်တ‌လော ဆိုးရွားသည့် ‌ရောဂါဖြစ်ပွားမှုမရှိ‌ကြောင်း သိရသည်။

အမှတ်(၂)ရက်ကွက် ဆယ်အိမ်စုမှ မစီက “ဒီ‌ရေ‌ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာ‌ခြောက်‌တွေလာကူညီတာရှိ‌တော့ သိပ်‌တော့ အခက်အခဲမရှိဘူး။ ဒါ‌ပေမယ့် အခု ‌ရေကြီးတာ ကျမတို့ အိမ်‌ခေါင်းမိုး‌တောင် မ‌ပေါ်‌တော့ဘူး။ အိမ်က ကွင်း‌ပြောင်မှာ၊ (သံလွင်)မြစ်နဲ့လည်း နီး‌တော့ အိမ်‌တွေ ‌ရေထဲမှာ ‌မျှောပါသွားမှာ စိုးတယ်”ဟု ဆိုသည်။

လက်ရှိ ဖားအံမြို့တွင် ဖွင့်ထားသည့် ‌ရေ‌ဘေးကယ်ဆယ်‌ရေး ၁၃ခုတို့မှာ မြို့နယ်အားကစားရုံ၊ ကြား‌တောရ ဘုန်းကြီး‌ကျောင်း၊ အထက(၁) မြ‌ကြေးမုံ‌ဆောင်၊ ‌ရွှေရည်‌မျှော်ဘုရား၊ အစ္စလမ်စာသင်‌ကျောင်း၊ အထက (၃)၊ အလက(၃)၊ အမက(၆)၊ ‌အောင်သံလွင်အားကစားကွင်း၊ လှာကန်‌ကျေးရွာမှ ဓမ္မရာတီဘုန်း‌တော်ကြီး‌ကျောင်း၊ အမှတ်(၅)ရက်ကွက်မှ ပရဟိတ‌ကျောင်း၊ လှာကန်အမက(၂)နှင့် အမှတ်(၉)ရက်ကွက်မှ ပြည်နယ်ကမ္မဌာန်း ‌ကျောင်း စသည့်‌နေရာတို့ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့သည် နှစ်စဉ်မိုးရာသီအတွင်း၌ ‌မြေနိမ့်ပိုင်းတွင်ရှိ‌သော ရပ်ကွက်များသည် ‌ရေလွှမ်း မိုးမှုများ ဖြစ်‌ပေါ်ခဲ့ရာ ယခု ၂၀၁၃ခုနှစ်၊ ဖားအံမြို့ ‌ရေလွှမ်းမိုးမှုသည် ယခင်နှစ်များထက် ကြီးမားကာ ယမန်‌နေ့ ဇူလိုင်လ ၃၁ရက်‌နေ့ ည‌နေအထိ ဖားအံမြို့၏ စိုးရိမ်‌ရေအမှတ်မှာ ၈၇ဝ စင်တီမီတာ ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း ဆက်တိုက်မိုးရွာသွန်းမှု‌ကြောင့် ကရင်ပြည်နယ်ရှိ ဖားအံ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ‌ရေလွှမ်းမိုးမှုများ ဖြစ်‌ပေါ်ခဲ့သည်။