Home သတင်း အထက်အရာရှိ နှိပ်စက်မှု မခံနိုင်၍ အစိုးရစစ်သည် ၃ဦးထိုင်းနယ်စပ်သို့ ထွက်‌ပြေး‌ရောက်ရှိခဲ့

အထက်အရာရှိ နှိပ်စက်မှု မခံနိုင်၍ အစိုးရစစ်သည် ၃ဦးထိုင်းနယ်စပ်သို့ ထွက်‌ပြေး‌ရောက်ရှိခဲ့

2294
‌မေလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသ အ‌ခြေစိုက် မြန်မာအစိုးရစစ်တပ်မှ စစ်သည် ၃ဦးသည် အထက်အရာရှိတို့၏ နှိပ်စက်မှုကို အခံနိုင်၍ ယခင် ဧပြီလကုန်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ် တစ်‌နေရာသို့ ထွက်‌ပြေး‌ရောက်ရှိ ခဲ့သည်။

ထွက်‌ပြေးလွက်‌မြောက်သူများမှာ တပ်အင်အား ၅ဝခန့်ရှိ ‌ဝေါ်‌လေ‌ဒေသ ‌မော်ခီးစခန်းအ‌ခြေစိုက် စစ်ကွပ်ကဲစစ်ဆင်‌ရေးဌာန ချုပ် စကခ (၁၉)လက်‌အောက်ခံ ခမရ(၆၁)တပ်ရင်းမှ မျိုးမင်းထိုက် ၂၅နှစ်(ကိုယ်ပိုင်နံပါတ် တ/၄၅၈၅၅၅)၊ ‌အောင်ဆန်းမင်း ၂ဝနှစ် (ကိုယ်ပိုင်နံပါတ် တ/၄၅၉၄၃၄)နှင့် မြင့်သူ ၁၉နှစ် (ကိုယ်ပိုင်နံပါတ် တ/၄၅၉၄၅၀) တို့ဖြစ်ကြပြီး လက်နက်ခဲယမ်း မပါဘဲ ထွက်‌ပြေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

စစ်‌ကြောင်းမှူးက ၎င်းတို့အား ခိုင်း‌စေသည့်အပြင် ကိုယ်ထိလက်‌ရောက် ရိုက်နှက်မှုကိုပါ ကျူးလွန်‌သော‌ကြောင့် မခံမရပ် နိုင်ဖြစ်ကာ စစ်တပ်မှ ထွက်‌ပြေးခဲ့ရသည်ဟု တပ်သားမြင့်သူက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ကို ‌ရေ‌တွေ ဘာ‌တွေခပ်ခိုင်းတယ်။ ဝါး‌တွေခုတ်ခိုင်းတယ်။ မနိုင်ရင် ရိုက်တယ်၊ အပြစ်‌ပေးတယ်။ ကိုယ်က သူ့အ‌ပေါ်‌ကောင်းတယ်။ ကိုယ့်အ‌ပေါ်ကျ‌တော့ မ‌ကောင်းဘူး။ ကျ‌နော့်ကို ရိုက်တာ လက်‌တွေပါ ပွန်းပဲ့ကုန်တယ်။ အဲဒါ‌ကြောင့် အ‌ခြေအ‌နေကြည့်ပြီး‌တော့ ကျ‌နော်တို့‌ပြေးတာ။”ဟု သူက ‌ပြောသည်။

အတူတကွ ထွက်‌ပြေးလွတ်‌မြောက်ခဲ့သူ တပ်သား မျိုးမင်းထိုက်ကလည်း ၎င်းတို့ စစ်တပ်ထဲ၌ လက်‌အောက်ငယ်သားများကို တပ်ဗိုလ်များ၏ ခိုင်း‌စေအနိုင်ကျင့်မှု‌ကြောင့် စိတ်နာမိ‌ကြောင်း ‌ပြောသည်။

စစ်သက်တမ်း ၅လခန့်သာရှိ‌သေးသူ ၎င်းတို့ ၃ဦးသည် တပ်သား မျိုးမင်းထိုက်မှာ မိမိဆန္ဒအ‌လျောက် စစ်တပ်ထဲသို့ ဝင်‌ရောက် စစ်မှုထမ်းခဲ့‌သော်လည်း တပ်သား ‌အောင်ဆန်းမင်းနှင့် မြင့်သူကမူ တပ်သားသစ် စု‌ဆောင်း‌ရေးမှ အတင်းအဓမ္မ ခြိမ်း‌ခြောက်စု‌ဆောင်းခံရခြင်းဖြစ်‌ကြောင်း ကိုယ်တိုင်ထုတ်‌ဖော်‌ပြောကြားခဲ့သည်။

လက်ရှိ ၎င်းတို့ သုံးဦးသည် မြန်မာနိုင်ငံသို့ မပြန်ရဲကြ‌သေးဘဲ စားဝတ်‌နေ‌ရေးအတွက် ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ‌နေ့စားအလုပ် လုပ်ကိုင်လျှက်ရှိသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ ပဏာမအဆင့် အပစ်အခတ်ရပ်စဲ‌ရေး နှစ်ဘက် သ‌ဘောတူညီမှု ရယူသည့် ‌နောက်ပိုင်း ‌ဝေါ်‌လေ‌ဒေသတွင် အစိုးရစစ်တပ်မှ ယခု တပ်သားထွက်‌ပြေးမှုမှာ ပထမဦးဆုံးဖြစ်သည်ဟု သိရသည်။