ဩဂုတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကရင်သတင်းဌာန)
မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ ထိရောက်စွာ ပိုမို ပါဝင်လုပ်ဆောင်ရေးအတွက် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့ (KWAG )နှင့် လက်ရှိ လွှတ်တော်သို့ တက်ရောက်နေသော တိုင်းရင်းသူ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဇူလိုင် (၃၁)ရက်တွင် နေပြည် တော်၌ အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံမှုနှင့် ပတ်သက်၍ KWAG မှ စီမံခန့်ခွဲမှု ဒါရိုက်တာ နော်စူစဲနာလှလှစိုးက “အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင် လုပ်ဆောင်နိုင် ဖို့ ရည်ရွယ်ပါတယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပိုမိုပါဝင်လုပ်ဆောင်နိုင်ဖို့၊ လွှတ်တော်ထဲ မှာ အမျိုးသမီးကာကွယ်ရေး ဥပဒေတွေကို ဘယ်လိုတင်ပြဆွေးနွေးမလဲ ဆိုတာတွေကို ဆွေးနွေးဖြစ်တယ်”ဟု ပြောသည်။
အချိန် သုံးနာရီကြာမြင့်သည့် ယင်းအလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့ (KWAG)မှ နော်စူစဲနာလှ လှစိုးနှင့်အတူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ -SNDP မှ နန်းဝါနု၊ ချင်းနှင့် ရခိုင် ကိုယ်စားပြု အမျိုးသမီး လွှတ်တော်အမတ်နှစ်ဦးတို့ ပါဝင်ကြပြီး အမြင်သဘောထားကို အပြန် အလှန် ဆွေးနွေးဖြစ်ခဲ့သည် သူမက ဆက်လက် ပြောပြသည်။
PSDP ဖလုံစဝေါ်မှ နန်းစေးအွာက “ငြိမ်းချမ်းရေး၊ အမျိုးသမီးအခွင့်အရေးတွေ ဆွေးနွေးဖြစ်တယ်။ နောက်ပြီး ရပ်ကွက်၊ကျေးရွာ အုပ်ချုပ် ရေးမှူးနေရာတွေမှာ အမျိုးသမီးတွေအနေနဲ့ ကျေးရွာ၊ ရပ်ကွက်က မကန့်ကွက်ဘူး။ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတယ်။ ရွေးချယ်တင်မြှောက်တယ်ဆိုရင် လုပ်လို့ရတယ်။ အဲဒါကို အခုတွေ့တဲ့အခါ ဆွေးနွေးဖြစ်တာပါ”ဟု ပြောသည်။
ထို့အပြင် လာမည့် ၂၀၁၃ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ လွှတ်တော်နှင့် အင်ဒိုနီးရှားနိုင်ငံရှိ လွှတ်တော်များအထိ သွားရောက်လေ့လာနိုင် ရေးကိုလည်း ဆွေးနွေးခဲ့သည်ဟု နော်စူစဲနာလှလှစိုးက ပြောသည်။
ရန်ကုန်အခြေစိုက် (KWAG) အဖွဲ့သည် လူကုန်ကူးခံရသူ အမျိုးသမီးများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အမျိုးသမီးများ အရည်အ ချင်း မြှင့်တင်ရေးနှင့် အခွင့်အရေးဆိုင်ရာသင်တန်းများ သင်ကြားပေးနေသည့်အပြင် ဆင်းရဲနွမ်းပါးသည့်မိသားစုများအတွက် ငွေချေးလုပ် ငန်းများ၊ နွမ်းပါးကလေးငယ်များအတွက် ပညာရေးပံ့ပိုးမှုလုပ်ငန်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ကူညီလုပ်ဆောင်ပေးလျှက် ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးအဆင့်များ အတွက် ပြည်သူလူထုက ရွေးချယ်လိုက်သည့် အမျိုးသမီးများအား တင်မြှောက်ပိုင်ခွင့်ရှိမရှိကို နန်းစေအွာက အဆိုတင်သွင်းခဲ့ရာ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံလျှင် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ပြန်လည်ဖြေဆိုသွားခဲ့သည်။

















