ဇွန်လ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်တွင်ဖွင့်ထားသော နယ်စီးမခြားဆရာဝန်များအဖွဲ့(AZG)ဆေးခန်းများ ပိတ်ထားရပြီး ဆေးကုသမှုခံယူနေသည့် HIV ဖြင့် အသက်ရှင်နေထိုင်ရသူများမှာ ကုသမှုအတွက် ခက်ခဲလျက် ရှိနေသည်ဟု ရခိုင်ပြည်နယ်ရှိလူထုအခြေပြု Utopia အဖွဲ့က ပြောသည်။
Utopia အဖွဲ့ခေါင်းဆောင် ဦးသန်းထွန်းက “လောလောဆယ် ကျနော်တို့ လက်လှမ်းမှီတဲ့ စစ်တွေက လူတွေ ကိုတော့ ဆေးစာအုပ်တွေတောင်းပြီး ရန်ကုန်က AZG မှာ ဆေးထုတ်ပေးပြီး လေယာဉ်နဲ့ တင်ပို့ပေးပါတယ်။ ဒေသမှာရှိတဲ့ လူတွေက အိမ်တိုင်ရာရောက် လိုက်ပို့ပေးနေပါတယ်။ ဘူးသီးတောင်၊ မောင်တောကတော့ မလုပ်နိုင်သေးပါဘူး။ တတ်နိုင်သလောက် ကြိုးစားဆက်သွယ်ပြီး လုပ်ပေးမှာပါ။“ဟု ကေအိုင်စီသို့ ပြောသည်။
ဇွန်လတွင်စစ်တွေမြို့ပေါ်မှ ARV(HIV ဖြင့် အသက်ရှင်သူများကို တိုက်တဲ့ဆေးတစ်မျိုး)ဆေးထုတ်ရန်အတွက် ၁၇၇ ဦးရှိ၍ ၄၄ ဦးအတွက် ဆေးပို့ပေးနိုင်ခဲ့ပြီး နောက်ထပ် ၃ဝ ဦးအတွက် ဆေးထုတ်ပေးရန် ရှိသည်ဟု သိရသည်။
HIV သမားများအတွက် ကူညီပေးနေသော ဒေသခံတစ်ဦးက “သူတို့(HIV သမားတွေ)က အခု ကယ်ဆယ်ရေး စခန်းထဲမှာ နေကြပါတယ်။ လတ်တလောဖြစ်လာတဲ့ ရောဂါတွေတွက် စစ်တွေဆေးရုံကြီးက သမားတော်ကြီးနဲ့ ချိတ်ဆက်ပြီး ကုသဖို့ လုပ်ထားပါတယ်။”ဟု ပြောသည်။
သို့သော် ဆေးသောက်နေရသော HIV ဖြင့် အသက်ရှင်နေထိုင်သော အမျိုးသမီးတစ်ဦးက အဓိက ARV ဆေးမရတော့မည်ကို ကြောက်နေကြသည်ဟု ဆိုသည်။
တဆက်တည်း၌ပင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုမှား စတင်ဖြစ်ပွားခဲ့သော ၉ ရက်နေ့ မှစတင်ကာ AZG ဆေးခန်းများကို ဝန်ထမ်းလုံခြုံရေးအတွက် ပိတ်ထားခဲ့ရကြောင်း AZG မှဆေးဝါးညှိနှိုင်းရေးမှုး ဒေါက်တာ ဒေါ်ခင်ငြိမ်းချမ်းက ပြောဆိုသည်။
“ဝန်ထမ်းတွေရဲ့လုံခြုံမှုအတွက် မပိတ်မဖြစ်လို့ ပိတ်လိုက်ရတာပါ။ ပဋိပက္ခ မရှိတဲ့ နေရာတွေမှာတော့ ငှက်ဖျား နဲ့သက်ဆိုင်တဲ့ အလုပ်တွေ ဆက်လုပ်နေပါတယ်။ ART ပေးနိုင်ဖို့ကြိုးစားနေပါတယ်။ မြန်မာ ပေါ့စတစ်အဖွဲ့ကွန် ယက်နဲ့ချိတ်ပြီး လုပ်နေပါတယ်။ ဘယ်နေ့ဆေးခန်းတွေ ပြန်ဖွင့်မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။“ဟု သူမက ရှင်းပြသည်။
လက်ရှိ စစ်တွေမြို့ရှိ ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ ၄ဝ ဦးအတွက်မူ အမျိုးသားခုခံကျကာလသားအဖွဲ့ (NAP)မှ ဆက်လက် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသည်ဟု သိရသည်။