နော်ဝါးဝါးဖိုး ၊ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၂ ခုနှစ်။
ကျမရဲ့ ပထမပေးစာနဲ့ ဒုတိယပေးစာကို ပြန်ဖတ်ကြည့်မယ်ဆိုရင် လက်ရှိလုပ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ)ရဲ့ ကမာ္ဘသိငြိမ်းချမ်းရေး ကို နောက်ပြန်ဆုတ်ဖို့ (ဒါမှမဟုတ်) ရပ်တန်းက ရပ်ဖို့ အငြင်းပွား အပြစ်ဆိုနေကြမယ့်အစား ကိုယ့် ဘက်က နစ်နာမှုတွေ မရှိအောင် အားလုံးအတူတကွ ဝိုင်းဝန်း နည်းလမ်းရှာပေးကြဖို့၊ အားပေးကြဖို့ တိုက်တွန်းထားတာ တွေ့ရ မှာပါ။ ကမာ္ဘ့အသိုင်းအဝိုင်းမှာ ကရင်အမျိုးသားတွေဟာ သွေးဆူနေတဲ့ စစ်သွေးကြွတွေ မဟုတ်ဘူးဆိုတာကို ဒီဆွေးနွေးပွဲက နေ ပြသလိုက်တာပါဘဲ။
အစိုးရဘက်က သူတို့တွေဟာ ပြောင်းလဲမှုလုပ်ချင်တဲ့ ဆန္ဒရှိကြောင်း၊ ငြိမ်းချမ်းရေးကို မြတ်နိုး ကြောင်း မီဒီယာကတဆင့် နိုင်ငံတကာသိအောင် ကြိုးစားပြီး ကမာ္ဘ့ထောက်ခံမှု ယူနေတဲ့ နိုင်ငံရေးကစားပွဲမှာ ကျမတို့မပါရင် ကျမတို့အမျိုးသားတွေကို သွေးဆူနေတဲ့ စစ်သွေးကြွတွေလို့ သူတို့ ခေါင်းစဉ်တပ်မှာမလွဲပါဘဲ။ အဲဒီအခါမှာ ကမာ္ဘ့ အသိုင်းအ ဝိုင်းကလည်း ထင်ယောင်ထင်မှားတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အခုလို ကမာ္ဘ့ရွာခေတ်ကြီးမှာ ကမာ္ဘ့အသိုင်းအဝိုင်းရဲ့ အရေးပါမှုကို ကျမတို့ အမြဲထည့်သွင်း စဉ်းစားရမှာပါ။
ဒါပေမယ့် ကစားပွဲဟာ မျှမျှတတမရှိဘဲ ကျမတို့ဘက်ကချည်း အလျော့ပေး လိုက်လျောနေရတဲ့ ပုံစံမျိုးတော့ မဖြစ်သင့်ပါဘူး။ ကရင်လူထုအတွက် မျှတမှုမရှိ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရနိုင်တဲ့ အခြေအနေမျိုးကို ရောက်လာတဲ့အခါကျရင် ကျမတို့ ဒီပွဲက နေ ထွက်ပြီဖြစ်ကြောင်း ပြတ်ပြတ်သားသားနဲ့ ကရင့်အသိုင်းအဝိုင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးကြေငြာရမှာပါ။ ဒါဟာ ကရင်တွေရဲ့ ရိုးဖြောင့်တဲ့ သဘောထားကို ကရင့်အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာကို အရိုးရှင်းဆုံး ပြသလိုက်တာပါဘဲ။ ငြိမ်းချမ်းရေးရဖို့ အတတ်နိုင်ဆုံး ကြိုးစား တည်ဆောက်နေတာပါ။ ဒါပေမယ့် ကျမတို့ကရင်တွေ နှစ် ၆၀ကျော် တိုက်ယူလာတဲ့ ပေးဆပ်ခဲ့တဲ့ ကရင့်သွေးတွေနဲ့ အခု တည်ဆောက်ပြီးသလောက် ငြိမ်းချမ်းရေးဟာ တန်ဖိုးညီမျှနေပြီလို့တော့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ အများကြီးကို ကျမတို့ ကြိုးစားသွားရဦးမှာပါ။ ကျမနဲ့နည်းတူ ကျမတို့ ကရင်တိုင်းရင်းသားအားလုံးလည်းပဲ ကရင်တွေညီညွှတ်ပြီး တိုးတက်လာမှာကိုပဲ မျှော်လင့်နေကြမယ်ဆိုတာ ကျမ လုံးဝ ပြောရဲပါတယ်။
