ဩဂုတ်လ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
သံလွင်မြစ်ရေ ဒုတိယအကြိမ် လျှံတက်မှုကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည့် ဘားအံမြို့မှ ရေဘေးဒုက္ခသည် များအား ဩဂုတ်လ ၆ရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် မြန်မာနိုင်ငံ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက လာရောက်ကြည့် ရှုခဲ့ပြီး လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ဖားအံမြို့ခံတစ်ဦးက “မွန်းလွဲ ၂ကျော်နာရီမှာ ရောက်လာတယ်။ ဝန်ကြီးတွေ အများကြီးပါလာတယ်ဆိုတော့ ကားအစီး ၃ဝ လောက်ရှိတယ်။ ဒီက ဝန်ကြီးတွေကို တွေ့ဆုံပြီးတော့ ဒုက္ခသည်တွေကို သွားကြည့်တယ်။ ပစ္စည်းအထုပ်တွေဘာတွေ ဝေပေးတာ တော့တွေ့ရတယ်။”ဟု ပြောသည်။
ဒုသမ္မတနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၆ရက်နေ့မနက် ၈နာရီအချိန်တွင် မော်လမြိုင်မြို့တွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်း မြင့်နှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့်တွေ့ဆုံခဲ့ရာ ဝန်ကြီးချုပ် ဦးဇော်မင်းက ကရင် ပြည်နယ်၏ တည်နေရာနှင့် နယ်စပ် ထိစပ်မှု အခြေအနေများ၊ ယခုနှစ် ၂၀၁၁ခုနှစ်အတွင်း မိုးပိုမိုရွာသွန်းမှု အခြေအနေများကို ရှင်း လင်းပြီး ရေဘေးဒုက္ခသည်များအား ကူညီပေးမှု အခြေအနေများကို ရှင်းပြခဲ့သည်ဟု အစိုးရပိုင် သတင်းစာတွင် ဖော်ပြသည်။

ထို့အပြင် ဒုသမ္မတက မြို့တွင်းရှိ စာသင်ကျောင်း၊ အားကစားရုံများနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည့် ရေဘေးဒုက္ခ သည် ၂,၀၀၀ကျော်အား ကယ်ဆယ်ရေးပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်နှင့် ထောက်ပံ့ငွေများကို ကူညီပေးခဲ့သည်ဟု ဖားအံမြို့မှ ကရင်လူငယ်တစ်ဦးက အခုလို ပြောသည်။
“ဒုသမ္မတက ရေမြုပ်တဲ့သူတွေကို စားသောက်ကုန်ပစ္စည်းတွေအပြင် တအိမ်ထောင်ကို ငွေတစ်သောင်းစီ ပေးတယ်။ ကျနော်တို့ သိ ရသလောက်က သူ လှူသွားတာ ကျပ်သိန်း ၈ဝဖိုးလောက် ကုန်တယ်ဆိုပဲလေ။ နောက်ပြီး ဖားအံက ဝန်ကြီးအဖွဲ့တွေ တယောက် ပြီးတယောက် လာသလို ကျန်းမာရေး၊ ပညာရေးဌာနက လူတွေတော့ လာတာတွေ့တယ်။”ဟု သူက ဆိုသည်။
ဒုသမ္မတက ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိရေး၊ ရေကျ၍ စခန်းမှ နေအိမ်များသို့ ပြန်သည့်အခါ ရက် သတ္တတစ်ပတ်စာအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးရေး၊ ၎င်းဒုက္ခသည်များအတွက် ကျန်းမာရေးနှင့် သောက်ရေ သန့်ရရှိရန် ပြည်နယ်အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက်ပေးရေးတို့ကို မှာကြားခဲ့သော်လည်း ဒုသမ္မတ၏ လာရောက်ကူညီမှု သည် လက်ရှိအစိုးရ နာမည်ကောင်းရယူချင်သည့် ဟန်ပြကူညီခြင်းသာဖြစ်ပြီး ယခင်လက ဖြစ်ပွားခဲ့သည့် ရေကြီးမှုတွင်လည်း မည် သည့် အစိုးရအာဏာပိုင်များမှ လာရောက်ကြည့်ရှုခြင်းမရှိဘဲ လူမှုရေးအဖွဲ့များသာ ကယ်ဆယ်ကူညီခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ ခဲ့သူတဦးက ပြောသည်။
