ဧပြီလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အရှေ့၌ ဒုက္ခသည် ၁၀ဝဦးခန့်က ယူအဲန်ဓါတ်ပုံရိုက်ပေးပြီး တတိယနိုင်ငံထွက် နိုင်ရန် ယနေ့ မနက် ၉နာရီခွဲမှ မွန်းလွဲ ၁နာရီအထိ တောင်းဆိုဆန္ဒ ပြခဲ့ကြသည်။
ဆန္ဒပြဒုက္ခသည်များသည် အများအားဖြင့် ၂၀၀၉ခုနှစ်မှစ၍ နို့ဖိုးစခန်းရှိ ရပ်ကွက်(၁၆)တွင် ရောက်ရှိလာသူများဖြစ်ပြီး ထိုင်း-မြန်မာနယ် စပ်အခြေစိုက် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေသည့် (TBBC)မှ ပေးသော ရိက္ခာလက်မှတ် ရရှိထားသူများဖြစ်သော် လည်း UNHCR မှတ်ပုံတင်လက်မှတ် မရှိသေးသည့်အတွက် ပြုလုပ်ပေးရန် ယခုလို ဆန္ဒပြကြခြင်းဖြစ်သည်ဟု သိရသည်။
နို့ဖိုးစခန်းအတွင်းရေးမှူး စောသူးလေဒို့စိုးက ဆန္ဒပြသူများသည် နိုင်ငံခြားသို့ သွားရောက်အခြေချရန် စောင့်ဆိုင်းနေကြသူများဖြစ်ကြပြီး UN အနေဖြင့် ၎င်းတို့အား ကူညီရန်နှင့် ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်အတွက် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်ဟု ပြောသည်။
“သူတို့တွေ ဆန္ဒပြပေမယ့် ယူအဲန်က ဓါတ်ပုံ (ယူအဲန် မှတ်ပုံတင်လက်မှတ်)လာရိုက်ပေးပြီး နိုင်ငံခြား ထွက်ဖို့က မဖြစ်နိုင်သေးဘူး။ ထိုင်း နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် ထိုင်းအစိုးရက သူတို့ကို လက်ခံမှ ယူအဲန်က လာလုပ်လို့ ရမယ်လေ။”ဟု ပြောသည်။
ယနေ့ မနက် ဒုက္ခသည်စခန်းအတွင်းသို့ ရောက်ရှိလာသည့် ယူအဲန်တာဝန်ရှိသူများက ဆန္ဒပြသူများကို ခေါ်ယူ ပြောဆိုမှုများရှိသော် လည်း တိကျသည့် အဖြေများ ပေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ဆန္ဒပြမှုကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကရင်ဒုက္ခသည်များကော်မတီ(ကေအာရ်စီ) အဖွဲ့ဝင်တဦးဖြစ်သူ စောထွန်းဝင်းက “ဆန္ဒပြ တာက အဓိက နိုင်ငံခြားထွက်နိုင်ရေး ကိစ္စပါပဲ။”ဟု ပြောဆိုသည်။
နို့ဖိုးစခန်းတွင် ယခင်က ထိုသို့ အလားတူ ဆန္ဒပြသူများမှုမျိုး မရှိဘဲ ယနေ့ဆန္ဒပြမှုတွင် ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် သျှမ်း တိုင်းရင်း သားလူမျိုးများ ပါဝင်ခဲ့ကြသည်။
လက်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ကရင်အပါအဝင် တိုင်းရင်းသားလူမျိုးများ စုစုပေါင်း ၁သောင်းကျော်နေထိုင်ပြီး တရားဝင် ဒုက္ခသည်အ ဖြစ် UNHCR မှ မှတ်ပုံတင်ပြီးသူ ၈ထောင်ခန့်နှင့် မှတ်ပုံမတင်ရသေးသူ ၃ထောင်ခန့် ရှိသည်ဟု ကေအာရ်စီ၏ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ထုတ် ဒုက္ခသည်ဦးရေအရ သိရသည်။



















