ခေါင်ဆူလိုင့်
လူနေအိမ်တစ်လုံးသာသာရှိတဲ့ မီးပုံကြီးဟာ နနွင်းရောင် ဝါထိန်နေတဲ့ သစ်ပုံကြီးကို လောင်ကျွမ်းတောက်နေပါတယ်။ မီးပုံကြီး ရဲ့ ပတ်ပတ်လည်မှာ ရာထောင်ချီတဲ့ လူထုပရိသတ်ကြီးက မိုးပေါ်ထောင်တက်နေတဲ့ မီးညွှန့်ကြီးကိုကြည့်လို့ လာမဲ့နှစ်မှာ မိမိ တို့အတွက် မကောင်းတာတွေ လောင်ကျွမ်းပျက်စီးသွားပြီး နိမိတ်ကောင်းတွေသာ ရောက်ရှိလာတော့မယ်လို့ ယုံကြည်ရင်း စိတ်လက်ချမ်းသာ ပျော်ရွှင်နေကြပါတယ်။
ဒီမီးပုံကြီးကတော့ တနှစ်တခါ ပြုလုပ်လေ့ရှိတဲ့ ကရင့်ရိုးရာ နယ်လုံးကျွတ် မီးပုံပွဲတော်ကြီးပဲ ဖြစ်ပါတယ်။ ပိုးကရင်လို “ဘုံး အောင်တယောင်း”လို့ခေါ်တဲ့ ဒီမီးပုံတော်ကို ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် ၁၈၅ကြိမ်ရှိနေပြီး ရှေးဘိုးဘွားတွေရဲ့ လက်ဆင့် ကမ်းအပြောအရ ဒီပွဲဟာ ရိုးရာယတြာချေပွဲကြီး ဖြစ်တယ်လို့ အသက် ၅၃နှစ်အရွယ် နန်းတီက ပိုးကရင်စကားနဲ့ အခုလို ပြော ပါတယ်။
“ဘိုးဘွားစဉ်ဆက် ဘုံးအောင်တယောင်းဟာ ယတြာချေတာကြီးတခုပဲ။ တနှစ်တခါ ပြန်လည်ဆုံဆည်းပြီး စုပေါင်းပွဲလုပ်ကြ တယ်။ သစ်ရင်းပင်(ကွာပင်) အကိုင်းကို မိသားစုဝင် ၅ယောက်ဆို ငါးပိုင်းခုတ်ယူ။ ကိုယ့်အရပ်နဲ့တိုင်း၊ ကိုယ့်အရပ်ထက် လက် သုံးလုံးလောက် ပိုတာဖြစ်စေ နနွင်းနဲ့လိမ်းပြီး ပွဲအထိုင်နေရာကို သွားတယ်။ နောက် ယူသွားတဲ့ အမွှေးနံ့သာရည်နဲ့ ပူဇော် ပသပြီး အခုလို ကျမနဲ့ ကျမသားသမီး၊ မိသားစုတွေ ရေကြီးတာဖြစ်စေ၊ မီးလောင်တာဖြစ်စေ မကောင်းတဲ့ ချွတ်ချော်မှုတွေ မရှိအောင် ကိုယ့်ရဲ့ လက်သည်းခြေသည်းနဲ့ ဆံပင်ချည်နည်းနည်းစီးထည့်ပြီး အမွှေးနံ့သာ ပက်ဖြန်းပြီး ဒီအဓိဌာန်မီးပုံကို ရှို့ တဲ့အခါ ကိုယ့်အပေါ်ကျရောက်လာမဲ့ မကောင်းတာ မှန်သမျှ ပါသွားပါစေပေါ့၊”
ဒီပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည်နေ့တိုင်း မပျက်မကွက် ကျင်းပပြုလုပ်လေ့ရှိပြီး ထူးခြားတာက ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ် ကျုံဒိုးမြို့က ရသေ့ကျောင်း ဘုန်းကြီးကျောင်းဝင်းအနီးမှာပဲ ပြုလုပ်လေ့ရှိပါတယ်။ ကျောင်းဝင်းရဲ့ အရှေ့ဘက်နား က ၅ဧကနီးပါးလောက်ကျယ်တဲ့ မြေပရဝုဏ်နေရာမှာပဲ ကျင်းပရတာ ဖြစ်ပါတယ်။ ဒီနေရာဟာ ကြက်၊ ဝက်၊ နွား စတဲ့ အိမ် မွေးတိရစ္ဆာန်တွေ မွေးမြူခွင့် မရှိသလို မီးပုံပွဲပြုလုပ်တဲ့ ယတြာ အောင်ရာအောင်ကြောင်းနေရာမို့ နှစ်စဉ် ဒီနေရာမှာပဲ မပျက်မ ကွက် ကျင်းပကြတာဖြစ်တယ်လို့ နန်းတီက ဗမာစကားနဲ့လည်း အခုလို ပြောသွားပါတယ်။
“အမိုးတို့ အဘိုးအဘွားတွေ ပြောဖူးတာက ဒီရိုးရာက အဲဒီ နယ်နိမိတ်မှာပဲ ရှိတယ်။ တနှစ်တခါ အဲဒီအမိုးတို့ ကျုံဒိုး၊ ရသေ့ ကျောင်းဘေးက အဲဒီနယ်နိမိတ်မှာပဲ အခွင့်အရေး ရှိတယ်။ ဒုံး၊ အငြိမ့်တို့ အကတွေဘာတွေနဲ့ ပျော်တာကတော့ ရိုးရာအငြိမ့် ကတာတို့ ဘာတို့က အမျိုးမျိုးပေါ့နော်။”
ပွဲမတိုင်ခင် လူတိုင်း လာရောက်စုပုံထားတဲ့ သစ်ပုံကြီးကို လပြည့်နေ့မနက်စောစော အရုဏ်မတက်ခင် မီးရှို့မဲ့ ရိုးရာဆရာတွေ က နက္ခတ်အချိန်တွေကို ကြည့်ပြီး မီးရှို့လိုက်ကြပါတယ်။ နက္ခတ်ကို ဘယ်လိုတွက်ချက်ကြသလဲဆိုတာကို မသိရှိတော့ မီးတိုင် လာပုံတဲ့သူတွေက မီးရှို့ချိန်မှာ မတွေ့လိုက်ကြပါဘူး။
မီးပုံကြီး မီးလောင်တဲ့အခါကျမှသာ အဲဒီတောက်လောင်လာတဲ့ မီးညွှန့်တွေရဲ့ အရောင်နဲ့ လောင်ကျွမ်းနေတဲ့ ပုံပန်းသဏ္ဍာန် ကိုကြည့်ရင်း လူတွေက လာမဲ့နှစ်မှာ မိမိတို့ရဲ့ ရပ်ရွာ၊ တိုင်းပြည်အတွက် အကောင်း၊ အဆိုး နိမိတ်ကို အဓိပ္ပါယ် ကောက်ယူ ကြပါတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ ရောဂါဘယတွေ ကင်းစင်ပပျောက်ဖို့အတွက် လုပ်ဆောင်တာဖြစ်ပေမဲ့ မီးလောင် တဲ့အချိန်မှာ မီးခိုးတွေ အူထွက်နေမယ်ဆိုရင် ရပ်ရွာ၊ တိုင်းပြည် တည်ငြိမ်မှုရှိတယ်လို့ နိမိတ်ကောက်ကြပါတယ်။

ဒီရိုးရာအရ မီးပုံပွဲအလေ့အထကို မလုပ်ဆောင်တဲ့သူ တစ်ယောက်ယောက်အပေါ် ဆိုးကျိုးဖြစ်တာမျိုးတော့ မရှိပေမယ့် ရိုးရာ ကို လုပ်ဆောင်လိုက်ခြင်းအားဖြင့် ကိုယ့်မိသားစုအတွက် ကျန်းမာရေး၊ စီးပွားရေးနဲ့ လုပ်ကိုင်စားသောက်မှုမှာ ကောင်းမွန်ပြီး စိတ်ပေါ့ပါးမှု။ သက်တောင့်သက်သာ ဖြစ်စေတယ်လို့ သက်ဝင်ယုံကြည်ကြကြောင်းကိုလည်း နန်းတီက ဆက်ပြောပါတယ်။