ကျမတို့လူမျိုးကြားက ပူးပေါင်းဆောင်ရွက်မှုတခုကို မကြာသေးခင်ကဘဲ တွေ့မြင်ခဲ့ရပါတယ်။ ဒါကတော့ ကရင်အမျိုးသမီးအ စည်းအရုံး (KWO) က အစိုးရနဲ့ပြုလုပ်မယ့် နောင်လာမယ့် ဆွေးနွေးပွဲတွေမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့အတူ ပူးပေါင်းပါဝင်သွားမယ်ဆိုတာပါဘဲ။ အစိုးရနဲ့ KNU ကြား အပစ်အခတ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ KWO ဟာ KNU ကို ပြင်းထန်တဲ့ ကန့်ကွက်စာတစောင်ရေးသားပေးပို့ခဲ့တာ အများလည်း သိရှိပြီးသားဖြစ်မှာပါ။ အခုအဲဒါနဲ့ ဆန့်ကျင်ဘက် ဆွေးနွေးမှုထဲ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး ထုတ်ပြန်ကြေငြာခဲ့တဲ့ KWO ကို ကျမအနေနဲ့ ထောက်ခံပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ လိုအပ်နေတဲ့ အပြုသဘောဆောင်တဲ့လုပ်ရပ်ကို KWO က လုပ်လိုက်လို့ပါပဲ။ အခုလို သူတို့ ပါဝင်ခြင်းအားဖြင့် နယ်စပ်ကျေးရွာတွေမှာ အစိုးရတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ အပါအဝင် မတရားမှု အမျိုးမျိုးကို တွေ့ကြုံခံစားနေရတဲ့ ကျမတို့ ကရင်အမျိုးသမီးတွေအရေးကို သူတို့ ထည့်သွင်းဆွေးနွေးခွင့်ရှိတော့မှာပါ။
ဆွေးနွေးပွဲတွေဟာ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ဖို့အတွက် အရေးပါတဲ့ ပထမခြေလှမ်းဆိုရင် မမှားပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီရောက်ဖို့အတွက် ပထမခြေလှမ်းဟာ အရေးကြီးသလို၊ ဒုတိယခြေလှမ်း၊ တတိယခြေလှမ်း စသဖြင့် ခြေလှမ်း တိုင်းဟာ အရေးပါလှပါတယ်။ ခြေလှမ်းတိုင်းကို ဂရုမစိုက်ရင် လှမ်းလျောက်ရင်း လမ်းပျောက်သွားတတ်ပါတယ်။ အစိုးရက ဝါဒဖြန့်ခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လမ်းလျောက်ရင်းလမ်းပျောက်လို့ ကရင်လူထုလိုချင်တဲ့ ငြိမ်းချမ်းရေးအ ဆင့်ကို မရောက်ခဲ့တဲ့ အဖွဲ့တွေကိုလည်း ကျမတို့ တွေ့ခဲ့ဖူးပါပြီ။
၁၉၉၄ ခုနှစ်မှာ KNU ကနေ ခွဲထွက်ပြီး အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖွဲ့ရဲ့ အဖြစ်အပျက်ကို အထင်ရှားဆုံး ဥပမာ အနေနဲ့ အတိုချုပ် ပြောပြချင်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီး နောက်ပိုင်းမှာ DKBA အဖွဲ့ဟာ အစိုးရနဲ့ သဘောတူ သတ်မှတ်ခဲ့တဲ့ နယ်မြေတချို့မှာ အထိုက်အလျောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရခဲ့ပါတယ်။ ဖားအံ ကနေ မြဝတီတလျောက် သူတို့လက်နက် သူတို့ကိုင်ပြီးတော့ အဖွဲ့အစည်း ခေါင်းစဉ် အောက်မှာ စီးပွားရေးတွေ လုပ်ခဲ့ကြပါတယ်။ ကျွဲကူးရေပါဆိုသလို အဲဒီဒေသတဝိုက်က လူတွေရဲ့ ဘဝလည်း အတန်အသင့် တိုးတက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ ကျမတို့လိုချင်တဲ့ တန်းတူရေးလား၊ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလားဆို တော့ မဟုတ်သေးပါဘူး။
