မေလ ၂၃ရက်၊ ၂၀၁၂။ စအိုင်သန်-ရန်ကုန်
လျှပ်စစ်မီး ၂၄နာရီရရှိရေးအတွက် ရန်ကုန်မြို့နေ လူ ၅ဝခန့်သည် ယမန်နေ့ညနေ ၇နာရီမှစ၍ ဆူးလေဘုရားတဝိုက်တွင် ဖယောင်းတိုင် မီးများ ကိုင်ဆောင်ကာ လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ပြည်သူတွေ အမှောင်ထဲမှာ ထိုင်နေရတာကို နေပြည်တော်က ပုဂ္ဂိုလ်တွေမသိပါဘူး။ ကျနော်တို ့ဆန္ဒပြတာ မဟုတ်ပါဘူး။ အမှောင်ထဲ မှာ နေရတဲ့ဘဝကို အလင်းရောင်ပေးပါလို့ တောင်းဆိုတာပါ။ ပြည်သူတွေရဲ့ ဒုက္ခကို ဖယောင်းတိုင်ထွန်းပြီး ကမ္ဘာကိုသိအောင် ကျနော်တို့ ပြတာပါ”ဟု ရှေ့ဆုံးမှ ဖယောင်တိုင်းကိုင်၍ လမ်းလျှောက်လာသူ ကိုထင်ကျော်က ပြောသည်။
ရန်ကုန်မြို့တော်ခမ်းမအနီး “လက်ရွေးစင်”လက်ဖက်ရည်ဆိုင်မှ ညနေ ၇နာရီတွင် စတင် ထွက်ခွာပြီး မြို့တော်ခမ်းမဘေးအရောက်တွင် အသင့်နေရာယူထားသော လုံခြုံရေးအဖွဲ့က တားဆီးရန် ကြိုးစားခဲ့သလို လမ်းလျှောက်သူများ မြို့တော်ခမ်းမဘေးအရောက်တွင် ကျောက်တံတားမြို့နယ်မှူးက လာရောက်၍ ဆန္ဒဖော်ထုတ်သူထဲမှ လေးငါးယောက်လိုက်ခန် ့သူနှင့်လိုက်၍ ညှိနှိုင်းရန် လာရောက်ပြော ဆိုခဲ့သော်လည်း ဆန္ဒဖော်ထုတ်သူများက လက်မခံဘဲ ဆူးလေဘုရားပေါ်အထိ တက်ရောက်သွားခဲ့ကြသည်။
ဆူးလေဘုရားပေါ်သို ့ရောက်ရှိချိန်တွင် လူ ငါးဆယ်ခန့်အထိ ရှိလာခဲ့ပြီး ဘုရားမှ ည ၇နာရီ ၄၅မိနစ်၌ ပြန်ဆင်းကာ လူစုခွဲသွားကြသည်။
၎င်းဆန္ဒထုတ်ဖော်သူများထဲမှ ကိုညီပုလေး၊ ကိုဥက္ကာကျော် အပါအဝင် လူသိများသူတချို့အား မေလ ၂ဝရက်နေ့တွင် သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သည်။
ရန်ကုန်မြို့တွင် မေလ ၂၁ရက်နေ့မှစ၍ အလှည့်ကျ မီးပေးစနစ် စတင်ကျင့်သုံးပြီး ဒုတိယမြောက်နေ့တွင် ဆန္ဒဖော်ထုတ်ကြသလို မေလ ၁၉ရက်နှင့် ၂ဝရက်နေ့များကလည်း မန္တလေးမြို့ဒေသခံများက ဖယောင်းတိုင်ထွန်း၍ လျှပ်စစ်မီးရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၈) ပုဒ်မ(၃၅၄)တွင် ပြည်သူလူထုသည် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြောဆို ခွင့်နှင့် လွတ်လပ်စွာရေးသားခွင့်တို့ကို ခွင့်ပြုထားသည့်အပေါ် ဆက်လက်၍ အလျင်းသင့်သလို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဆန္ဒဖော်ထုတ်သူ ခေါင်းဆောင်တစ်ဦးက “ဒီနေ ့အခြေအနေကိုကြည့်ပြီးတော့ နောက်နေ့တွေမှာလည်း ကျနော်တို့ အစီအစဉ်တွေ ရှိပါ တယ်”ဟု ပြောကြားသွားခဲ့သည်။
မုတ်သုန်အဝင် နောက်ကျ၍ ဆည်များ ရေနည်းခြင်းနှင့် ရွှေလီမှ ပို့လွှတ်သော တာဝါတိုင်ဖောက်ခွဲခံရပြီးနောက် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးများ၌ အလှည့်ကျစနစ် (တနေ့လျှင် ၆နာရီပျက်)နှုန်းဖြင့် မီးပေးဝေခဲ့သည်။



















