မေလ ၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

လုပ်အားခတိုးမြင့်ပေးရန်အတွက် ယမန်နေ့အထိ နှစ်ရက်တာ ဆန္ဒပြခဲ့ကြသည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ S.D Fashion ကုမ္ပဏီ လီမိ တက်မှ အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်ဘက်က ယနေ့ လိုက်လျောလိုက်သည်ဟု သိရသည်။
ယနေ့နံနက် ၁ဝနာရီကျော်မှ မွန်းလွဲ(၂)နာရီခွဲအထိ အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်ရှင်တို့အကြား ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန၊ တာ့ခ်ခရိုင် ဒု-ဦးစီးအရာရှိ မဲ့တာမှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် ယခုလို အလုပ်ရှင်ဘက်က လိုက်လျောလိုက်ခြင်း ဖြစ် သည်။
ယနေ့ သွားရောက်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သူ ကိုဇော်လေးက “အခု ကျနော်တို့ ၁၅၅ဘတ်နဲ့ စာချုပ်ချုပ်လိုက်ပြီလေ။ မနက် ၈နာရီကနေ ညနေ ၅နာရီအထိ။ ဒါဇင်ဆွဲတဲ့လူတွေကျတော့ ၂ဝရာခိုင်နှုန်းတိုးတယ်။ ကပ်နှိပ်ကြေးကျတော့ အလုပ်ဆင်းရင် ဆင်းသလိုရမယ်။ အိုတီ (အချိန်ပို)ကြေးကျတော့ ၆လပိုင်း ၁ရက်နေ့ကျမှ ဆက်ဆွေးနွေးမယ်။ အဆောင်ခ၊ မီးခ၊ ရေခ မဖြတ်ဘူး။”ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂ရက်နေ့က စတင် ဆန္ဒပြကြခဲ့သည့် အဆိုပါ အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်ဘက်က မလိုက် လျောပေးသဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ဝင်ရောက်ညှိနှိုင်းပေးခြင်းဖြစ်သည်။
အလုပ်သမားများ၏ တောင်းဆိုချက်များမှာ တစ်နေ့တာလုပ်အားခ ၁၅၅ဘတ်သတ်မှတ်ပေးရေး၊ ကပ်နှိပ်ကြေး ၂ဝဘတ် သတ်မှတ်ပေး ရေး၊ အိုတီကြေး ၃ဝဘတ် သတ်မှတ်ပေးရေး၊ ရေ(သောက်/သုံးရေ)ကိစ္စနှင့် မိလ္လာကိစ္စတို့ ဖြစ်သည်။
ဆန္ဒပြ အလုပ်သမားများအား အကြံပေးလုပ်ဆောင်နေသူ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုထွေးနိုင်က “သူတို့တွေ တောင်းဆို တာ ထက်ဝက်ကျော်လောက် အလုပ်ရှင်ဘက်က လိုက်လျောပေးတယ်။ ဒီလိုလုပ်ပေးတာ အရင်က တခါမှ မရှိခဲ့ဘူး။ အခုလို ရတဲ့အခါ ကျတော့ ကျနော်အနေနဲ့ အရမ်းဝမ်းသာတယ်ပေါ့နော်။ အလုပ်သမားခေါင်းဆောင်တွေက သူတို့အချင်းချင်းအပေါ်ထားတဲ့ စေတနာကို လည်း ကျေးဇူးတင်တယ်”ဟု ပြောသည်။
မြန်မာအလုပ်သမား ၅၀၀ကျော် အလုပ်လုပ်နေကြသည့် S D Fashion Co.Ltd သိုးမွှေးအထည်စက်ရုံတွင် ယခင် တနေ့လုပ်အားခ ၇၅ ဘတ်မှ ၈ဝအထိ၊ ကပ်နှိပ်ကြေးမရှိ၊ အချိန်ပို ၂နာရီ ၁၅ဘတ်နှင့် ၂ရက်ဆွဲရသည့် ဒါဇင်ဆွဲအထည် တစ်ဒါဇင်ကို ၂၂၂ဘတ် ရရှိသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တနေ့လုပ်အားခကို ၂၂၆ဘတ် တရားဝင် သတ်မှတ်ပေးထားသော်လည်း ၁၆၂ဘတ်အထိပေးသည့် အထည်စက်ရုံ ၅ရုံသာရှိပြီး ကျန်စက်ရုံ၊ အလုပ်ရုံများမှာ ၁၀ဝဘတ်အောက်သာ ပေးကြသည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့များက ပြောသည်။



