ကရင်ပြည်နယ်ထဲမှာရှိတဲ့ ကရင်တွေအပါဝင် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနသင်္ာရီတိုင်းနဲ့ ဧရာဝတီတိုင်းမှာရှိတဲ့ ကရင်တွေအဖို့ DKBA လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးခဲ့ကြပါတယ်။ DKBA ရယူခဲ့တဲ့ ငြိမ်းချမ်းရေးဟာ ကန့်သတ်ခံ ငြိမ်းချမ်းရေးလို့ဘဲ ကျမပြောချင်ပါတယ်။ အစိုးရနဲ့ DKBA အဖွဲ့ကြား သေနတ်ပြောင်း တယောက်နဲ့ တယောက် မချိန်ကြဖို့ သဘောတူခဲ့တဲ့ ငြိမ်းချမ်းရေးသာဖြစ်ပါတယ်။ အလားတူဘဲ တခြား KNU ခွဲထွက် ငြိမ်းချမ်းရေးအဖွဲ့တွေဖြစ်တဲ့ ဖဒိုအောင်ဆန်း ဦးဆောင်တဲ့ အဖွဲ့အပါဝင် တပ်မဟာ(၇) မှူးဟောင်း ဗိုလ်မှူးချုပ်ထင်မောင် ဦးဆောင်တဲ့ အဖွဲ့တွေဟာ နယ်မြေတကွက်စာ ငြိမ်းချမ်းရေးကိုဘဲ ယူနိုင်ခဲ့ကြတာတွေ့ရပါတယ်။
ဒါကြောင့် ကရင်လူထုကြီးဟာ လွန်ခဲ့တဲ့ နှစ် ၆ဝ က တောင်းဆိုခဲ့တဲ့ ကရင်တကျပ်၊ ဗမာတကျပ် ဆိုတဲ့ တန်းတူအခွင့်အရေးနဲ့ အလှမ်းဝေးလျက် ရှိနေပါသေးတယ်။ ကျေးလက်နေပြည်သူတွေလည်း အစိုးရတပ်ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကစလို့ သတ်ဖြတ်မှု တွေအဆုံး လည်စင်းပြီး ခံနေရတုန်းဖြစ်ပါတယ်။ အဲဒီ ကရင်ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့၊ တန်းတူအခွင့်အရေး ရဖို့အတွက် အခုလို အစိုးရနဲ့ ဆွေးနွေးနေတဲ့ KNU အပေါ် ကျမတို့ မျှော်လင့်ချက်ထားမိတာ ဆန်းတော့ မဆန်းပါဘူး။ KNU အဖွဲ့အစည်းကလည်း ပြည်သူတွေရဲ့ ဆန္ဒကို ရှေ့တန်းတင်ပေးရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအ တွက် ပဏာမ စာချုပ် ချုပ်ဆိုပြီးတဲ့ နောက်မှာလည်း ကျမတို ့ကရင်လူထုကြားမှာ သဘောမတူမူတွေ များလာတာကိုလည်း တွေ့ရှိခဲ့ရတဲ့အတွက် နောက်ထပ် ကျမတို့ ကရင်အသိုင်းအဝိုင်းကြားမှာ သဘောထားကောက်ခံမှုကို အလေးအနက်ထား လုပ်ဆောင်မယ်ဆိုရင် အင်မတန်မှ ကောင်းမွန်မှာပါ။ လူထုသဘောထားတွေကို အခြေခံပြီးတော့ ဆွေးနွေးသွားသင့်ပါတယ်။ KNU ခွဲထွက်အဖွဲ့တွေ ရခဲ့တဲ့ ငြိမ်းချမ်းရေးလိုမျိုးကိုဘဲ အခွံပြောင်းပြီးပေးလာမယ်ဆိုရင် မိခင်အစည်းအရုံးဖြစ်တဲ့ KNU အနေနဲ့ လက်ခံသွားမယ်လို့တော့ မထင်ပါဘူး။ ကရင်ပြည်နယ် အလုံးစုံ ငြိမ်းချမ်းတဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ကျမတို့ ခေါင်းဆောင်တွေ ခြေလှမ်းတွေ အများကြီးလှမ်းရဦးမှာပါ။