“အဘိုးအဘွားတွေ ပြောချက်အရ ဒီဟာ တနှစ်တခါ လုပ်ရင် ကောင်းတယ်။ စိတ်လည်း ချမ်းသာတယ်။ လုပ်စားကိုင်စားရတာ လည်း ပျော်တယ်တဲ့။ စီးပွားရေးလည်း ကောင်းတယ်။ ကိုယ်မလုပ်လို့ ကိုယ့်ကို ထိခိုက်တာ ဘာတာမရှိဘူး။ အဲဒါပြီးလို့ ပြန် သွားလို့ရှိရင် အဘွားက ပြောတယ်။ နှစ်သစ်ကူးပြီးသွားပြီ။ ဒီဘက်နှစ်ထဲမှာ ဆိုလို့ရှိရင် တို့ တောင်သူလယ်သမား သားသမီး တွေ ဘာပဲလုပ်စားလုပ်စား အောင်မြင်ပြီလို့ ပြောကြတာပဲ။” အရင်ခေတ်ကဆိုရင် အသက် ၅၀ကျော်နဲ့အထက် လူကြီးသူမ တွေပဲ ကိုယ့်မိသားစုအားလုံး ကိုယ်စား သစ်တိုင်လေးတွေကိုယူပြီး ခြေလျင်နဲ့တမျိုး၊ နွားလှည်းနဲ့ တဖုံ သွားကြပေမဲ့ အခု ခေတ်မှာတော့ ကလေးသူငယ်၊ လူငယ်လူရွယ်တွေနဲ့ သံဃာတော်တွေကအစ ပါဝင်ဆင်နွဲလာကြတော့ ဒီနယ်လုံးကျွတ် မီးပုံပွဲ တော်ဟာ အရင်ကထက် ပိုပြီး စည်ကားလာပါတယ်။
မီးပုံပွဲကို ပါဝင်ဆင်နွဲဖူးတဲ့ ကရင်လူငယ် စောကြည်ဝင်းကလည်း သူ့ရဲ့ခံစားချက်ကို အခုလို ပြောပါတယ်။ “အဲဒီမီးပုံပွဲထဲမှာ ကျနော်တို့ တနှစ်မှတခါပဲပေါ့။ ပျော်ကြပါးကြတာပေါ့။ ဝမ်းသာအားရတာပေါ့။ တယောက်နဲ့တယောက် ဆုံတွေ့ကြပြီးတော့ အဲဒီမီးပုံထဲမှာ မီးရှို့တဲ့အချိန်မှာ မကောင်းတဲ့ ကိုယ့်ရဲ့ ယတြာဇာတာတခုခုတော့ အားလုံးပါသွားပြီပေါ့။ ကောင်းတဲ့ဟာ ကျန် တာပေါ့။”
ကရင်လူမျိုးတွေဟာ ဘာသာရေးပွဲတော်၊ ဓလေ့ရိုးရာပွဲတော်တွေ အများကြီးရှိတဲ့အနက် ဒီမီးပုံပွဲတော်ဟာ နောက်ပိုင်းမှာ ပိုး ကရင်၊ စကောကရင် ဗုဒ္ဓဘာသာဝင်တွေသာ အများအားဖြင့် ဆက်လက် လုပ်ဆောင်နေတော့တဲ့အတွက် ဗုဒ္ဓဘာသာပွဲတော် တခုအဖြစ် ခေတ်လူငယ်တွေက သတ်မှတ်လာကြပါတယ်။ တကယ်ဆို ဒီမီးပုံပွဲဟာ ဘာသာမရွေး ဆင်နွဲနိုင်ကြသလို အခြား တိုင်းရင်းသားတွေလည်း ပါဝင်ဆင်နွဲနိုင်တဲ့ ကရင့်ရိုးရာပွဲတော်တခုပဲ ဖြစ်တယ်လို့ ကျုံဒိုးနယ်ခံ ဦးစောမြစိန်က ပြောပြသွားပါ တယ်။
ကိုယ့်ပြည်နယ်ဒေသအတွင်းမှာ နယ်မြေမအေးချမ်းမှုတွေ၊ တိုက်ပွဲတွေ ဘယ်လောက်ပဲ ဖြစ်နေပါစေ ကျုံဒိုးဒေသက ကရင်လူ မျိုးတွေကတော့ ဒီရိုးရာမီးပုံပွဲတော်ကို နှစ်တိုင်း မပျက်မကွက် ပြုလုပ်လေ့ရှိကြပါတယ်။