Home သတင်း ဘုရားသုံးဆူမြို့တွင် ပြန်‌ပေးအဖွဲ့ ဆက်‌ကြေး‌တောင်းခံ

ဘုရားသုံးဆူမြို့တွင် ပြန်‌ပေးအဖွဲ့ ဆက်‌ကြေး‌တောင်းခံ

1743
‌မေလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တဝိုက်တွင် လှုပ်ရှား‌နေသည့် နိုင်ထွန်းဦး‌ဆောင်သည့် “မွန်ပြန်လည် ထူ‌ထောင်‌ရေးအဖွဲ့” က မြို့‌ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများထံ ဆက်‌ကြေး‌တောင်းခံထား ‌ကြောင်း သိရသည်။

“ကျ‌နော်တို့ကို ဖုန်းနဲ့ ဆက်သွယ်လာတယ်။ အဖွဲ့နာမည်‌တော့ မ‌ပြောဘူး။ ဆက်‌ကြေး‌တောင်းတာ ဘယ်‌လောက်ဆိုလည်း မ‌ပြောဘူး။ မ‌ပေးဘူးဆိုရင် တနည်းနည်းနဲ့ ရ‌အောင်လုပ်ရမယ်ဆိုပြီး‌တော့ ‌ပြောသွား တယ်။”ဟု ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်(၃)မှ အုပ်ချုပ်‌ရေးမှူး ဦး‌အေးကိုက ‌ပြောသည်။

သို့‌သော် ထို‌တောင်းခံထားသည့် ဆက်‌ကြေး‌ငွေများကို ဘုရားသုံးဆူ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများအ‌နေဖြင့် ‌ပေး‌ဆောင်ရန် မရှိ‌ကြောင်း သူက ဆက်‌ပြောသည်။

မွန်ပြန်လည် ထူ‌ထောင်‌ရေးအဖွဲ့သည် ဘုရားသုံးဆူမြို့ရှိ လူထုများကို မကြာခဏ ပြန်‌ပေးဆွဲပြီး ‌ငွေ‌ကြေး ‌တောင်းခံမှုများ ပြုလုပ်လျှက်ရှိပြီး မြို့ခံများက ယင်းအ‌ပေါ် စိုးရိမ်ထိတ်လန့်‌နေကြသည်ဟု မြို့ခံတဦးက ယခုလို ‌ပြောသည်။

၎င်းက “မြို့ကလူ‌တွေ‌တော့ ပြန်‌ပေးဆွဲတာကို အကုန် ‌ကြောက်‌နေကြတယ်‌လေ။ အခု ဆက်‌ကြေး‌တောင်းခံ ထားတယ်။ မ‌ပေးဘူးဆိုရင် ပြန်‌ပေးထပ်ဆွဲမှာကိုလည်း ‌ကြောက်ရတယ်။”ဟု ရှင်းပြသည်။

အဖွဲ့အစည်း ‌ရေရှည် တည်တန့်နိုင်ရန်အတွက် နှစ်စဉ်‌ကြေး ‌ကောက်ခံရခြင်းဖြစ်‌ကြောင်း၊ ၎င်းတို့ ‌ကောက်ခံ သည့်အတိုင်း ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက မ‌ပေး‌ဆောင်သည့်အပြင် ပြည်သူ့စစ်ဖွဲ့ပြီး ၎င်းတို့အဖွဲ့အား ဝိုင်းဝန်းခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြန်‌ပေးဆွဲခြင်းကို လုပ်‌ဆောင်ခဲ့ရခြင်းဖြစ်‌ကြောင်း နိုင်ထွန်း ကိုယ်တိုင်‌ပြောသွားခဲ့သည်ဟု မွန်ပြန်လည်ထူ‌ထောင်‌ရေးအဖွဲ့နှင့် နီးစပ်သူတဦးက ‌ပြောသည်။

မွန်ပြန်လည်ထူ‌ထောင်‌ရေးအဖွဲ့ကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ဘုရားသုံးမြို့ အနီးအနား တဝိုက်တွင် လှုပ်ရှားကာ အင်အား ၁ဝ ဦး‌ကျော်သာ ရှိသည်ဟု သိရသည်။

၎င်းအဖွဲ့သည် ၂၀၁၂ ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် လူ ၄ ဦးကို ပြန်‌ပေးဆွဲခဲ့ပြီး ထိုင်းဘတ်‌ငွေ ၃ သိန်းနှင့် ‌ရွေးရန် ‌တောင်းခဲ့သည်။ အလားတူ ‌မေလ ၈ ရက်‌နေ့တွင်လည်း လူ ၄ ဦးကို ပြန်‌ပေးထပ်ဆွဲပြီး ထိုင်းဘတ်‌ငွေ ၅ သိန်းနှင့် အ‌ရွေးခိုင်းခဲ့သည်။

၂ဝ၁၁ ခုနှစ်ကလည်း ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ‌ရွှေဆိုင်ပိုင်ရှင်များ၊ စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ‌ငွေ‌ကြေးချမ်းသာသူများအပါအဝင် ရာဘာခြံပိုင်ရှင်များထံမှ ဆက်‌ကြေး‌ကောက်ခြင်း၊ ပြန်‌ပေးဆွဲခြင်းများ ပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ဖြစ်သည့် ဘုရားသုံးဆူမြို့‌ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး၊ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်၊ မွန်ပြည်သစ်ပါတီနှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီတို့ လှုပ်ရှား‌နေကြသည်။