ပြီးခဲ့တဲ့လဆန်းပိုင်း ငြိမ်းချမ်းရေးခရီးစဉ်မှာ KNU ကရင်ခေါင်းဆောင်တွေနဲ့ ဘားအံဒေသမှာရှိတဲ့ ကရင်လူထုတွေရဲ့ ပထမဆုံး အကြိမ် တွေ့ဆုံမူရဲ့ ဗီဒီယိုမှတ်တမ်းကို တွေ့တော့ ကျမအတော်လေးကို ပီတိ ဖြစ်ရပါတယ်။ ဒီလိုပဲ ကျမတို့ ကရင်ကြားမှာရှိတဲ့ နွေးထွေးတဲ့ ချစ်ချင်းကိုပြန်လည်ပြီး ယူရမှာပဲလေ။ တစ်ယောက်နဲ့ တစ်ယောက်၊ တဖွဲ့ နဲ့ တဖွဲ့လည်း အစတော့ စိမ်းနေကြမှာ ပေါ့။ နောက်တော့ သွေးက စကားပြောလာမှာပါ။ အမှန်တကယ်တော့ ကရင်ပြည်မှာ ကရင်ခေါင်းဆောင်နဲ့ ကရင်လူထုတွေ က မိခင် နဲ့ သားသမီးတွေလိုပါဘဲ။ အခုတော့ ကရင်ခေါင်းဆောင်တွေက ကရင်ပြည်မှာ ဧည့်သည်ပြန်လုပ်နေရတဲ့ဘဝကို ရောက်နေကြပါတယ်။ ကရင်ပြည်သူ အားလုံးကလည်း ကရင့်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မူအောက်မှာပဲ နေချင်ကြမယ်ဆို တာ ကျမ ယုံကြည်ပါတယ်။ ကရင်ခေါင်းဆောင်တွေဟာ ပြည်သူအတွက်၊ ပြီးခဲ့တဲ့ နှစ် ၆၀ကျော်က အစပြုခဲ့တဲ့ တော်လှန်ရေး အတွက်နဲ့ ယုံကြည်ချက်ကို အရင်းပြုပြီး အနှစ်နှစ်အလလ တောတောင်ထဲမှာပဲနေခဲ့ရတာရှိသလို အိမ်နီးချင်းနိုင်ငံမှာ ကပ်ပြီး နေခဲ့ရတာတွေလည်း ရှိပါတယ်။ အစိုးရကတော့ သူပုန်၊ သောင်းကျန်းသူ၊ အဖျက်သမား၊ ငပွေးတွေဆိုပြီး နှစ် ၆ဝလုံးလုံး KNU ခေါင်းဆောင်တွေကို သတ်မှတ်ခေါ်ဝေါ်ခဲ့တာပါ။ အဲဒီလို တစ်ဦးနဲ့တစ်ဦးလည်း တွေ့ဆုံခွင့်မရတဲ့ အခြေအနေတွေကြားမှာ ကျမတို့ ကရင်အားလုံး ဖြတ်သန်းလာခဲ့ရတာပါလား။
ကျမတို့တွေ စည်းလုံးဖို့ အချိန်တန်ပါပြီ။ DKBA, KNU/KNLA Peace Council ဆိုတဲ့ အဖွဲ့တွေကလည်း လက်ရှိ KNU က အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးကို တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းဝန်း ကူညီအကြံပေးသွားကြပါ။ KNU အနေနဲ့လည်း တကွက်စာ ငြိမ်းချမ်းရေး၊ တဖွဲ့စာ အကျိုးစီးပွားနဲ့ စီးပွားရေးစီမံကိန်းလုပ်ပိုင်ခွင့်တွေကို မကြည့်ဘဲ ကရင်လူထုတရပ်လုံး အကျိုးရှိမယ့် တန်းတူခွင့်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရတဲ့အထိ အစိုးရနဲ့ အကျေအလည် ဆွေးနွေးသွားသင့်ပါတယ်။ ဆွေးနွေးပွဲရဲ့ အရေးပါတဲ့ နောက်ဆုံးရလဒ်ကို လက်မှတ်ရေးထိုးတဲ့အခါမှာလည်း ကမာ္ဘ့အတိုင်းအတာနဲ့ အများလေးစားခံရ၊ နာမည်ရှိနေတဲ့ UN၊ ILO ၊ ICRC တို့လိုမျိုး အဖွဲ့တွေကို သက်သေထားသင့်ပါတယ်။ ဒါမှလည်း အစိုးရက လွယ်လွယ်ကူကူနဲ့ ကတိဖျက်လို့မရမှာပါ။