လူနေအိမ်များ စတင် ရေမြုပ်ခဲ့သည့် ဩဂုတ်လ ၃ရက်နေ့က မြင့်တက်လာသော သံလွင်မြစ်ရေမှာ ယခုအချိန်တွင် သိသိသာသာ ပြန်လည် လျော့ကျသွားပြီဖြစ်သော်လည်း မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများ ဒူးအမြင့်ထိ ရှိနေသေးသောကြောင့် ဒုက္ခသည်များ မှာ ယနေ့အထိ မိမိနေအိမ်သို့ ပြန်လည် နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ကိုယ်တိုင်သွားရောက်ကူညီခဲ့သူ ဖားအံမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“ရပ်ကွက်ထဲမှာ ရေတွေ အများကြီးရှိသေးတော့ ဘယ်သူမှ မပြန်ရသေးဘူး။ အချို့ရပ်ကွက်ထဲက တံတားလည်း မပေါ်သေးဘူး လေ။ ပြန်နေထိုင်နိုင်ဖို့တော့ တရက်နှစ်ရက် စောင့်ကြည့်ရအုံးမယ်။”ဟု သူမက ပြောသည်။
၎င်းရေဘေးဒုက္ခသည်များကို ဒုသမ္မတက လာရောက်တွေ့ဆုံမှု မပြုခင်ကတည်းက ဖားအံမြို့ရှိ သာရေးနာရေး ကူညီသူ လူမှုအဖွဲ့ အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ လာရောက်ကူညီကြသူများထဲတွင် ဖလုံ-စဝေါ်ပါတီမှ ပြည်သူ့လွှတ် တော်အမတ် ဒေါ်နန်းစေအွာနှင့် နယ်ခြားစောင့်တပ် (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်တို့လည်း ပါဝင်ခဲ့သလို ယခုအချိန်တွင် အဆိုပါ လူမှုအဖွဲ့အစည်းများက ဆက်လက် ကူညီပေးနေဆဲဖြစ်သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
သံလွင်မြစ်ရေလျှံတက်မှုကြောင့် ရွှေရင်မျှော် စေတီပရိဝုဏ်တွင် ရေဘေးသင့် အိမ်ထောင်စု ၁၈၃စု၊ အမှတ် (၂)ရပ်ကွက် သစ္စာ လမ်းရှိ ခါဒေမွလ်အစ္စလာမ် ပရဟိတစာသင်ကျောင်းတွင် အိမ်ထောင်စု ၆၃စု၊ အမှတ်(၁)ရပ်ရွက် သုမေဓာရာမ ကြားတောရ ကျောင်း၌ အိမ်ထောင်စု ၅၆စု၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ အိမ်ထောင်စု ၂၀၇စု၊ အမှတ်(၅)ရပ်ကွက် အောင် သံလွင် ပြည်နယ်အားကစားကွင်းတွင် အိမ်ထောင်စု ၁၁ဝစု၊ တောင်တန်းသာသနာပြု ပရဟိတကျောင်း၌ အိမ်ထောင်စု ၇ဝစု၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ (၆၁)စုနှင့် အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် အိမ်ထောင်စု ၂၆စု ဟူ၍ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
သံလွင်မြစ်ရေသည် ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ ဖားအံမြို့၌ ၈၃၃ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ် ရေမှတ်အထက် ၈၃စင်တီမီတာ (၂ဒဿမ ၇ပေခန့်) ကျော်လွန်နေပြီး နောက်ထပ် ၄၈နာရီအတွင်း ဖားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅ဝစင်တီမီတာအထက်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်က ဖားအံမြို့၌ မြို့တွင်းရှိ ရပ်ကွက်အတော်များများမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သလို လှိုင်းဘွဲမြို့၊ ရွှေဂွန်းကျေးရွာ ကမ်းပါးရေတိုက်စားမှုနှင့် မြဝတီမြို့များ၌လည်း ရေနစ်မြှုပ်များ ဖြစ်ပွားခဲ့သွားသော်လည်း ဖားအံမြို့ ရေနစ်မြုပ်မှု ယခုအကြိမ်လောက် ဆိုးရွားခြင်း မရှိပေ။


















