ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခါွးလေး (ကေအိုင်စီ)
ထိုင်းနယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) မှ တာဝန်ရှိသူ များ သည် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့သော ပြင်တွင်းလေ့လာရေးခရီး စဉ်အတွင်း ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ လေ့ လာတွေ့ရှိချက်များကို ယနေ ့ သတင်းထုတ်ပြန် လိုက်ကြောင်း သိရသည်။
၎င်းခရီးစဉ်တွင် ထိုင်းနယ်စပ်ဒေသအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အထွေထွေအတွင်းရေးမှူးဦးဆောင်ကာ ကိုယ်စားလှယ် ၆ ဦး သွားရောက်လေ့ လာခဲ့ကြကြောင်းသိရသည်။ ခရီးစဉ်အတွင်း မြန်မာငြိမ်းချမ်းရေးစင်တာ သို ့ သွားရောက်လေ့လာခဲ့ပြီး ရခိုင်တိုင်းရင်းသား ဝန်ကြီးများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးသမီးလွတ်တော်အမတ်များ၊ အမျိုးသမီး ခေါင်းဆောင်များနှင့် အခြားသော အမျိုးသမီးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပြည်တွင်းလေ့လာရေးခရီးစဉ်တွင် လိုက်ပါခဲ့သူ မမေထက်အောင်က “ကျမတို့ လက်ရှိမြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဘယ်အဆင့်ထိ ရှိနေပြီးလဲဆို တာ လေ့လာရေးအနေနဲ့ ပြည်တွင်းထဲက အဖွဲ့အစည်းအသီးသီးနဲ့ သွားတွေ့တယ်။ နောက်ပြီး ပြည်တွင်းထဲမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေထဲမှာ ဘယ်လိုမျိုး အခက်အခဲတွေ ရှိလဲဆိုတာ ဆွေးနွေးဖြစ်ကြတယ်” ဟု ကေအိုင်စီသို့ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ ပထမခြေလှမ်းအဆင့် အခြေအနေမှာသာ ရှိနေသေးပြီး၊ ယနေ့ချိန်ထိ အချို ့သော တိုင်းရင်းသားနယ်မြေများတွင် စစ်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုများ ဆက်လက် ဖြစ်ပွားနေသေးကြောင်းနှင့် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ပြည်သူများအပေါ် ထိခိုက်နစ်နာမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
ထိုအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးမှတဆင့် စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်းရေးအတွက် အဟန့်အတားဖြစ်နေအုံးမည်ကို မိမိတို့နှင့်ထပ်တူ အားလုံးမှ စိုးရိမ်ပူပန်မှုများရှိနေသည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားဖော် ပြထားသည်။
ထိုနောက် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးအနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ယုံကြည်မှုမရှိသေးသည့်အပြင် အစိုးရကိုလည်း မယုံကြည်ကြသေးသည့် အနေအထားတွင် ရှိနေသေးသည်ဟု မမေထက်အောင်က ထောက်ပြပြောဆိုသည်။
“ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ အစိုးရတရပ်အနေနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေတဲ့ လူထုအခြေပြု လူ့မှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တရားမျှတမှုကို အာမခံတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒနဲ့ အင်အားတွေပါဝင်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို ဖော်ဆောင်သွားနိုင်ဘို့အတွက် ကျွန်မတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အထူးအလေး ထား တောင်းဆိုပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောဆိုသည်။
အမျိုးသမီးအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) သည် ဘဂင်္လားဒေ့ချ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အခြေစိုက် နေထိုင်သော မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ်က စတင် တည်ထောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကယန်းအမျိုးသမီးများ အစည်းအရုံးက အမျိုးသမီးများအဖွဲ ့ချုပ် – မြန်မာနိုင်ငံ ၏ အဖွဲ ့ဝင်ဖြစ်လာခဲ့သည်။