သဘောတူညီချက်တွေ အပြီးမှာလည်း ကရင်နယ်မြေတွေထဲကို ဆူနာမီလှိုင်းလုံးလို အရှိန်အဟုန်နဲ့ လိမ့်တက်လာမယ့် စီးပွား ရေးစီမံကိန်းတွေကို KNU အနေနဲ့ အလျင်စလို သဘောတူ အကောင်အထည်ဖော်မယ့်အစား ဒေသ တည်ငြိမ်မှုရှိအောင်၊ လူ့စွမ်းအားအရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင်၊ အများနေချင်စဖွယ် လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒေသတရပ်ဖြစ်အောင် အရင်ဆုံး ကြိုးပမ်းလုပ်ဆောင်သွားသင့်ပါတယ်။ ဒါမှလည်း ဒေသခံ ကရင်လူထုတွေဟာ သူတို့ဒေသမှာ ဝင်ရောက်လာတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အများနဲ့အတူရင်ပေါင်တန်းပြီး အလိုက်သင့် ဝင်ရောက်လုပ်ကိုင်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ လက်ရှိအတိုင်းသာ စီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုလိုက်မယ်ဆိုရင် နှစ်ပေါင်း ၆၀လောက် ပညာရေး၊ စီးပွားရေးလို အစစအရာရာ နောက်တန်းကျနေတဲ့ ရိုးသားတဲ့ ကျမတို့ ဒေသခံ ကရင်ပြည်သူတွေဟာ ခေတ်နဲ့အညီ အံ့ဝင်ခွင်ကျမဖြစ်တော့ဘဲ အများခိုင်းဘက်ပဲ ဖြစ်သွားမှာ ကျမ အင်မတန် စိုးရိမ်မိပါတယ်။
ကျမတို့ ကရင်ပြည်သူလူထုတွေလည်း သူတပါးရဲ့ အသုံးပြုခြင်းခံနေရတဲ့ ပြည်သူတွေမဟုတ်ပဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးကြပါ လို့ တိုက်တွန်းချင်ပါတယ်။ လာမယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျမတို့တတွေ စစ်မှန်တဲ့ငြိမ်းချမ်းရေးရချင်မှရမှာပါ။ မရရင် လည်း KNU ဥက္ကဌ ဗိုလ်ချူပ်တာမလာဘောပြောသလို ကြိုတင်ပြင်ဆင်မူတွေ ရှိထားသင့်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံး ရေး အစစအရာရာပေါ့။
အခုလို တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိသေးတဲ့ အချိန်အခါမှာ ကရင် ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း အစိုးရနဲ့ သူ့အပေါင်းအဖော် စီးပွားရေးသမားတွေ သွားရည်ယိုနေတဲ့ ကရင်မြေက သယံဇာတတွေကို အတတ်နိုင်ဆုံး ကာကွယ်ကြပါ။ စစ်မှန်တဲ့ တန်းတူ နိုင်ငံရေး၊စီးပွားရေး၊ ပညာရေး၊ ဘာသာရေးလုပ်ပိုင်ခွင့်တွေ ရတဲ့အခါကျမှသာ ကရင်ပြည် ရဲ့ သယံဇာတကို ဒေသခံတွေရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ထုတ်ယူသုံးစွဲဖို့ ရေရှည်စီမံချက်တစ်ခုလုပ်ဖို့ လိုအပ်နေပါပြီလို့ အကြံပြုရင်း………………
နော်ဝါးဝါးဖိုး
ကျမရေးတဲ့စာတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက်ဝေဖန်အကြံပြုချင်တယ်ဆိုရင်တော့ nawwahwahpoe@gmail.com ကို ပေးပို့ကြပါလို့ ဖိတ်ခေါ်ပါတယ်။
——– ။ ——— ။ ——–