Home သတင်း အစိုးရစစ်တပ်၏ ဝင်‌ရောက်ပစ်ခတ်မှု ငြိမ်းချမ်း‌ရေးကို အဟန့်အတားဖြစ်ဟု RCSS/SSA ‌ပြောဆို

အစိုးရစစ်တပ်၏ ဝင်‌ရောက်ပစ်ခတ်မှု ငြိမ်းချမ်း‌ရေးကို အဟန့်အတားဖြစ်ဟု RCSS/SSA ‌ပြောဆို

3155
ဩဂုတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (ကရင်သတင်းဌာန)

သျှမ်းပြည် ပြန်လည်တည်‌ဆောက်‌ရေး‌ကောင်စီ ‌ခေါ် သျှမ်းပြည်တပ်မ‌တော်-‌တောင်ပိုင်း RCSS/SSA စခန်းနှစ်ခုကို မြန်မာအစိုးရ စစ်တပ် က ထပ်မံ ဝင်‌ရောက်တိုက်ခိုက်မှုမှာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုကို အဟန့်အတားဖြစ်‌စေသည်ဟု SSA မှ ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက ‌ပြောသည်။

“အစိုးရ တပ်မ‌တော်က အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေကို စစ်‌ရေးနည်းလမ်းနဲ့ ဖိအား‌ပေးပြီး‌တော့ လိုအပ် ရင် လိုအပ်သလို ဝင်တိုက်သွားသလိုမျိုး လုပ်‌နေတဲ့ကိစ္စမှာဆို‌တော့ ကျ‌နော်တို့ ယုံကြည်မှုတည်‌ဆောက်တဲ့‌နေရာမှာ အဟန့်အတားဖြစ် တဲ့ လုပ်ရပ်တစ်ခုပဲလို့ မြင်တယ်”ဟု ကရင်သတင်းဌာနသို့ သူက ‌ပြောသည်။

SSA နှင့် လက်ရှိ အစိုးရသည် နှစ်ဖက် အပစ်အခတ် ရပ်စဲ‌ရေးကို သ‌ဘောတူထားခဲ့ပြီး ဇူလိုင်လ ၃ဝရက်နှင့် ၃၁ရက်‌နေ့များအထိ အစိုးရ တပ်၏ ဆက်တိုက် တိုက်ခိုက်လာမှုများမှာ စစ်တပ်အကြား မတူကွဲပြား‌သော သ‌ဘောထားများ၊ ၎င်းအချင်းချင်း နည်းဗျူဟာများ သုံး‌နေ ခြင်းလားဆိုသည်ကို တိုင်းရင်းသားလက်နက်ကိုုင် အဖွဲ့အစည်းတစ်ချို့က သံသယ ဖြစ်‌နေကြသည်။

သျှမ်းပြည်‌တောင်ပိုင်း နမ့်ဇန်မြို့နယ် လွယ်‌ယေးရှိ SSA တပ်စခန်းကို အစိုးရတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ညပိုင်းမှစ၍ မနက်ပိုင်း အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့‌ကြောင်း သျှမ်းသံ‌တော်ဆင့်မှ သိရှိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီ ကိုယ်စားလှယ်များနှင့် သမ္မတထံသို့ တာဝန်ယူ ‌ဖြေရှင်း‌ပေးရန် အကျိုးအ‌ကြောင်း စုံလင်စွာ စာ‌ရေး‌တောင်းဆိုထားခဲ့သည်ကို အစိုးရဘက်က ယခုအချိန်ထိ တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိ‌သေး‌သော်လည်း အမြန်ဆုံး ပြုပြင်သွားရန်‌မျှော်လင့်‌ကြောင်းလည်း ဗိုလ်မှူးစိုင်း‌လောဝ်ဆိုင်းက ‌ပြောသည်။

“ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်တဲ့ကာလမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စကို ကျ‌နော်တို့ဘက်က ‌ရှောင်ကြဉ်သွားမယ်။ သူတို့ကလည်း ကတိ ‌ပေးခဲ့သလို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်က ချက်ချင်း ပြန်ပြီး ပြုပြင်သွားမယ်လို့ ‌မျှော်လင့်ပါတယ်”ဟု သူက ဆက်‌ပြောသည်။

သျှမ်းပြည်နယ်အတွင်းရှိ ပြည်သူလူထုအ‌နေဖြင့်မူ အစိုးရစစ်တပ်မှ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေခြင်းကို မြင်‌တွေ့‌နေရသည့်အတွက် ငြိမ်းချမ်း‌ရေးအ‌ပေါ် အယုံအကြည်မရှိသလို ထာဝရငြိမ်းချမ်း‌ရေး ရည်မှန်းချက် ပန်းတိုင်ဆီကို ‌ရောက်ရန်မှာ အခက်အခဲရှိ‌နေ‌ကြောင်း လည်း ထုတ်‌ဖော်‌ပြောဆိုမှုများ ရှိ‌နေသည်။

သျှမ်းပြည်‌တောင်ပိုင်းတွင် အစိုးရနှင့် RCSS/SSA မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူထားခဲ့သည့် ‌နောက်ပိုင်းမှစ၍ ယ‌နေ့အထိ တိုက်ပွဲ‌ပေါင်း ၂၇ကြိမ် ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်‌နေ့တွင် သျှမ်းပြည်တပ်မ‌တော် RCSS/SSA နှင့် အစိုးရ၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ သျှမ်းပြည် နယ်၊ ‌တောင်ကြီးမြို့၊ အစိုးရရုံးတစ်‌နေရာ၌ အပစ်အခတ်ရပ်စဲ‌ရေး အပါအဝင် သ‌ဘောတူညီချက် ၁၁ချက်ဖြင့် နှစ်ဦးနှစ်ဖက် လက်မှတ်‌ရေး ထိုးခဲ့ကြသည်။