Home သတင်း ကရင်နီဒုက္ခသည်စခန်းတွင် ၁၃၇ကြိမ်‌မြောက် ကရင်နီအမျိုးသား‌နေ့ ကျင်းပ

ကရင်နီဒုက္ခသည်စခန်းတွင် ၁၃၇ကြိမ်‌မြောက် ကရင်နီအမျိုးသား‌နေ့ ကျင်းပ

2137
ဇွန် ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (အလွတ်သတင်း‌ထောက်)

ကရင်နီအမျိုးသား‌နေ့ကျင်းပ‌ရေး‌ကော်မတီတို့ ဦး‌ဆောင်ပြီး ဇွန်လ ၂၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၁၃၇ နှစ်‌မြောက် ကရင်နီအမျိုးသား‌နေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဒုက္ခသည်စခန်းရှိ ကရင်နီပြည်သူ သုံး‌ထောင်‌ကျော် တက်‌ရောက်ပြီး ကရင်နီအမျိုးသားတိုးတက်‌ရေး ပါတီ (KNPP)မှ တာဝန်ရှိသူတို့လည်း တက်‌ရောက်ခဲ့သည်ဟု ဒုက္ခသည်စခန်း (၁) အတွင်း‌ရေးမှူး ပလူးရယ်က ‌ပြောသည်။

“အခမ်းအနားကို ခါတိုင်းနှစ်လိုပဲ ကျင်းပတယ်။ ဒါ‌ပေမယ့် ဒီနှစ်ကျ‌တော့ ကျ‌နော်တို့ KNPP က ဗဟို‌ကော် မတီဝင်‌တွေက အခုလက်ရှိ အစိုးရနဲ့ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံခဲ့တာ‌တွေကို ရှင်းပြတယ်။ ‌လော‌လောဆယ် ဘာမှ ‌ပြောင်း လဲတာ မရှိ‌ကြောင်းနဲ့ ‌ရှေ့ဆက် ‌စောင့်ကြည့်ရအုံးမယ်ဆိုတဲ့ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌တွေကို ရှင်းပြတယ်”ဟု ‌ပြောသည်။

KNPP ဗဟို‌ကော်မတီဝင်တဦးဖြစ်သူ ခူရှားရယ်က ကရင်နီအမျိုးသား‌နေ့ ‌ပေါ်‌ပေါက်လာပုံ သမိုင်း‌ကြောင်းနှင့် မကြာခင် က KNPP နှင့် အစိုးရငြိမ်းချမ်း‌ရေးကိုယ်စားလှယ်တို့ ပြည်‌ထောင်စုအဆင့် ‌တွေ့ဆုံခဲ့စဉ်က နှစ်ဖက်သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့သည်များကို ကရင်နီပြည်သူများ သိရှိနားလည်‌အောင် ‌ပြောပြခဲ့‌ကြောင်း အခမ်းအနားတက်‌ရောက် ခဲ့သူ ကရင်နီအမျိုးသားတဦးက ‌ပြောသည်။

ထို့အပြင် အခမ်းအနား၌ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) အတွင်း‌ရေးမှူး (၁) ခူဦးရယ်၏ ၁၃၇ နှစ်ပြည့် ကရင်နီအမျိုးသား‌နေ့သို့ ‌ပေးပို့သည့် သဝဏ်လွှာတွင် ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်‌နေ့တွင် အဂင်္လိပ်အစိုးရနှင့် မြန်မာအစိုးရတို့က ကရင်နီ ပြည်ကို သီးခြားလွတ်လပ်သည့် ပြည်တစ်ပြည်အဖြစ် အသိအမှတ်ပြုရန် စာချုပ်ချုပ်ဆိုခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

ကရင်နီပြည်၏ သီးခြားလွတ်လပ်‌ရေးကို အသိအမှတ်ပြု လက်မှတ်‌ရေးထိုးခဲ့သည့် ထို‌နေ့တွင် ကရင်နီအမျိုးသား တရပ်လုံး၏ ဘဝလွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းစီရင်အုပ်ချုပ်ပိုင်ခွင့်များ အပြည့်အဝရှိ‌ကြောင်းကို သက်‌သေထူရုံမက အာမခံ‌ပေးလိုက်သည့် စာချုပ်လည်းဖြစ်သည်။

၁၃၇ နှစ်‌မြောက် ကရင်နီအမျိုးသား‌နေ့ကို မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ဒုက္ခသည်စခန်း အမှတ် (၁)အပြင် စခန်းအမှတ် (၂)၌လည်း ကျင်းပခဲ့သလို KNPP ထိန်းချုပ်နယ်‌မြေ တပ်စခန်းများတွင်လည်း ကျင်းပခဲ့သည်။

တဆက်တည်းမှာပင် အ‌မေရိကန်၊ နယူးဇီလန်၊ ဖင်လန်နှင့် ဩစ‌တေးလျ အစရှိသည့် နိုင်ငံများတွင် ‌ရောက်ရှိ‌နေသည့် ကရင်နီမျိုးနွယ်စုများသည်လည်း ကရင်နီအမျိုးသား‌နေ့အခမ်းအနားကို ကျင်းပခဲ့ကြသည်။

KNPP ၏ ပါတီဗဟို‌ကော်မတီအစည်းအ‌ဝေးအရ ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်‌နေ့ကို ကရင်နီအမျိုးသား‌နေ့အဖြစ် သတ်မှတ်ဆုံးဖြတ်ကာ ထိုချိန်မှစပြီး နှစ်စဉ် ဇွန်လ ၂၁ ရက်‌နေ့‌ရောက်တိုင်း ဂုဏ်ပြုအခမ်းအနား ကျင်းပလာခဲ့သည်မှာ ယခုချိန်ထိဖြစ်သည်ဟု KNPP သဝဏ်လွှာတွင် ထည့်သွင်း‌ရေးသားထားသည်။